ရန်ပိုင် Friday, May 07, 2010
.“ကမ္ဘာမကြေဘူး၊ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့မော်ကွန်းတွေ”ဟုလူငယ်များကသံပြိုင်သီဆိုလိုက်ချိန်တွင်ကြက်သီး တဖျန်းဖျန်းထမိသည်ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)စည်းရုံးရေးမှူးတဦးဖြစ်သူကိုသန်းအောင်က ကြာသပတေးနေ့တွင်ကြုံတွေ့ခဲ့ရသည့်ရန်ကုန်မြို့NLDရုံး၏နောက်ဆုံးနေ့မြင်ကွင်းအကြောင်းကို ပြောပြသည်။
ယမန်နေ့ကNLDရုံးချုပ်ဝင်ပေါက်တံခါးကိုသော့ခတ်နေသောအဖွဲ့ဝင်တချို့(ဓာတ်ပုံ-AP)
“လူငယ်တွေကကမ္ဘာမကြေဘူးသီချင်းကိုဘယ်လိုရည်ရွယ်ချက်နဲ့အထပ်ထပ်ဆိုလည်းမသိဘူး၊၂နာရီ နီးပါးလောက် ဆိုကြတယ်၊ အားလုံး ခံစားရတာပေါ့”ဟု ရေနံချောင်း မြို့နယ်မှ ကိုသန်းအောင်က ပြေသည်။
ပါတီ အဖျက်သိမ်း ခံရမည့် လမ်းကြောင်းအား အဖွဲ့ဝင်များ ရွေးချယ် ခဲ့ခြင်းကို နားလည်ပေး နိုင်ပါသည်ဟု သူက ဆိုသည်။
“လူငယ် တွေကတော့ ခံနိုင်ရည် ရှိတဲ့စိတ် မွေးနိုင်ပေမယ့်၊ သက်ကြီး ရွယ်အို တွေကတော့ အသက် အရွယ် ကလည်း နောက်ဆုံးပိုင်း ရောက်နေတော့ မျက်ရည်လေးတွေ ၀ဲပြီး ကြေကြေ ကွဲကွဲနဲ့ ပြောကြ ဆိုကြ နှုတ်ဆက်ကြတယ်” ဟု သူက ဆက်ပြော ပြသည်။
အဖွဲ့ချုပ်ခေါင်းဆောင်ဦးဝင်းတင်ကလည်း“မနေ့ကမြင်ကွင်းကတော့ဝမ်းနည်းဝမ်းသာမျိုးစုံပဲ၊ပါတီ တည်ထောင်စကအသက်၃၀၊၄၀တန်းဝင်တွေလည်းအခုဆိုရင်အသက်၆၀တန်းရောက်နေကြပြီး စိတ်မကောင်းလို့ငိုကြယိုကြပေါ့”ဟုပြောပြသည်။
“ဒီရုံးမှာ နှစ်ပေါင်းများစွာ ၀င်ထွက် သွားလာပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွေကို လုပ်ခဲ့ကြတာ၊ ရုတ်တရက်ကြီး ရပ်လိုက်တော့ ကြေကြေ ကွဲကွဲ ဖြစ်ရတာပေါ့” ဟု သူက ဆိုသည်။
ယခင်ကရုံးသို့နေ့စဉ်အဖွဲ့ဝင်၆၀၊၇၀ခန့်ဝင်ထွက်သွားလာခဲ့ကြကြောင်း၊ ယမန်နေ့က ရန်ကုန် နှင့် နယ်မှ အဖွဲ့ဝင်၅၀၀ကျော်ရုံးတွင်တွေ့ရကြောင်း သူက ပြောပြသည်။
NLD ရုံးသို့ ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသား ဘလော့ဂါ နေဘုန်းလတ်၏ မိဘများလည်း သွားရောက် အလှူလုပ်ခဲ့သည်ဟု သိရသည်။
“လာတဲ့သူတွေကိုထမင်းကျွေးတယ်၊နေဘုန်းလတ်နေ့လို့တောင်ဆိုနိုင်တယ်”ဟုဦးဝင်းတင်ကဆက်လက် ပြောပြသည်။
သူ၏“ဘာလဲဟဲ့ လူ့ငရဲ”အမည်ရှိထောင်တွင်းအတွေ့အကြုံစာအုပ်ကိုဖြန့်ချိရောင်းချသည်ဟုလည်း ဆိုသည်။
NLDသည်ပြည်သူ့ဘက်မှရပ်တညှ်ုလူထုနိုင်ငံရေးကိုဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး၊နိုင်ငံရေး အခြေခံသည့် လူမှုရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်မည်ဟု ဦးဝင်းတင်က ပြောသည်။
“ရွှေဂုံတိုင်ကြေညာစာတမ်းကိုသဘောတူလို့အားလုံးလက်မှတ်ထိုးခဲ့ကြတာပဲ၊အခုအခြေအနေမှာတော့ စစ်အစိုးရ ဥပဒေတွေ အောက်မှာ ဒူးထောက်ဖို့ လမ်းကို မရွေးပါဘူး”ဟုသူကဆိုသည်။
စစ်အစိုးရက NLD ကို ရွေးကောက်ပွဲ ၀င်ရေးအတွက် ဥပဒေများ ပြန်လည် ပြင်ဆင်ပေးမည် ဆိုလျှင်လည်း ၂၀၀၈ အခြေခံ ဥပဒေကိုပါ ပြင်ဆင်ရန် လိုအပ်သည်ဟု သူက ပြောသည်။
ဗဟို အမျိုးသမီး အထောက်အကူပြု အဖွဲ့ တာဝန်ခံ တဦး ဖြစ်သူ ဒေါ်ခင်စောဌေးက “NLDရဲ့နောက်ဆုံးနေ့ လို့ ပြောကြတယ်၊ဒါပေမယ့်အမျိုးသမီးတွေကတော့စိတ်သစ်၊လူသစ်ပြည်သူကိုချစ်တဲ့ဆန်ခါတင်တွေနဲ့ အသစ် ပြန်စတာ၊လုံးဝစိတ်ဓာတ်မကျဘူး”ဟုသူကဆိုသည်။
လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သော ဒေါက်တာ ဒေါ်မေ၀င်းမြင့်၊ ဒေါ်လှလှမိုး၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်မေနှင်းကြည်တို့အပြင် အဖွဲ့ဝင်များ ဖြစ်သော ဒေါ်မြင့်မြင့်အေး၊ ဒေါ်အေးမိ၊ မခိုင်၊ ဒေါ်ရှမ်းမတို့လည်း လာရောက်သည်ဟု ဒေါ်ခင်စောဌေးက ပြောသည်။
ပါတီ၏နောက်ဆုံးနေ့ကိုNLDခေါင်းဆောင်များဖြစ်သည့်ဦးခင်မောင်ဆွေ၊ဦးစိန်လှဦး၊ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့်၊ဒေါက်တာဝင်းနိုင်တို့တက်ရောက်ခြင်းမရှိကြောင်းသိရသည်။
ထိုခေါင်းဆောင်များသည်အမျိုးသားဒီမိုကရေစီအင်အားစု(NationalDemocraticForce)အမည်ဖြင့် ယမန်နေ့ကပါတီသစ်တခုကိုဖွဲ့စည်းခဲ့သည်။
အဖွဲ့ချုပ်သည်ဆိုင်းဘုတ်နှင့်အလံများမိမိတို့သဘောအရဖြုတ်ချခြင်းကိုပြုလုပ်မည် မဟုတ်ဟု ကြေညာထားသော်လည်းပဲခူးမြို့နှင့်မတ္တရာမြို့တို့၌မြို့နယ်ဆိုင်းဘုတ်များကိုဖြုတ်ချထားပြီး ဖြစ်ကြောင်းသိရသည်။
၁၉၈၈ခုနှစ်တွင်တည်ထောင်ခဲ့သည့်NLDသည်၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲအတွင်နိုင်ငံတ၀န်း မဲဆန္ဒနယ် အများစုတွင်အနိုင်ရခဲ့သည်။သို့သော်လည်းအစိုးရကထိုရွေးကောက်ပွဲရလဒ်ကိုမကြာသေးမီက ပယ်ဖျက်လိုက်သည်။
ထိုရွေးကောက်ပွဲအပြီးအနှစ်၂၀အကြာတွင်ရွေးကောက်ပွဲထပ်မံကျင်းပရေးအတွက်အစိုးရကဥပဒေများကို ထုတ်ပြန်ခဲ့သည်။အစိုးရ၏ဥပဒေများကတရားမျှတခြင်းမရှိသဖြင့်လက်မခံနိုင်ဟုဆိုကာNLDက တုံ့ပြန်ခဲ့သည်။
မတ်လ ၈ ရက်နေ့တွင်ထုတ်ပြန်ကြေညာသောရွေးကောက်ပွဲဥပဒေတွင်တည်ဆဲတရားဝင် နိုင်ငံရေးပါတီများကို ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲကော်မရှင်တွင်မှတ်ပုံတင်ရန် ပြဋ္ဌာန်းထားသည်။ မှတ်ပုံတင်ခြင်းမရှိသောပါတီသည်နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဟု ထိုဥပဒေက ဆိုသည်။
ထို ရက်ပေါင်း ၆၀ သည် ယမန်နေ့က ကုန်ဆုံးသွားပြီ ဖြစ်သည်။

Geen opmerkingen:
Een reactie posten