မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 7 mei 2010

ခွပ်ဒေါင်းအလံအသုံးပြုသောနိုင်ငံရေးပါတီကန့်ကွက်ခံရ

ကိုထွေး Friday, May 07, 2010
.နိုင်ငံရေး ပါတီသစ် နှစ်ခုက သုံးစွဲမည့် အလံများသည် မြန်မာ့သမိုင်း အတွက် အရေးပါသည့် သင်္ကေတများ ဖြစ်နေသဖြင့် သုံးခွင့်မပြုရန် ရန်ကုန် အခြေစိုက် စာပေ အနုပညာရှင် ၄၀ က ရွေးကောက်ပွဲ ကော်မရှင်သို့ စာရေးသား ပေးပို့ တောင်းဆိုလိုက်သည်။
၂၀၀၇ခုနှစ်စက်တင်ဘာလအတွင်းကပြင်သစ်နိုင်ငံပဲရစ်မြို့မြန်မာသံရုံးပြင်ပတွင်ဆန္ဒပြသူများ ကိုင်ဆောင်ထားသည့်ခွပ်ဒေါင်းအလံကိုတွေ့မြင်ရစဉ် (ဓာတ်ပုံ- Hughes Léglise-Bataille)
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်နှင့်၈၈မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)နိုင်ငံရေးပါတီတို့ကအသုံးပြုမည့်အလံများသည် ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA)နှင့်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ABSFU)တို့ကအသုံးပြုနေသည့် အလံများနှင့် တူနေသဖြင့်ယင်းသို့ကန့်ကွက်ခြင်းဖြစ်ကြောင်းဆိုသည်။
တမျိုးသားလုံးနှင့် သက်ဆိုင်သည့် မြန်မာ့သမိုင်း၏ အရေးပါသော အလံ၊ သင်္ကေတ များသည် ပါတီနိုင်ငံရေး ကင်းရှင်းစွာ ရှိမှသာ သမိုင်းတန်ဖိုး မယုတ် မလျော့ဘဲ နောင်လာ နောက်သားများ အတွက် ကျန်ရှိနေမည် ဖြစ်ကြောင်းလည်း ယင်းစာတွင် ပါရှိသည်။
ကန့်ကွက်လွှာတွင်လက်မှတ်ရေးထိုးခဲ့သောဝါရင့်သတင်းစာဆရာကြီးတဦးဖြစ်သူလူထုစိန်ဝင်းက နိုင်ငံရေးပါတီထူထောင်ခြင်းသည်လူတဦးချင်း၏လွတ်လပ်ခွင့်ဖြစ်သည့်အတွက်တစုံတရာ မပြောကြားလိုသော်လည်းကျောင်းသားသမဂ္ဂအဖွဲ့ချုပ်အလံကိုအသုံးပြုထားခြင်းသည်သင့်လျော်ခြင်းမရှိဟု ဆိုသည်။
“ကျောင်းသား သမဂ္ဂဆိုတာ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်ကတည်းက နိုင်ငံလွတ်လပ်ရေးအတွက် ရှေ့တန်းက ပါခဲ့တဲ့ အဖွဲ့ အစည်း တရပ်ဖြစ်တယ်လေ၊ ဒီအလံဟာ တဦးတဖွဲ့ အသင်းအပင်းနဲ့ဆိုင်တာ မဟုတ်တော့ဘူး၊ တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ အဓိပ္ပာယ် သက်ရောက်သွားပါပြီ၊ ပါတီအဖွဲ့အစည်းတရပ်က ကိုယ်ပိုင်အနေနဲ့ အသုံးမပြုသင့်တော့ဘူးလို့ ယူဆပါတယ်”ဟု လူထု စိန်ဝင်းက ပြောသည်။
စာရေးဆရာ မောင်ဝံသကလည်း “ကျနော်ကတော့ ကျောင်းသား သမဂ္ဂဟောင်း တယောက်အနေနဲ့ လက်မှတ်ထိုးလိုက်တာပဲ၊ ခွပ်ဒေါင်းကို သူ့ပါတီ အဓိပ္ပာယ်နဲ့သူလုပ်တာက ကိစ္စမရှိဘူးလေ၊ အခုဟာက ကျောင်းသားသမဂ္ဂ အလံအတိုင်း ယူသုံးထားတော့ ကျနော်တို့က အဲဒါကို ပြင်ပေးပါပေါ့”ဟု ဆိုသည်။
ဒေါင်းကို မြန်မာဘုရင်များလက်ထက်ကတည်းက မြန်မာတို့၏ သင်္ကေတအဖြစ် အသုံးပြုခဲ့ကြပြီး ကိုလိုနီခေတ်တွင်ကျောင်းသားများကခွပ်ဒေါင်းကိုအလံတွင်ထည့်သွင်း၍လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသည်။
ခွပ်ဒေါင်းသင်္ကေတသည်ဒီမိုကရေစီရေးကြိုးပမ်းမှုနှင့်စစ်အစိုးရကိုဆန့်ကျင်သည့်သင်္ကေတအဖြစ်မြန်မာ လူငယ်များအကြား အသိအမှတ်ပြုထားကြသည်။
ရန်ကုန် အလင်းတန်း ဂျာနယ် အယ်ဒီတာ ဦးမျိုးမြင့်ညိမ်းက “သမဂ္ဂ အလံဆိုတာက ကျောင်းသားတွေ ဦးဆောင်တဲ့ အမျိုးသား နိုင်ငံရေး ကိစ္စတွေ မှာပဲသုံးတယ်၊ သမိုင်းစဉ်အဆက်ဆက် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာတဲ့ အလံ ဖြစ်တယ်၊ ဒါဟာ ကိုယ်ထူထောင်တဲ့ ပါတီတခုအတွက် ကျောင်းသားတွေအလံကို ယူသုံးတာ လက်မခံနိုင်ပါဘူး”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ခွပ်ဒေါင်း သင်္ကေတသည် လုံးဝ ပျောက်ဆုံးလုနီးနီးဖြစ်နေသည်ကို သတိပေးချင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)ပါတီခေါင်းဆောင် ကိုရဲထွန်းက ဆိုသည်။
“ဒေါင်းတွေ့တိုင်း ငါ့ဒေါင်းလို့မှ ပြောလို့မရတာကို၊ သူတို့အထောက်အထားနဲ့ ဘာပြောမလဲ၊ မြန်မာပြည်မှာ ခွပ်ဒေါင်းလို သင်္ကေတမျိုးက လူထုကြားထဲမှာ တရားဝင် သိက္ခာ ရှိရှိ မရပ်တည်ချင်ဘူးလား၊ ၀ိုင်းဖျက်ချင်ကြတာလား”ဟု ကိုရဲထွန်းက ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကခွပ်ဒေါင်းကိုပါတီအလံတွင်ထည့်သွင်းအသုံးပြုခဲ့စဉ်ကလည်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တချို့ကကန့်ကွက်ခဲ့ကြောင်းသိရသည်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကလည်းခွပ်ဒေါင်းအလံနှင့်တံဆိပ်ကို ပါတီအလံအဖြစ်အသုံးပြုခြင်းအပေါ်ယမန်နေ့ကကြေညာချက်ထုတ်ပြန်ကန့်ကွက်ခဲ့သည်။
၁၉၆၀ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၏ ဆဋ္ဌမအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် တက်ရောက် လာသော ကျောင်းသား ကိုယ်စားလှယ်များ အားလုံးက အဆိုပါ ခွပ်ဒေါင်းအလံသည် တရားဝင်အလံဖြစ်ကြောင်း အတည်ပြု ပြဌာန်းခဲ့ခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ရေးသားထားသည်။

Geen opmerkingen: