မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 8 mei 2010

နိုင်ငံရေးသမားကြီးဦးရဲထွန်းကွယ်လွန်

ဆလိုင်း ဟံသာစန်း
စနေနေ့၊မေလ၀၈ရက်၂၀၁၀ခုနှစ်၁၃နာရီ၀၆မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းတွင်လူသိများသည့်ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်) ဒုဥက္ကဋ္ဌဟောင်းဦးရဲထွန်း(၇၄နှစ်)သည်သွေးဖြူ၊သွေးနီဥနှင့်အရိုးကင်ဆာရောဂါများဖြင့်ယမန်နေ့ နေ့လည်ပိုင်းတွင်ကွယ်လွန်သွားသည်။
ထိုင်းနိုင်ငံဘန်ကောက်နှင့်စင်္ကာပူနိုင်ငံရှိဆေးရုံများသို့သွေးဖြူဥ၊သွေးနီဥကျဆင်းသည့်ရောဂါကို သွားလာကုသနေရင်းအရိုးကင်ဆာပါထပ်မံတွေ့ရှိလာပြီးယင်းရောဂါများဖြင့်ကွယ်လွန်သွားခြင်း ဖြစ်သည်။
“သူ့မှာပထမဖြစ်တဲ့ရောဂါကသွေးဖြူဥ၊သွေးနီဥလျော့နည်းကျဆင်းတဲ့ရောဂါ။အဲဒါကိုဘန်ကောက်မှာကုရင်း နောက်တော့အရိုးကင်ဆာတွေ့လာတယ်။အဲဒါစင်္ကာပူမှာခြင်ဆီကိုဆေးထိုးကုရင်းကနေနောက်တော့ ရောဂါကဆိုးလာတော့ဆရာဝန်က၅လလောက်ခံမယ်ပြောပေမယ့်အခုတလပဲခံလိုက်တယ်”ဟုနိုင်ငံရေး လုပ်ဖော်ကိုင်ဘက်ဟောင်းနှင့်လက်ရှိဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဦးသုဝေကမဇ္ဈိမကိုပြောသည်။
ဦးရဲထွန်းသည်ဖဆပလခေတ်တရားရေးဝန်ကြီးဟောင်းဦးချန်ထွန်း၏အကြီးဆုံးသားဖြစ်ပြီးထင်ရှားသည့် ရှေ့နေတဦးဖြစ်ကာအောင်မြင်သည့်စီးပွားရေးသမားလည်းဖြစ်သည်။ထို့အပြင်နိုင်ငံတကာကုမ္ပဏီများတွင် သူ၏စီပွားရေးရင်းနှီးမြှုပ်နှံမှုများရှိနေပြီးပြည်တွင်းစီးပွားရေးကုမ္ပဏီ၃ခုတွင်ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သူ ဖြစ်သည်။
မူလကစစ်အစိုးရကျင်းပမည့်၂၀၁၀ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ရန်ဦးသုဝေနှင့်ပူးပေါင်းကာ ပါတီတည်ထောင်ပြီးဒုဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သော်လည်းပါတီတွင်းသဘောထားကွဲလွဲမှုကြောင့်ယခုနှစ် အစောပိုင်းတွင်နုတ်ထွက်ခဲ့သည်။
“သူကအခုလက်ရှိဘယ်ပါတီမှဝင်မထားဘူး။ဒါပေမဲ့ပါတီတိုင်းနဲ့အဆက်အသွယ်ရှိတယ်။နိုင်ငံရေးကိုတအားဝါသနာပါတယ်။သူနေကောင်းတုန်းကကျောင်းသားတွေ၊နိုင်ငံရေးပါတီတွေအတွက်အလှူငွေတွေကူပြီး ကောက်ခံပေးခဲ့တဲ့သူပါ”ဟုဦးသုဝေကပြောသည်။
ဦးရဲထွန်းသည်နိုင်ငံရေးလှုပ်ရှားမှုကြောင့်၎ကြိမ်ထက်မနည်းထောင်ကျခဲ့ဖူးသည်။၁၉၇၅ခုနှစ်ဇန်န၀ါရီလတွင်ဖြစ်ပွားသည့်ဦးသန့်အရေးအခင်းတွင်ဦးဆောင်ပါဝင်ခဲ့သဖြင့်ထောင်ဒဏ်၁၀ကျခံခဲ့ရသည်။ ထို့အပြင်၁၉၈၉ခုနှစ်ဇူလိုင်လတွင်မြေအောက်အဖွဲ့အစည်းများနှင့်ဆက်သွယ်သည်ဟုဆိုကာ ဗိုလ်ချုပ်ကြီးခင်ညွန့်ဦးဆောင်သည့်စစ်ထောက်လှမ်းရေးကဖမ်းဆီးခဲ့သည့်၅၂ဦးထဲတွင်ဦးရဲထွန်းလည်းပါဝင်သည်။
“သူကကျမတို့ရဲ့မိသားစုလိုခင်မင်ရင်းနှီးတဲ့လူ၊ပြီးတော့နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တယောက်ပါ။ သူကွယ်လွန်သွားတဲ့အတွက်အရမ်းပဲစိတ်မကောင်းဖြစ်ရပါတယ်။ဒီလောက်ထိမြန်မြန်ကြီးဖြစ်သွားမယ် မထင်ဘူး”ဟုဒီမိုကရက်တစ်ပါတီ(မြန်မာပြည်)အထွေထွေအတွင်းရေးမှူးဒေါ်ချိုချိုကျော်ငြိမ်းကမဇ္ဈိမကို ပြောသည်။
ဦးရဲထွန်း၏ကျန်ရှိသည့်ရုပ်ကလာပ်ကိုမနက်ဖြန်နံနက်၉နာရီတွင်အမှတ်၅၃၊ပြည်လမ်း၊မရမ်းကုန်းမြို့နယ်ရှိ နေအိမ်မှရေဝေးသုဿာန်သို့ပို့ဆောင်မီးသဂြိုလ်မည်ဖြစ်သည်။
ကွယ်လွန်ချိန်တွင်ဇနီးဖြစ်သူဒေါ်ဥမ္မာမော်၊သား၁ဦး၊သမီး၁ဦးနှင့်မြေး၂ဦးကျန်ရစ်ခဲ့သည်။ဇနီးဖြစ်သူ ဒေါ်ဥမ္မာမော်သည်နန်းရင်းဝန်နှင့်အဓိပတိဟောင်းဒေါက်တာဘမော်၏သမီးဖြစ်သည်။



Geen opmerkingen: