မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 3 mei 2010

လွတ်မြောက်ခွင့်မရှိသေးသောဘဝများ

မေရနံ့
တနင်္လာနေ့၊မေလ၀၃ရက်၂၀၁၀ခုနှစ်၁၄နာရီ၀၇မိနစ် .
ကျမရန်ကုန်မှာနေတုန်းကအင်းစိန်ထောင်ကိုမကြာမကြာထောင်ဝင်စာတွေရောက်ရပါတယ်။အဲဒီတုန်းက ကျမတို့နေတာမြောက်ဒဂုံမြို့နယ်မှာဆိုတော့အင်းစိန်ကပြန်လာရင်သမိုင်းလမ်းဆုံမှာကားပြောင်းစီးရတာမို့ သမိုင်းလမ်းစုံကအရောင်အသွေးစုံလင်လှတဲ့လူတန်းစားအလွှာအသီးသီးကိုကျမတို့ညီမတွေ အမြဲတွေ့ကြုံနေကျပါ။
ကျမတို့ကတနင်္လာ၊ဗုဒ္ဒဟူးတရက်ရက်ကိုဦးဇင်းဦးဂမ္ဘီရနဲ့အကိုကြီးကိုအောင်ကျော်ကျော်အတွက် ထောင်ဝင်စာပို့နေကျမို့အဲဒီနေ့တွေဆိုရင်လူပန်းစိတ်ပန်းနဲ့အမြဲကြုံခဲ့ရတာအမှန်ပဲ။ထောင်ဝင်စာတွေ့တဲ့ နေရာမှာတာဝန်ကျဝန်ထမ်းတွေနဲ့အဆင်ပြေချောမွေ့မှုမရှိတာ၊သံတိုင်ကြားမှာဦးဇင်းနဲ့အကိုကြီးကို တွေ့ရလို့ စိတ်မကောင်းဖြစ်ရတာ၊လမ်းခရီးကလည်းဝေး-ကားကလည်းကျပ်ညပ်လှတဲ့အပြင်ကိုသွားရတာကလည်း နေပူကြီးထဲမှာဆိုတော့ဘာပြောကောင်းမလဲ။ဒါပေမဲ့တော်သေးတယ်၊ကျမတို့ညီအမတွေကအညာသူတွေမို့ နေပူဒဏ်ကိုသိပ်မမှုကြတာ။
ကျမတို့တနေ့ထောင်ဝင်စာသွားတွေ့ရာကအပြန်သမိုင်းလမ်းဆုံမှာမတွေ့တာအတော်ကြာပြီဖြစ်တဲ့ ကိုကျော်မင်းရဲ့ဇနီးနဲ့မထင်မှတ်ပဲသွားဆုံမိတယ်။ကိုကျော်မင်းဆိုတာကအလုပ်သမားအခွင့်အရေး လှုပ်ရှားနေတဲ့ကိုသူရိန်အောင်တို့အုပ်စုထဲကတယောက်ပါ။
သူတို့တွေအကျဉ်းထောင်ထဲမှာရောက်နေတော့သူ့ဇနီးနဲ့သမီးလေးကယောင်လည်လည်နဲ့ ကျန်နေခဲ့ရှာတယ်။ရိုးရိုးအေးအေးနဲ့စီးပွားရေးအလုပ်အကိုင်လည်လည်ဝယ်ဝယ်မရှိလှတဲ့သားအမိ၂ ယောက်အဖို့ရန်ကုန်မြို့ကြီးထဲမှာဘယ့်နှယ်ရှိမလဲစဉ်းစားကြည့်ရင်းနဲ့ကျမရင်ဘတ်တွေတောင် အောင့်တက်လာတယ်။ဘာပဲဖြစ်ဖြစ်ကျမတကယ့်ကိုလေးစားဂုဏ်ယူမိပါတယ်။
သမီးလေး၆လဝန်းကျင်အရွယ်လောက်နဲ့သွေးနုသားနုအချိန်မှာခင်ပွန်းသည်အတွက် ထောင်ဝင်စာတွေ့နိုင်ဖို့လုံးပမ်းနေရတာတော်ရုံသတ္တိတော့မဟုတ်ဘူး။ကျမလေသူတို့နဲ့တွေ့ရတာ တကယ့်ကိုစိတ်ထိခိုက်ရတယ်။သူ့ခမျာပင်ပန်းနွယ်နယ်နေပြီးသမီးလေးကလည်းအာဟာရပြည့်ပုံမပေါ်ဘူး။
မတွေ့ရတာအတော်ကြာပြီဖြစ်တာမို့ကိုကျော်မင်းဇနီးကိုကျမတွေ့တွေ့ချင်းတော့ဝမ်းသာမိတယ်။ ကိုကျော်မင်းတို့၊ကိုသူရိန်အောင်တို့အခြေအနေကိုသိချင်ဇောနဲ့မေးဖို့စဉ်းစားရင်းကသားသည်မိခင်ရဲ့ အခြေအနေကိုကြည့်ပြီးကျမစကားစမပြောနိုင်ဘဲဖြစ်နေတာ။ကိုကျော်မင်းတို့၊ကိုသူရိန်အောင်တို့ အုပ်စုတွေကဦးဇင်းဦးဂမ္ဘီရကိုအတော်ပဲသံယောဇဉ်ရှိကြသလိုဦးဇင်းကလည်းသူတို့အပေါ်အမြဲသတိတရ ရှိနေတာပါ။
‘‘ကိုကျော်မင်းကဦးဇင်းကျမ်းမာရေးကောင်းရဲ့လား၊အဆင်ပြေရဲ့လားဆိုပြီးမေးမေးနေတာဆရာမ’’လို့ ဆိုတော့မှကျမလည်းစကားပြောဖို့သတိရတော့တယ်။သြော်..သူတို့ခမျာရေဒီယိုသတင်း နားထောင်နိုင်ဖို့လည်းအခွင့်အရေးမရှိကြဘူးထင်တယ်။
‘‘ဦးဇင်းကိုဖမ်းမိသွားပြီ၊စစ်ကိုင်းတိုင်းစဉ့်ကိုင်မြို့မှာလေ’’လို့ကျမပြောလိုက်တော့ကိုကျော်မင်းရဲ့ဇနီးလည်း စိတ်မကောင်းဖြစ်သွားတယ်။ရွှေဝါရောင်တော်လှန်ရေးကြီးဖြစ်တာတော့သူတို့သိလိုက်တယ်။ဒါပေမဲ့ ဦးဇင်းလွတ်နေတုန်းပဲထင်တာတဲ့။ဦးဇင်းလွတ်နေရင်အလုပ်တွေတော်တော်လုပ်နိုင်အုံးမှာနော်။ဦးဇင်းက လူပင်ပန်း၊စိတ်ပင်ပန်းအတော်ခံနိုင်တာလို့ပြောရှာတယ်။
ဒီလိုပဲလေ၊ဘယ်တတ်နိုင်ပါ့မလဲ။အများအကျိုးစီးပွားအတွက်လုပ်မယ်လို့စပြီးစိတ်ကူးကတည်းက ကိုယ်ကျိုးစီးပွားကိုစတေးရတဲ့အနစ်နာခံမှုဆိုတာစတွေ့တော့တာပဲ။အဖမ်းခံရ၊နှိပ်စက်ညှဉ်းပန်းခံရ နောက်ဆုံးအသက်ပါပေးဆပ်ရတဲ့အထိအနစ်နာခံကြရတာ။ဦးဇင်းအာဘော်အတိုင်းပြောရရင်တော့ ဓမ္မထွန်းကားရေးအတွက်ပေးဆပ်နေရတာပေါ့။
အများသူငါလိုလက်ဖက်ရည်ဆိုင်တို့၊အအေးဆိုင်တို့မှာထိုင်နိုင်ဖို့အခွင့်အရေးမရှိကြတဲ့ကျမတို့တွေ ကားမှတ်တိုင်အမိုးစုတ်ကလေးကိုအမှီပြုပြီးကားစောင့်ကြရင်းစကားတွေပြောဖြစ်လိုက်တာ။ဒီလိုနဲ့ အချိန်လည်းလင့်လာပြီဆိုတော့ကိုကျော်မင်းကိုပြောလိုက်ပါနော်၊မေဒေးနေ့နီးလာလို့ သတိတရရှိနေပါတယ်။ဦးဇင်းလည်းသတိတရရှိပြီးတွေ့ချင်နေမှာပါ။တနေ့နေ့တချိန်ချိန်တော့ပြန်ဆုံနိုင်ဖို့ မျှော်လင့်နေပါတယ်ဆိုပြီးနှုတ်ဆက်ခဲ့ရတယ်။
ကားမှတ်တိုင်ကကျမတို့ထွက်လာတော့မှစိတ်ထဲမှာစနောင့်စနင်းဖြစ်နေတယ်။တကယ်ဆိုအကူအညီတခုခု ပေးလိုက်ရမှာ။သူတို့သားအမိ၂ယောက်အတွက်တကယ်လိုအပ်နေတာကိုစဉ်းစားမိပြီး အကူအညီတစုံတရာ မပေးလိုက်နိုင်တဲ့အတွက်အားမလိုအားမရဖြစ်နေရတယ်။
အေးလေ..ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာအရအကူအညီမပေးလိုက်နိုင်ပေမယ့်စိတ်ဓာတ်ပိုင်းဆိုင်ရာအရတော့ ရောက်တတ်ရာရာတွေပြောရင်းအများကြီးအကူအညီပေးလိုက်နိုင်တာမို့တော်သေးတယ်လို့ ဖြေသိမ့်မိတယ်။
ကိုသူရိန်အောင်တို့အုပ်စုကအလုပ်သမားအခွင့်အရေးတွေရရှိဖို့ကြိုးစားနေကြ၊ပညာပေးနေကြတဲ့ လူငယ်တွေစုပြီးလှိုင်သာယာဈေးလေးမှတ်တိုင်အနီးကအိမ်တလုံးမှာအခြေစိုက်ပြီးလှိုင်သာယာ စက်မှုဇုန်အတွင်းကအလုပ်သမားတွေရဲ့အလုပ်သမားအခွင့်အရေးရဖို့၊မိသားစုဝင်တွေအသိဥာဏ် ဗဟုသုတတိုးပွားပြီးလူမှုအဆင့်အတန်းမြင့်မားလာဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့သူတို့အပင်ပန်းဆင်းရဲခံပြီး ရပ်တည်လှုပ်ရှားနေကြတာ။
တကယ်တော့လွယ်လှတာမဟုတ်ဘူး။သူတို့လိုခေတ်ပညာတတ်လူငယ်တွေအနေနဲ့ကိုယ့်ဘဝ တိုးတက်လမ်းကိုတစိုက်မတ်မတ်ဆက်မလျှောက်တော့ဘဲအခြေခံလူတန်းစားအလွှာထဲကိုဆင်းပြီး ကိုယ့်လူမျိုး၊ကိုယ့်နိုင်ငံတိုးတက်ဖို့အတွက်လုပ်နေကြရတာနည်းတဲ့သတ္တိတော့မဟုတ်ဘူးလေ။
ကိုသူရိန်အောင်ကကလေးတွေအတွက်ပညာရေးနဲ့ပတ်သက်တဲ့လိုအပ်ချက်တွေကိုဦးဆောင်ပြီး စီစဉ်ပေးနေသလိုအလုပ်သမားတွေအတွက်လည်းမလစ်ဟင်းစေခဲ့ရဘူး။စက်မှုဇုန်တွေမှာ အလုပ်လုပ်နေကြတဲ့အနယ်နယ်အရပ်ရပ်ကလာတဲ့အလုပ်သမားတွေအတွက်အပတ်စဉ်ပညာပေး ဆွေးနွေးပွဲလေးတွေကိုအတတ်နိုင်ဆုံး ကြိုးစားပြီးလုပ်ပေးနေတာတွေ့ရတယ်။
ကိုဝေလင်းဆိုရင်လည်းခေတ်လူငယ်ဆန်တဲ့အနေအထိုင်ရှိပေမယ့်အပြောအဆိုနားထောင်ရတာ အနှစ်သာရပြည့်ရှာပါတယ်။
ကိုမျိုးမင်းကတော့အားမလိုအားမရစကားဆိုတယ်။''ကျနော်ကတကယ့်ကိုထိရောက်အောင် အလုပ်လုပ်ချင်တာ။ဒီလောက်နဲ့အားမရဘူးဆရာမရာ''တဲ့။
ကိုကျော်ကျော်ကတော့ရှေ့နေပေါက်စဆိုတော့ဥပဒေအကြောင်းတွေကိုတစ်တစ်ခွခွပြောလေ့ရှိတယ်။
လူ့အခွင့်အရေးအကြောင်းပြောရင်အာပေါင်အာရင်းသန်သန်နဲ့အချိန်နာရီတွေဂရုမစိုက်ဘဲပြောတတ်တဲ့ ကိုညီညီဇော်ကတော့အစ္စလာမ်ဘာသာဝင်ဖြစ်ပေမယ့်ဦးဇင်းတို့နဲ့ဆက်ဆံတဲ့နေရာမှာအဆင်ကိုပြေလို့။
၂ဝဝ၇မေလ၁ရက်နေ့မှာအလုပ်သမားအခွင့်အရေးနဲ့ပတ်သက်ပြီးဟောပြောတဲ့အစီအစဉ်တွေလုပ်မယ်၊ နောက်အလုပ်သမားတွေနဲ့အပြန်အလှန်ဆွေးနွေးတာတွေလုပ်မယ်လို့ဆိုပါတယ်။စက်မှုဇုန်ထဲက အလုပ်သမားတွေတင်မဟုတ်တော့ဘဲတခြားမြို့နယ်ကအလုပ်သမားထုနဲ့လည်း အဆက်အစပ်ရအောင်ဆိုပြီးအမေရိကန်စင်တာမှာလုပ်ဖို့တိုင်ပင်ကြပါတယ်။ဦးဇင်းကိုလည်းအသိပေးပြီး တိုင်ပင်တတ်တဲ့ကိုသူရိန်အောင်ကတော့တက်ကြွနေတာပါပဲ။
ဦးဇင်းကလည်းကိုသူရိန်အောင်ထက်မလျော့တဲ့အားပေးမှုတွေနဲ့တက်တက်ကြွကြွကူညီဖို့ အသင့်ဖြစ်နေပါပြီ။ဦးဇင်းကိုယ်တိုင်မတက်ရောက်နိုင်ပေမယ့်ဒီပွဲမှာလိုအပ်တာတွေအားလုံးကို တတ်နိုင်သလောက်အကူအညီပေးဖို့အဆင်သင့်ပါ။
အမေရိကန်စင်တာမှာဟောပြောဖို့အတွက်နေရာကိစ္စကိုလည်းအဆင်ပြေအောင်ကိုသူရိန်အောင်တို့ လုံးပမ်းကြရသေးတယ်။စင်တာမှာကစကားရည်လုပွဲတွေ၊ဥပဒေအကြောင်းရှင်းပြတဲ့အခမ်းအနားတွေက အမြဲလိုလိုရှိနေတတ်တာမို့မေလ၁ရက်နေ့မှာအခမ်းအနားလုပ်ဖို့အတွက်ကြိုပြီးပြင်ဆင်ရတာပါ။
ဧပြီလလောက်ကတည်းကဇုန်တိုင်းကအလုပ်သမားတွေရဲ့လက်ထဲကိုလက်ကမ်းစာစောင်တွေထည့်ပြီးပြီမို့ အလုပ်သမားတချို့လည်းတက်တက်ကြွကြွ ဖြစ်နေကြပြီ။
မေလ၁ရက်နေ့ဟာအပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ပါပဲ။အလုပ်သမားအားလုံးနဲ့သက်ဆိုင်တဲ့ အဲဒီနေ့မှာ အလုပ်သမားတွေရဲ့ရပိုင်ခွင့်တွေနဲ့ပတ်သက်ပြီးဟောပြောတာ၊အပြန်အလှန် ဆွေးနွေးဖလှယ်တာတွေလုပ်ဖို့အစီအစဉ်ရှိပါတယ်။ဦးဆောင်ဆွေးနွေးမယ့်သူကကိုသူရိန်အောင်လို လက်ကမ်းစာစောင်ထဲမှာကြေညာထားပါတယ်။
ကျမကိုယ်တိုင်ကအလုပ်သမားမဟုတ်ပေမယ့်ကိုသူရိန်အောင်တို့ဦးစီးဖွင့်လှစ်တဲ့စာသင်ကျောင်းလေးမှာ ဆရာမဖြစ်နေတော့ကိုသူရိန်အောင်ကလည်းလေ့လာသူအဖြစ်တက်ဖို့ဖိတ်တဲ့အတွက်ကျမလည်း တက်ခဲ့ရတယ်။
ကျမမေဒေးနေ့အခမ်းအနားကိုတက်ဖို့မနက်အစော၇နာရီခွဲလောက်စင်တာရှေ့ကိုရောက်သွားခဲ့ပါတယ်။ အနီးအနားတဝိုက်မှာခါတိုင်းနဲ့မတူလူစုံနေတာတွေတော့ဘေးပတ်ဝန်းကျင်မှာအသိမိတ်ဆွေရှိလို့ရှိငြား အကဲခတ်မိရင်းကလ္ဘက်ရည်ဆိုင်အဝင်နားမှာကိုညီညီဇော်ထိုင်နေတာတွေ့ရပါတယ်။
ကျမလည်းကိုညီညီဇော်ထိုင်နေတဲ့စားပွဲဆီဦးတည်ရောက်သွားတော့ကိုညီညီဇော်ကအခြေအနေ မကောင်းဘူး။ဒါပေမဲ့..ခပ်တည်တည်သာအကဲခတ်နေဆိုပြီးပြောတဲ့အတွက်ကျမလည်းအင်း..လို့ပဲ ပြန်ဖြေပြီးငြိမ်နေလိုက်တယ်။
ခဏကြာတော့ကိုညီညီဇော်က‘‘တွေ့လား..ဒီလက်ဖက်ရည်ဆိုင်နားရော စင်တာပတ်ဝန်းကျင်တလျှောက်လုံးခြေရှုပ်နေတာ။လှိုင်သာယာကမယကအဖွဲ့ဝင်တွေနဲ့ကြံ့ဖွံအဖွဲ့တွေ၊ ရဲတွေလည်းပါမယ်ထင်တယ်’’။အင်း..။ထင်တော့ထင်သား။ဒီလောက်အခြေအနေရှုပ်ပုံမျိုးဆိုရင် ရိုးရိုးသားသားတော့မဖြစ်နိုင်ဘူးဆိုတာ။ဒါပေမဲ့လည်းစင်တာထဲမှာအခမ်းအနားတက်ဖို့အတွက်လူတချို့ ရောက်နေကြပြီဆိုတာနဲ့နောက်ပြန်ဆုတ်ဖို့အစီအစဉ်မရှိတော့တဲ့အတွက်ကျမအရင်ဝင်သွားဖို့ ကိုညီညီဇော်ကအကြံပေးတယ်။အမေရိကန်စင်တာရဲ့ရှေ့တည့်တည့်ဒဂုံအမှတ်၃ကျောင်းထဲမှာ လူအဝင်အထွက်ကိုစောင့်ကြည့်နေတဲ့ထောက်လှမ်းရေးတွေကရှိနေတော့ကျမလည်း စာကြည့်တိုက်သွားမယ့်ဟန်နဲ့ပဲခပ်တည်တည်ဝင်ခဲ့ရတယ်။
ခဏကြာမှကိုညီညီဇော်၊ကိုကျော်ကျော်နဲ့အတူလူတချို့ဝင်လာကြတယ်။ဟောပြောပွဲကကိုသူရိန်အောင် လာမှစမှာဆိုတော့ကိုကျော်ကျော်တို့တွေကကြိုပြီးမိတ်ဆက်ထားနှင့်ရတယ်။သူတို့မိတ်ဆက်ပြီး မိနစ်ပိုင်းအတွင်းမှာပဲအခြေအနေကပြောင်းလဲသွားပါတော့တယ်။
ကိုသူရိန်အောင်နဲ့အတူထွက်လာတဲ့အလုပ်သမားတွေအားလုံးလှိုင်သာယာတပ်ထိပ်မှတ်တိုင်နားမှာ အဖမ်းခံရပြီဆိုတဲ့သတင်းကိုကိုညီဇော်ကတိုးတိုးလေးလာပြောတယ်။ဒါပေမယ့်ဒီပွဲကို ပြီးအောင်လုပ်မယ်လို့လည်းဆက်ပြောပါတယ်။ကျမလည်းပွဲပြီးအောင်စောင့်နားထောင်မယ်လို့တွေးပြီး ဆက်ထိုင်နေလိုက်တယ်။
သိပ်မကြာပါဘူး။ကိုကျော်ကျော်ကဦးဆောင်ပြီးအလုပ်သမားအခွင့်အရေးအကြောင်းတွေကိုရှင်းပြတယ်။ အလုပ်သမားတွေနဲ့အပြန်အလှန်မေးခွန်းထုတ်နေလိုက်တာမနက်၁၁နာရီလောက်မှပွဲပြီးသွားတယ်။ ပွဲပြီးတာနဲ့တက်လာတဲ့ပရိသတ်ကိုအသင့်ဝယ်ထားပြီးသားထမင်းကြော်ထုပ်လေးတွေကမ်းပေးတယ်။
ထမင်းစားပြီးလို့မကြာခင်ဘဲသတင်းတပုဒ်ထပ်ကြားရပြန်တယ်။အဖမ်းခံရတဲ့ကိုသူရိန်အောင်တို့နောက်ကို ဦးဇင်းလိုက်သွားတယ်တဲ့။ကျမဆိုတာပူထူသွားတာပဲ။ကျိုက္ကဆံစစ်ကြောရေးစခန်းဘက်အထိ လိုက်သွားတယ်ဆိုတဲ့သတင်းကြောင့်ပိုပြီးအစိုးရိမ်ကြီးခဲ့ရတယ်။
ကျမစိတ်သောကရောက်နေပြီဆိုရင်လုပ်တတ်တဲ့အကျင့်အတိုင်းအိမ်ကိုပြန်ချင်လာတယ်။အိမ်မှာကျမ တိုင်ပင်လို့ရတဲ့သူတွေနဲ့တိုင်ပင်မယ်ဆိုပြီးကျမအိမ်ပြန်ဖို့ပြင်တော့တယ်။ကိုညီဇော်ကတော့ တားသေးတယ်။ ဒီအချိန်ထွက်ရင်အပြင်ကလူတွေနဲ့မလွယ်ဘူး၊ဖမ်းလိမ့်မယ်လို့သတိပေးပါတယ်။
ဖမ်းကာမှဖမ်းရောပဲ၊ကျမပြန်မယ်လို့ဇွတ်ပြောရင်းထွက်လာခဲ့တယ်။ထင်တဲ့အတိုင်းပါပဲ။အပြင်မှာလူတွေ တအုပ်ကြီးကိုတွေ့ရပေမယ့်ကျမကတော့စင်တာကငှားထားတဲ့စာအုပ်လေးတွေကိုပိုက်ပြီး ပြန်ထွက်လာခဲ့တယ်။ကျမကပဲဟန်အမူအယာကောင်းနေလို့လားမပြောတတ်ဘူး။ဘာတခုမှအစစ်အဆေး မခံလိုက်ရဘူး။
ညနေ၆နာရီလောက်မှဦးဇင်းရောက်လာတော့ကျမလည်းစိတ်သက်သာရာရသွားခဲ့ရတယ်။ ကိုသူရိန်အောင်နဲ့အလုပ်သမားတချို့တော့ကျိုက္ကဆံထဲရောက်သွားပြီ၊ဘယ်လိုလိုက်ရမလဲမသိဘူး။ ဦးဇင်းလည်းစိတ်ညစ်နေတယ်။
အကျိုးရလဒ်တခုကကိုသူရိန်အောင်ကိုတပ်ထိပ်မှာစတားပြီဆိုကတည်းကဦးဇင်းနဲ့ဖုန်းအဆက်အသွယ် ရလိုက်တာကျိုက္ကဆံကွင်းနားရောက်တဲ့အထိပဲ။ဒါကြောင့်အခြေအနေအားလုံးကိုဦးဇင်းက သိလိုက်ရတဲ့အတွက်တချို့ကိစ္စတွေကိုဦးဇင်းကစီမံခန့်ခွဲနိုင်ဖို့ကြိုးစားရတော့တယ်။
နောက်နေ့ကျမတို့အိမ်ကိုလူတယောက်ရောက်လာပြီးပြောတယ်။ကိုညီညီဇော်တို့လည်း အဖမ်းခံလိုက်ကြရတယ်။ကိုညီညီဇော်နဲ့ကိုကျော်ကျော်ကအဲဒီနေ့တနေ့လုံးစင်တာထဲကနေမထွက်ကြဘဲ နေပြီးညနေလောက်အဆင်ပြေနိုင်ပြီဆိုမှထွက်လိုက်တာ။ဒါပေမဲ့အဖမ်းခံလိုက်ရတယ်ဆိုပြီးပြောတယ်။
ကျမတို့လည်းစိတ်မကောင်းဖြစ်ရုံမှတပါးဘာမှလုပ်မပေးနိုင်တော့ဘူးလေ။အဲဒီနောက်ဦးဇင်းကတော့ ကိုညီညီဇော်တို့အိမ်ကိုမကြာမကြာသွားပြီးအားပေးစကားပြောတယ်။လိုအပ်တာကိုကူညီနိုင်အောင် ကြိုးစားပေးခဲ့တယ်။
ကျမတို့နိုင်ငံမှာတိုင်းပြည်နဲ့လူမျိုးကောင်းကျိုးအတွက်အလုပ်လုပ်ချင်စိတ်ရှိတဲ့လူငယ်တွေ၊ အလုပ်လုပ်နေကြတဲ့ခေတ်ပညာတတ်လူငယ်တွေအများကြီးပါ။ဒါပေမဲ့သူတို့လည်း ပိတ်ပင်တားဆီးခံရတာတွေ၊ဖမ်းဆီးနှိပ်စက်ခံရတာတွေနဲ့ကြုံကြုံနေရတော့ကျမတို့တိုင်းပြည်ရဲ့ အနာဂတ်အတွက်တကယ့်ကိုရင်လေးစရာကောင်းနေပြီလို့ဆိုချင်ပါတယ်။
အခုဆိုကိုသူရိန်အောင်တို့အကျဉ်းထောင်တွင်းရောက်သွားခဲ့တာ၃နှစ်ပြည့်သွားခဲ့ပါပြီ။ဒီ၃နှစ်အတွင်း အကျဉ်းထောင်ထဲမှာပဲအချိန်ကုန်နေရတာဘယ်လောက်များခံရခက်လိုက်မလဲ။တကယ့်လွတ်မြောက်မှုကို ကိုယ်တိုင်လည်းလိုချင်ကြသလို၊အများသူငါအတွက်လည်းလွတ်မြောက်မှုတစုံတရာရှိအောင် ကြိုးစားပေးနေကြတဲ့လူငယ်တွေဘယ်တော့များမှလွတ်မြောက်နိုင်ကြပါ့မလဲလို့ကျမတွေးနေရင်းက….၂ဝ၁ဝ..မေလ၁ရက်နေ့တောင်ကျော်ခဲ့ပြန်ပြီကော။

Geen opmerkingen: