မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 3 mei 2010

စောဖီးလစ်ဆမ်ခေါ်ဖီးလစ်

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဧပြီလ ၃၀ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၂ မိနစ် .

စောဖီးလစ်ဆမ် ခေါ် ဖီးလစ်
ဝ' အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ - National Unity Party
အမည် စောဖီးလစ်ဆမ် ခေါ် ဖီးလစ်
မွေးသက္ကရာဇ် ၁၅. ၁. ၁၉၄၂
မွေးရပ်မြေ ကျိုင်းတုံမြို့၊ ရှမ်းပြည်နယ်
မွေးချင်း ၁၂ ဦးအနက် အကြီးဆုံး
သားသမီး သမီး ၂ ဦး
ပညာရေး ၁၉၆ဝ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဒဿနိကဗေဒ ဘာသာရပ်ဖြင့် BAဘွဲ့ ရရှိခဲ့သည်။ ၁၉၆၈-၈ဝ ခုနှစ်အတွင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)တွင် မြို့နယ် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့သည်။
တာဝန်နှင့် ပါတီ နာယက၊ ဝ' အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ (National Unity Party - NUP)
NUP သည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း ဆက်လက်ကျန်ရှိခဲ့သော ပါတီ ၁ဝ ပါတီအနက် တပါတီ ဖြစ်သည့် ဝ' ဖွံ့ဖြိုးတိုးတက်ရေးပါတီိအား နာမည်ပြောင်းလိုက်သော ပါတီဖြစ်သည်။
၎င်းတို့ပါတီတွင် တောင်သူလယ်သမား၊ ကုန်သည်များဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံရေးကျွမ်းကျင်သူများ မပါဝင်ဟု ဆိုသော်လည်း ဦးဆောင်သူများမှာ စစ်အစိုးရမှ ဦးဆောင်သည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးတွင် ပါဝင်ခဲ့ကြသူများ ဖြစ်သည်။

ပါတီအမည်ကို ဘာကြောင့် ပြောင်းလိုက်တာလဲ။

''တခြားရည်ရွယ်ချက် မရှိဘူး။ နှစ်ပေါင်း ၂ဝ မှာ ပါဝင်ခဲ့တဲ့ လူတွေက သေကုန်တာ၊ ရှိတဲ့လူတွေက အိုနာကျိုးကန်းပြီးတော့ မလုပ်နိုင်တာ ရှိတယ်ဆိုတော့ ပါတီဟောင်းမှာ လုပ်နိုင်ကိုင်နိုင်တဲ့လူ ပြန်ပေါင်းစပ်ပြီးတော့ (ပါတီကတော့ အဟောင်းပါ၊ နာမည်ပဲပြောင်းတာပါ) မြွေပွေးအရေခွံ လဲလိုက်တာပါ။ မြွေပွေးက မြွေပွေးပဲ။ အထိမ်းအမှတ်တံဆိပ်လည်း ပြောင်းလိုက်တာတွေ ရှိတယ်''

အမှတ်တံဆိပ်ကို ဘာကြောင့် ပြောင်းလိုက်တာလဲ။

''ဘိုးဘွားခေတ်ကတည်းကဝ'ပြည်နယ်မှာပြဿနာပေါ်ပေါက်လာသမျှကိုလာရောက်ဆုံဆည်းပြီး တရားစီရင် ဆုံးဖြတ်တဲ့ လွေမူးတောင်ခြေကို အမီပြုပြီးတော့ တောင်သုံးလုံးအလယ်မှာ ဝ' အမျိုးသားကိုယ်စားပြု ကြယ်ဖြူတလုံး၊ တောင်သုံးလုံး အလယ်ထိပ်မှာ ကြယ်ဖြူတလုံး ပါတယ်။ စပါးနှံထိပ်တည့်တည့်မှာ လယ်သမား၊ အလုပ်သမား၊ အမျိုးသား ကိုယ်စားပြုတယ်။ ကြယ်နီတလုံးတံဆိပ်ကို ဘယ်ညာကနေ ကျွဲဂျိုကုပ်ထားတယ်။ ဒါက ဒီခေတ်နဲ့၊ နိုင်ငံရေးနဲ့ သိပ်မဆီလျော်ဘူး။ ဒါဟာ ယဉ်ကျေးမှုအနေနဲ့ အထွတ်အမြတ်ထားပြီးတော့ သုံးမယ်ဆိုပြီး ပြောင်းလိုက်တဲ့ သဘောပါ။ ပါတီအလံမှာလည်း အဲဒီတံဆိပ်တွေလည်း ပြောင်းတပ်လိုက်တယ်''

ပါတီ မူဝါဒ

''ဆိုရှယ်ဒီမိုကရက်အစွန်းနှစ်ဘက်လွန်တဲ့ ပေါ်လစီကို စောင့်ကြည့်တယ်။ ဟိုဘက်ဒီဘက်ကောင်းတဲ့ ဟာကို ယူမယ်သုံးမယ်။ကျင့်သုံးမယ်အကောင်အထည်ဖော်မယ်။ အဲဒါ ကောင်းမကောင်းကို ဘယ်မှာ ဆုံးဖြတ်ရမလဲဆိုတော့ ကိုယ့်နိုင်ငံသား၊ ကိုယ့်နယ်မြေဒေသ၊ နယ်မြေသဘာဝ?ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုအရ ကိုက်ညီတယ်၊ အကျိုးပြုတယ်ဆိုရင် လက်ခံကျင့်သုံးသွားမယ်။ ကွန်မြူနစ်ဝါဒနဲ့ အရင်းရှင်ဝါဒပေါ့ကွာ၊ အစွန်းနှစ်ဘက်လွန်တဲ့ ဝါဒပေါ့နော်။ အရင်းရှင်နိုင်ငံတွေမှာကျတော့ ဘာလုပ်ငန်းလုပ်လုပ် အမြတ်အစွန်း ရှိရမယ်။ ရခိုင်နုန်း အမြတ်ရမှ အမြတ်လို့ ခေါ်တာကိုး။ အမြတ်ရှိမှ ပြည်သူအတွက် အကျိုးရှိမယ်လေ''

ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်

''မဝင်ရင်ပါတီပျက်သွားမှာပေါ့။ကျနော်တို့အမျိုးသားရေးကိစ္စ၊တိုင်းရင်းသားအရေးကိစ္စတွေ တတ်နိုင်တဲ့ဘက်က တတ်စွမ်းသမျှ အကြံပေး၊ ကူညီပံ့ပိုးပြီး နိုင်ငံရေး စာပွဲဝိုင်းထဲမှာ ထိုင်ပြီး ဆွေးနွေးနိုင်ဖို့ အခွင့်အရေးတွေရဖို့ အဓိကပါ။ ကိုယ့်တိုင်းရင်းသားတွေ ပါတီဖျက်လိုက်ပြီဆိုရင် တရားဝင် နိုင်ငံရေး စကားပြောဖို့ လိုင်စင်မရှိဘူး''

လွှတ်တော်ထဲမှာ တိုင်းရင်းသားအခွင့်အရေး ဘယ်လောက်ရနိုင်မယ်လို့ မျှော်လင့်လဲ။

''ဒါကတော့ ကျနော်တို့ ကိုယ်တိုင်ဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပဲ။ ဒါကတော့ အားလုံးသိမှာပါ။ ၁၄ နှစ် ရေးဆွဲလာတာ ဒီလောက်ဆိုသိမှာပါ။ ဒါကတော့ လောလောဆယ် မပြောချင်ဘူး။ ကျနော်တို့ကတော့ စစ်အစိုးရ ဘယ်လောက် ကန့်သတ်ကန့်သတ်၊ ဘယ်လောက် ဘောင်ခတ်ဘောင်ခတ် အဲဒီဘောင်အတွင်းကနေ ကိုယ့်အမျိုးသားရေး အခွင့်အရေးရဖို့ မရရအောင် တောင်းဖို့က ကျနော်တို့ တာဝန်လေ။ ပေးမပေးကတော့ သူတို့တာဝန်ပါ။ တကယ်လို့ ပါတီထောင်ခွင့် ရပြီဆိုရင် ဆွေးနွေး၊ အကြံကောင်းပေးနိုင်ဖို့၊ တိုင်းရင်းသားအရေးတွေကို ဥပဒေဘောင်အတွင်းကနေ ဆွေးနွေးပြပြီးတော့ စည်းရုံးမှာပါ''
''၂ဝဝ၈နိုင်ငံတော်ဖွဲ့စည်းပုံမှာကတိုင်းရင်းသားအခွင့်အရေးရှိတာတော့ရှိတယ်။ဒါပေမဲ့ရှိသင့်ရှိထိုက်သလောက် အပြည့်အဝမရှိသေးဘူးလို့ခံယူတယ်။ကောင်းတာလည်းပါသလို၊လိုတာလည်း ပါတယ်။တိုင်းရင်းသားအရေးအတွက်ဒီအထဲကနေရနိုင်သလောက်ယူမှာပေါ့။မရရင်လည်းမတတ်နိုင်ဘူး''

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ ဘယ်နှနေရာ ဝင်ပြိုင်ခဲ့လဲ။

''မဲဆန္ဒနယ်၎နေရာဝင်ပြိုင်ခဲ့တယ်။ဟိုပန်၊တန်ယန်း၂နေရာ၊ကျိုင်းတုံတနေရာမှမရခဲ့ဘူး။အရင်တုန်းက အဖွဲ့ဝင်၁သောင်းကျော်ရှိတယ်။အရင်ပါတီကနှစ်ပေါင်း၂ဝရှိပေမယ့်ပြည်သူနဲ့ထိတွေ့မှုမရှိတော့ ညီလာခံမှာ၁၄နှစ်သွားတက်ခဲ့တော့ ဝ'ပါတီကခါးပြတ်သွားတယ်။အခုမှထိတွေ့မှုရှိလာအောင် ကြိုးစားနေတယ်''
ဝ'ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်UWSAကိုနယ်ခြားစောင့်တပ်ပြောင်းဖို့ဖိအားပေးနေတယ်။ ဝ" ပါတီအနေနဲ့ကျဘာ့လို့ ရွေးကောက်ပွဲဝင်ရတာလဲ။
''ရွေးကောက်ပွဲမှာကျနော်တို့နိုင်ရင်လည်းအမြတ်၊မနိုင်ရင်လည်းအမြတ်ပေါ့ကွာ။ကျနော်တို့က ပူးပေါင်းပါဝင်ဆောင်ရွက်ပြီးယှဉ်ပြိုင်မှုတခုပဲလေ။ကျနော်တို့ အရွေးခံရတယ်ဆိုရင်လည်း အခန်းတကဏ္ဍကို ကျနော်တို့မူဝါဒနဲ့တခြားမူဝါဒတူညီတဲ့ပါတီတွေနဲ့ပူးပေါင်းပြီးတော့တိုင်းရင်းသားအရေးဆိုနိုင်ဖို့အတွက်ပါပဲ။ အကြံပြုနိုင်ဖို့၊ အရေးဆိုနိုင်ဖို့အတွက် ဖြစ်တယ်''
''UWSAကိုလည်းအသေးစိတ်မသိပေမယ့် သူတို့လည်း တိုင်းရင်းသား ရရှိခံစားရမယ့် တန်းတူအခွင့်အရေး၊ တန်းတူအဆင့်အတန်းမရှိမချင်းနိုင်ငံတော်ထဲမှာညီမျှခြင်း၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်း မရှိမချင်း သူတို့ အလေးအနက်စဉ်းစားပြီးတော့ လက်မခံတာနေမှာပါ။ ဒီလိုအခွင့်အရေးတွေ မရမချင်း ဒီလိုပဲ ငြင်းဆန်မယ့် သဘောရှိပါတယ်''
အပစ်ရပ်လက်နက်ကိုင်နယ်မြေတွေမှာရွေးကောက်ပွဲမလုပ်လောက်ဘူးလို့ခန့်မှန်းတာရှိတယ်။အဲဒီအပေါ် ဘယ်လိုမြင်လဲ။
''အပစ်ရပ်နယ်မြေတွေမှာရွေးကောက်ပွဲမလုပ်ဘူးဆိုရင်တော့နိုင်ငံတော်အတွက်ဝမ်းနည်းစရာ ကောင်းတာပေါ့။စိတ်မချမ်းမသာဖြစ်မှာပေါ့။ပြည်ထောင်စုတခုလုံးမှာအားလုံးပါဝင်နိုင်တဲ့ စည်းလုံးညီညွတ်မှုနဲ့ပါဝင်လုပ်နိုင်မယ်ဆိုရင် ပိုကောင်းတာပေါ့''
ဒေါ်အောင်ဆန်းစုကြည် မပါနိုင်လို့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမယ်လို့ ထင်သလား။
''သူ ပါဝင်ရင်တော့ ပိုကောင်းတာပေါ့။ သူလည်း သူ့ခံယူချက်အရ သူ့ဘက်က တရားမျှတမှု မရှိဘူးလို့ ပြောတယ်။ ကျနော်တို့ကတော့ အားလုံးတော့ ပူးပေါင်းပါဝင်ခိုင်းစေချင်တာပေါ့နော်''

လက်ရှိ ဝ' ပြည်နယ်တွင်း အဓိက ဘာတွေ လိုအပ်နေလဲ။

''ဝ ပြည်သူအတွက်တော့ စီးပွားရေးအရတော့ နည်းနည်းဖွံ့ဖြိုးတာတော့ ရှိပါတယ်။ ဒါပေမဲ့ ပြည်သူလူထုက ရပိုင်ခွင့် အခွင့်အရေးတွေ ရသင့်ရထိုက်တာ မရှိသေးပါဘူး။ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေး အများကြီး နိမ့်ကျပါသေးတယ်''

အာဏာရလာရင် ပြည်သူ့အကျိုးအတွက် အဓိက ဘာတွေ လုပ်ပေးမှာလဲ။

''အဓိက ဈေကွက်စီးပွားရေးစနစ်ပါပဲ။ ဈေးကွက်စီးပွားရေးစနစ်ကို တံခါးဖွင့်ပေးဖို့ပဲ။ ပြည်သူလူထုအတွက် အကယ်၍ ကိုယ့်နယ်တွေမှာ လုပ်ပိုင်ခွင့် ရှိလို့ရှိရင် ဝ' ဒေသမှာ တနယ်နဲ့ တနယ် မြေဆီမြေနှစ်တွေ မတူတော့ တတ်နိုင်တဲ့၊ ကျွမ်းကျင်တဲ့ မြေရှင်စနစ်အကြောင်းကို သိတဲ့လူတွေကို ခေါ်ပြီးတော့ မြေသုတေသန သုံးသပ်ပြီးတော့ အဲဒီဒေသမှာ ဘယ်လိုကောက်ပဲသီးနှံတွေနဲ့ ကိုက်မလဲ။ အဲဒီကိုက်တဲ့ သီးနှံတွေကို ပြည်ပ ဈေးကွက်စီးပွားရေး အကျိုးရှိမရှိ ချိန်ထိုးပြီးတော့ နယ်မြေသဘာဝနဲ့ ကိုက်ညီမယ့် မျိုးတွေကို ဖြန့်ဝေပြီးတော့၊ စိုက်ပျိုးပြီးတော့ ထွက်လာတဲ့အခါမှာ ပြန်ကောက်ပြီးတော့ ပြည်ပတင်ပို့ဖို့ ဖြစ်တယ်''
''အဓိကတော့တောင်သူလယ်သမားတွေအတွက်လုပ်မှာပါ။ကျနော်တို့နယ်မြေကဘိန်းတခုဖြစ်ထွန်းတယ်။ ဘိန်းပပျောက်သွားပြီဆိုတော့ဘိန်းအစားထိုးသီးနှံတခုမှအောင်မြင်မှုမရသေးဘူး။ဒါကြောင့် တောင်သူလယ်သမားတွေနာလန်ထူနိုင်အောင်၊ဘဝမြှင့်တင်ပေးနိုင်မှဖြစ်မယ်''












Geen opmerkingen: