မဇ္ဈိမသတင်းဌာန
သောကြာနေ့၊မေလ၀၇ရက်၂၀၁၀ခုနှစ်၂၀နာရီ၀၆မိနစ် .
ဒေါ်စန္ဒာဦး
(ဒုဥက္ကဋ္ဌ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ)
အမည် ဒေါ်စန္ဒာဦး
ရာထူးနှင့်ပါတီ ဒုဥက္ကဋ္ဌ(မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ)
မိဘအမည် ဦးလှမြင့်၊ ဒေါ်ယဉ်စိန်
မွေးသက္ကရာဇ် ၁၆. ၅. ၁၉၆၈
မွေးချင်း ၅ ဦးအနက် အကြီးဆုံး
မွေးရပ်ဇာတိ ဘိုကလေးမြို့၊ ဧရာဝတီတိုင်း
အလုပ်အကိုင် အထက်တန်းရှေ့နေ။
အိမ်ထောင် မရှိ
ပညာအရည်အချင်း ဘိုကလေးမြို့ အထက ၁ မှ ၁၉၈၄ ခုနှစ်တွင် ၁ဝ တန်းအောင်မြင်ခဲ့။
ပုသိမ်တက္ကသိုလ်မှ ၁၉၉၂ ခုနှစ်တွင် အဝေးသင် (ပထဝီ) ဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့။ အထက်တန်းရှေ့နေ စာမေးပွဲကို ၁၉၉၂ ခုနှစ်တွင် ဖြေဆိုအောင်မြင်ခဲ့။
ပါဝင်ခဲ့ဖူးသည့်
နိုင်ငံရေးအဖွဲ့ မရှိ
နိုင်ငံရေးလောကသို့
ဝင်ရောက်သည့်ခုနှစ် မတ်လ၊ ၂ဝ၁ဝ ခုနှစ်။
ဝင်ရောက် ယှဉ်ပြိုင်မည့်
မဲဆန္ဒနယ် ဘိုကလေးမြို့နယ် (ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်)
လက်ရှိလိပ်စာ အမှတ် ၅၃၊ ပိတောက်လမ်း၊ ၄ ရပ်ကွက်၊ ဘိုကလေးမြို့၊ ဧရာဝတီတိုင်း။
ပါတီ ထောင်ခွင့်
လျှောက်ထားသည့်ရက် ဧပြီလ ၆ ရက်၊ ၂ဝ၁ဝ ခုနှစ်။
ပါတီထောင်ရန်
ခွင့်ပြုခဲ့သည့်ရက် ဧပြီလ ၂၉ ရက်၊ ၂ဝ၁ဝ ခုနှစ်။
ရွေးကောက်ပွဲ ဝင်ရသည့် အကြောင်းရင်း
“ကျမက ရှေ့နေလုပ်ငန်းနဲ့ အသက်မွေးပါတယ်။ များသောအားဖြင့် လယ်သမားတွေကိစ္စကို ရှေ့နေလိုက်ပေးရပါတယ်။ အဲဒီအခါကျတော့ လက်ရှိကျင့်သုံးနေတဲ့ လယ်ယာမြေဥပဒေက လယ်သမားတွေအတွက် အဆင်မပြေဘူး။ ပြုပြင်ဖို့လိုအပ်နေတာ တွေ့ရတယ်။ နောက်ပြီးတော့ ကျမတို့ဒေသမှာ နာဂစ်မုန်တိုင်း တိုက်ပြီးသွားတဲ့နောက်ပိုင်း အရမ်းဆင်းရဲ ဒုက္ခရောက်ကြတယ်”
“အဲဒီအခါကျတော့ ကျမက နယ်တွေတောတွေမှာ သွားပြီးကူညီတယ်။ ဝေခြမ်းရေး လုပ်တဲ့အချိန်မှာပဲ နိုင်ငံရေးလုပ်ချင်တဲ့ စိတ်တွေက ပေါ်ပေါက်လာပြီးတော့ အခုလို ပါတီထဲကိုဝင်ပြီး နိုင်ငံရေးလုပ်ဖြစ်တာပါ။ ပြည်သူတွေ လိုအပ်တာတွေကို အပြင်မှာ ပြောနေမယ့်အစား လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ ကိုယ့်နိုင်ငံသားအားလုံး အကျိုးစီးပွားကို လွှတ်တော်မှာ ပြောဆိုပြီး အကျိုးပြုနိုင်မယ်လို့ မျှော်လင့်လို့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ဖြစ်တာပါ”
မဲဆွယ်မည့် အခြေအနေ
“ကျမတို့ပါတီက ဒါတွေ လုပ်ပါမယ်ဆိုပြီး ဥပဒေမူကြမ်းကို ချပြတယ်။ ကြိုက်တဲ့လူက ပါတီဝင်ကြတယ်။ ဒီလောက်ပါပဲ။ မဲဆွယ်တာမျိုးတော့ မရှိသေးပါဘူး။ တချို့ဆို ပြည်တွင်း မီဒီယာတွေက ကျမတို့ကို အင်တာဗျူးထားတာတွေ ဖတ်ပြီး အလိုအလျောက် ပါတီလာဝင်တဲ့ လူတွေလည်း ရှိပါတယ်။ လောလောဆယ်တော့ အလုပ်တဖက်နဲ့ဆိုတော့ မဲဆွယ်စည်းရုံးတာမျိုး မလုပ်ရသေးပါဘူး”
၂ဝ၁ဝ ရွေးကောက်ပွဲဖြင့် မြန်မာပြည်ကို ပြောင်းလဲနိုင်မည့် အခြေအနေအပေါ် အမြင်
“ဒီရွေးကောက်ပွဲသာ လျောလျောလျူလျူနဲ့ အကောင်အထည်ပေါ်ဖြစ်ရင် လက်ရှိအာဏာရ အစိုးရထက်စာရင် လွှတ်တော်မှာ မဲခွဲပြီးဆုံးဖြတ်ရမှာ ဖြစ်တဲ့အတွက် အများကြီး ပြောင်းလဲသွားမယ်။ လွှတ်တော်ကနေ လူအများစုက မဲနဲ့ဆုံးဖြတ်မှာ ဖြစ်တဲ့အတွက် အခုထက်စာရင် အများကြီး ပိုကောင်းလာမယ်လို့ ယုံကြည်ပါတယ်”
“ခုလောလောဆယ်လက်ရှိအခြေအနေမှာကျမတို့ ပြည်သူတွေဆန္ဒတွေကဘာမှပြောဆိုနိုင်ခွင့်မရှိဘူး။ အဲဒီအချိန်မှာကျမတို့တွေကပြည်သူတွေရဲ့ကိုယ်စားပြုပြီးလွှတ်တော်မှာပြောခွင့်ဆိုခွင့်ရလာမယ်။ ဘာပဲဖြစ်ဖြစ်ကျမတို့လိုချင်တာတွေအကုန်လုံးမဖြစ်ဘူးဆိုရင်တောင်တချို့တဝက်တော့ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ပြောင်းလဲကျင့်သုံးရန်ကြိုးစားမည့်လယ်ယာမြေဥပဒေ
“ကျမလယ်မြေကိစ္စအမှုလိုက်တိုင်းမှာစိတ်ထဲမှာအတော်လေးခံစားရတာရှိတယ်။ကျမတို့နိုင်ငံမှာလယ်ယာမြေ နိုင်ငံပိုင်ဥပဒေနဲ့သွားနေတာကြာလှနေပါပြီ။အဲဒီဥပဒေရဲ့အဓိပ္ပာယ်ကလယ်ယာမြေကိုနိုင်ငံတော်ကပဲပိုင်တယ်။ လုပ်ပိုင်ခွင့်ကိုသီးစားချပေးတယ်။ကျမတို့ဒေသမှာနာဂစ်ဖြစ်ပြီးသွားတဲ့နောက်ပိုင်းလယ်သမားတွေမှာလယ်လုပ်ပိုင်ခွင့် ရထားပေမယ့်လယ်စိုက်ဖို့အရင်းအနှီးလုံးဝမရှိတော့ဘူး။လယ်မြေတွေပဲကျန်ခဲ့တဲ့အခါကျတော့ငွေကိုသူများဆီက ချေးဖို့ဆိုရင်လည်းကျမတို့ဘိုကလေးမှာကလယ်ယာမြေကိုပဲအဓိကထားပြီးချေးရတော့ငွေရှင်တွေကလည်း ထုတ်မချေးချင်ဘူး”
“အဲဒီအချိန်မှာ လယ်ယာမြေဟာ ပုဂ္ဂိလပိုင်များ ဖြစ်မယ်ဆိုရင် လယ်ဧက ၁ဝဝ ပိုင်တဲ့လူက ဧက ၂၅ လောက် ရောင်းလိုက်ရင် လယ်စိုက်ဖို့ အရင်းအနှီး ပြန်ရတာပေါ့။ ဒါပေမဲ့ အခုအချိန်မှာ နိုင်ငံတော်ကပဲ ပိုင်တယ်ဆိုတော့ လယ်ယာမြေက ရောင်းချလို့မရဘူး။ ပေါင်နှံလို့မရတော့ လယ်စိုက်ဖို့ အရင်းအနှီး မရှိဘူး ဖြစ်နေတယ်”
“အဲဒီအခါကျတော့ လယ်ယာမြေကို လယ်သမားတွေက မစိုက်ဘူးဆိုရင်လည်း အစိုးရက သိမ်းမယ်။ စိုက်မယ်ဆိုပြန်တော့လည်း အရင်းအနှီးမရှိ။ အဲတော့ လယ်သိမ်းခံရမှာ စိုးတာနဲ့ လယ်သမားက စပါးကို ဟိုနား နည်းနည်းပက်၊ ဒီနား နည်းနည်းကြဲနဲ့ အယောင်ပြပြီး စိုက်တဲ့အခါကျတော့ နိုင်ငံတော်ရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ လယ်တွေက စပါးမထွက်တော့ဘူး။ အဲတော့ အဲဒီလို လက်ရှိအခြေအနေနဲ့ အဆင်မပြေဖြစ်နေတဲ့ လယ်ယာမြေ နိုင်ငံပိုင်ဥပဒေကို လယ်ယာမြေ ပုဂ္ဂလိကပိုင်ဆိုင်ခွင့် ဥပဒေဆိုပြီး ပြင်ဖို့ စိတ်ကူးထားပါတယ်။ အဲဒါကို ဥပဒေမူကြမ်း နံပါတ် ၁၃ မှာ ထည့်သွင်းထားပါတယ်”
ပြောင်းလဲရန်ကြိုးပမ်းမည့်ပညာရေးစနစ်နှင့်အခြားဥပဒေများ
“ကျမတို့ကရွေးကောက်ပွဲကော်မရှင်မှာတင်ပြထားတဲ့ဥပဒေမူကြမ်းထဲမှာပညာရေးနဲ့ပတ်သက်ပြီးတော့တင်ပြထားတာ ရှိပါတယ်။အဲဒီမှာပညာသင်ကြားရေးဆိုင်ရာပုဂ္ဂလိကကျောင်းများတည်ထောင်ခွင့်ဥပဒေ၊ပညာသင်ကြားရေး ဆိုင်ရာတိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်သို့လုပ်ပိုင်ခွင့်ဆိုင်ရာလွှဲပြောင်းခြင်းဥပဒေဆိုပြီးပါပါတယ်။ကျောင်းသား တွေငွေကုန်ကြေးကျသက်သာပြီးတော့နိုင်ငံသားအားလုံးလည်းသင်နိုင်အောင်ရည်ရွယ်ပြီးတော့ကျမတို့ ဥပဒေမူကြမ်းထဲမှာထည့်သွင်းရေးဆွဲထားတာပါ”
“ပုဂ္ဂလိက သစ်တော ထူထောင်ခွင့် ဥပဒေကို မူကြမ်း ၂၃ မှာ တင်သွင်းထားပါတယ်။ နောက်ပြီးတော့ ပြည်တွင်း ထွက်ကုန်ပစ္စည်းတွေကို နိုင်ငံအတွင်း လွတ်လပ်စွာ သယ်ယူရောင်းချခွင့် ဥပဒေလည်း ထည့်သွင်းထားတယ်။ ဒါဆိုရင် လူနည်းစုကပဲ လက်ဝါးကြီးအုပ်ပြီး ရောင်းလို့ မရတော့ဘူး။ ဥပဒေနဲ့အညီ လုပ်လို့ရသွားတာပေါ့။ နောက်ပြီးတော့ စိုက်ပျိုးမွေးမြူရေးမြေများ အခြားနည်း အသုံးပြုခြင်းဆိုင်ရာ ကန့်သတ်ဥပဒေ၊ နိုင်ငံခြား ငွေကြေးဆိုင်ရာ ဥပဒေစသဖြင့် ပြည်သူတွေအတွက် အကျိုးရှိမယ့် ဥပဒေတွေကို အများကြီး ထည့်သွင်းရေးဆွဲထားပါတယ်”
ပြောင်းလဲလိုသည့်စီးပွားရေးစနစ်နှင့်လူနေမှုဘဝ
“လျှပ်စစ်မီး၊သောက်သုံးရေဒါတွေနဲ့ပတ်သက်လို့လည်းလွှတ်တော်မှာတင်ပြဖို့ စိတ်ကူးထားတာရှိတယ်။ ကျမတို့ မြို့မှာဆိုရင် မီးက မလာတာ များတယ်။ ဒါတွေက ကျမတို့ ငယ်ငယ်ကတည်းက ခံစားလာတဲ့ ခံစားချက်တွေဆိုတော့ မီးလာချိန်ပိုများအောင် အဲဒီအချိန်ကျတော့ ကြိုးပမ်းသွားမှာပါ”
“စီးပွားရေးကတော့ ဈေးကွက်စီးပွားရေးစနစ်၊ တံခါးဖွင့်ဝါဒပေါ့နော်။ အဲဒါကို ကျင့်သုံးနိုင်အောင် လုပ်သွားမယ်။ အဲဒီအခါ တခြား နိုင်ငံက လူတွေက မြန်မာပြည်မှာ လာပြီးတော့ စက်ရုံ၊ အလုပ်ရုံတွေ ရင်းနှီးမြှုပ်နှံကြရင် ကျမတို့ နိုင်ငံသူ နိုင်ငံသားတွေ အလုပ်ရကြပြီး တနေ့တာ ဝင်ငွေတွေလည်း တိုးတက်လာကြပါလိမ့်မယ်။ အခုလက်ရှိကတော့ တနိုင်ငံလုံး လူအများစု စီးပွားရေး အဆင်မပြေကြပါဘူး”
ရွေးကောက်ပွဲသို့ ကြံဖွံ့ဝင်ရောက်လာသည့်အပေါ်အမြင်
“ရွေးကောက်ပွဲထဲကိုပြည်ခိုင်ဖြိုးဝင်လာတဲ့အပေါ်တော့ကျမမစိုးရိမ်ပါဘူး။အဓိကရွေးချယ်မှာပြည်သူဖြစ်တယ်။ ပြည်သူတွေကသူတို့နှစ်သက်တဲ့လူတွေကိုအမတ်အဖြစ်ရွေးချယ်သွားမှာပဲ။သူတို့ရဲ့ငွေအား၊လူအား၊ လုပ်နိုင်အားအပေါ် စိုးရိမ်မယ်ဆိုရင်လည်း စိုးရိမ်လို့ရပါတယ်။ ဒါပေမဲ့ ပြည်သူက သိပါတယ်။ ဘယ်သူက သူတို့အကျိုးကို လုပ်ပေးမယ့် လူတွေဆိုတာ။ အဲတော့ ကျမကတော့ အားမလျော့ပါဘူး။ နိုင်ငံသား အားလုံးရဲ့ အကျိုးကို လွှတ်တော်မှာ ပြောဆိုဆောင်ရွက်မယ်လို့ ခံယူထားတဲ့အတွက် အောင်မြင်မယ်လို့ပဲ ယုံကြည်ထားပါတယ်။ ရှိတဲ့ အားနဲ့ပဲ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ”
လွှတ်တော်များတွင်စစ်တပ်က၂၅ရာခိုင်နှုန်းနေရာထူထားသည့်အပေါ်အမြင်
“ဒါကတော့ အာဏာလက်ထဲ ရှိထားတဲ့လူက ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတော့ သူတို့အကျိုးအတွက်ကို ဒီလိုမျိုးပဲ လုပ်ကြတာပဲလေ။ အဲဒီတော့ စစ်တပ်ကတော့ ၂၅ ရာခိုင်နှုန်း ပါနေတာကို အမတို့က ပြောလို့ မရဘူးလေ။ လက်ခံရမှာပဲ။ ကျန် ၇၅ ရာခိုင်နှုန်းထဲမှာပဲ နေရာရအောင် ဝင်ယူသွားမယ်”
vrijdag 7 mei 2010
Abonneren op:
Reacties posten (Atom)
Geen opmerkingen:
Een reactie posten