မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 11 mei 2010

ရဲချုပ်ခင်ရီ၏သတင်းစာရှင်းလင်းပွဲအလွဲများ

ခက်ထန်Tuesday,May11,2010
.သင်္ကြန်ဗုံးကွဲမှုနှင့်ပတ်သက်၍ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲ၌ရဲချုပ်ခင်ရီ၏ပြောကြားချက်များတွင် ရှေ့နောက်မညီသည့်လွဲချော်မှုများတွေ့ရသည်။
အချိန်နှင့်ပတ်သက်၍ဗုံးကွဲမှုအပေါ်စွပ်စွဲခံရသူ၎ဦး၏ပြည်တွင်း၊ပြည်ပချိတ်ဆက်မှုများ၊ပြည်တွင်း လှုပ်ရှားမှုများနှင့်အခင်းဖြစ်ပွားချိန်တို့တွင်လွဲချော်မှုများရှိနေသည်။အဖြစ်အပျက်ဆိုင်ရာတွင်ကွန်ရက်ကို ပုံဖော်ခြင်းနှင့်ပြည်တွင်းမီဒီယာများကဖော်ပြသည့်အစောပိုင်းသတင်းတို့ကွဲလွဲချက်များရှိနေသည်။ အချက်အလက်ဆိုင်ရာတွင်စစ်ဆေးမေးမြန်းမှုဖြစ်စဉ်၊စွပ်စွဲခံရသူများ၏မိသားစုရေးရာနှင့်ဖြစ်ရပ်နောက်ခံ အကြောင်းအရာရှေ့နောက်မညီမှုများတွေ့ရသည်။
မေလ၆ရက်နေ့ကနေပြည်တော်တွင်ပြုလုပ်သောရန်ကုန်သင်္ကြန်ဗုံးကွဲမှုနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ရဲချုပ်ခင်ရီကသတင်းထောက်များအားဤသို့ရှင်းလင်းဖြေကြားနေသည်ကိုတွေ့ရ (ဓာတ်ပုံ-AP)
မေလ၆ရက်နေ့ကနေပြည်တော်တွင်ပြုလုပ်သွားသောအဆိုပါသတင်းစာရှင်းလင်းပွဲတွင်ရဲချုပ်ဗိုလ်မှူးချုပ် ခင်ရီကသင်္ကြန်ဗုံးကွဲမှုနှင့်ပတ်သက်၍အင်ဂျင်နီယာတဦးဖြစ်သည့်ဖြိုးဝေအောင်နှင့်နယ်စပ်သို့ထွက်ပြေး လွတ်မြောက်သွားသည်ဆိုသူ၃ယောက်တို့ကိုဇယားအချိတ်အဆက်များဖြင့်စွပ်စွဲပြောဆိုရှင်းလင်း ထားသည်။
ကန်တော်ကြီးပတ်လမ်းရှိX2Oသင်္ကြန်မဏ္ဍပ်တွင်ဖြစ်ပွားခဲ့သောဗုံး၃လုံးပေါက်ကွဲမှုနှင့်ချိန်ကိုက်ဗုံးတလုံး တွေ့ရှိမှုတို့အတွက်သီဟဇော်(ခ)သူရဇော်(ခ)ဗိုလ်သူ(ခ)ဇော်ထက်(ခ)သိန်းထိုက်၊အောင်ကြီး(ခ) အုန်းကျော်ဌေး၊ မျိုးအေး(ခ)စိုးမိုး၊ဖြိုးဝေအောင်(ခ)သက်ခိုင်နှင့်သက်ပြင်း(ခ)နေမျိုးဝင်းတို့ကို စွပ်စွဲထားသည်။
အချိန်ကာလနှင့်ပတ်သက်၍ပထမဆုံးလူသိများနေသည့်အမှားမှာစွမ်းအားမြှင့်မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့(VigorousBurmeseStudentWarriors–VBSW)ကထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ မြန်မာသံရုံးကိုဝင်ရောက်စီးနင်းသောရက်စွဲဖြစ်သည်။ရဲချုပ်ခင်ရီက၁၉၉၀အောက်တိုဘာ၁ရက်ဟု ပြောသွားသော်လည်းအမှန်မှာ၁၉၉၉အောက်တိုဘာ၁ရက်နေ့ဖြစ်သည်။
စိတ်ဝင်စားဖွယ်တခြားအချိန်ကာလလွဲချော်မှုမှာကိုအုန်းကျော်ဌေး၏လက်ထပ်ပေါင်းသင်းမှုကိစ္စဖြစ်သည်။ ရဲချုပ်ခင်ရီက၂၀၁၀ဇန်နဝါရီ၁ရက်တွင်သီဟဇော်(ခ)သူရဇော်နှင့်အုန်းကျော်ဌေးတို့ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှရန်ကုန်သို့လာသည်၊၂၀၁၀ဇန်နဝါရီ၂ရက်မှ၁၆ရက်နေ့အထိစမ်းချောင်းတွင် ဧည့်စာရင်းတိုင်ပြီးနေသည်ဟုဆိုသည်။
ထိုမှသန်လျင်သို့ပြောင်းပြီးနောက်အိမ်ရှင်၏တူမဖြစ်သူဒေါ်ရီရီမြင့်နှင့်ကိုအုန်းကျော်ဌေးတို့တွေ့ဆုံကြသည်။ ထိုအချိန်မှစ၍ရက်၂၀ဝန်းကျင်အကြာ၂၀၁၀ဖေဖော်ဝါရီလ၆ရက်နေ့တွင်လက်ထပ်ခဲ့ကြသည်။တွေ့ဆုံ ချစ်ကြိုက်သည့်ကာလ နည်းသည် များသည်မှာ ယင်းတို့၏ ကိုယ်ရေးကိုယ်တာ ဖြစ်သော်လည်း ရဲချုပ် ခင်ရီ နောက်ပိုင်းတွင် ထည့်သွင်း ပြောဆို သွားသော အချက်တချက်ကြောင့် လွဲချော် သွားသည်ကို တွေ့ရသည်။
ကိုအုန်းကျော်ဌေးသည်၂၀၁၀ဇန်နဝါရီလကုန်ပိုင်းတွင်ရက်၂၀ခန့်ခရီးထွက်နေသည်ဟုဇနီးဒေါ်ရီရီမြင့်က ထွက်ဆိုကြောင်းရဲချုပ်ခင်ရီကပြောသည်။ဆုံတွေ့လက်ထပ်သည့်အချိန်ကာလနှင့်ခရီးထွက်သည့် အချိန်ကာလမှာအရေအတွက်တူနေသဖြင့်ဟာကွက်ပေါ်နေသည်။
နောက်ထပ်အရေးကြီးသည့်အချိန်ကာလနှင့်ပတ်သက်သောအချက်မှာဗုံးပေါက်သည့် အခင်းဖြစ်ပွားရာနေရာ၌ဖြိုးဝေအောင်ရှိ၊မရှိဆိုသောကိစ္စဖြစ်သည်။
“ကျမအမျိုးသားကသင်္ကြန်ပိတ်ရက်အတွင်းအပြီးလုပ်ရမယ့်ရန်ကင်းစင်တာအလုပ်ခွင်ထဲမှာရှိနေတာ”ဟု ဖြိုးဝေအောင်၏ဇနီးမဌေးကဧရာဝတီသို့ပြောခဲ့သည်။စဉ်းစားရန်အချက်မှာစစ်အစိုးရတာဝန်ရှိသူများသည် ထိုလုပ်ငန်းခွင်တွင်ရှိနေနိုင်သူများကိုခေါ်ယူမေးမြန်းကြောင်းမတွေ့ရသည့်အချက်ဖြစ်သည်။
စွပ်စွဲခံရသူ၎ဦးတို့ပြည်တွင်းပြည်ပချိတ်ဆက်ကြပုံကိုဖော်ပြရာတွင်လည်းဇာတ်ကွက်မမိမှုများတွေ့ရသည်။
မဲဆောက်တွင်တပတ်ခန့်နေခဲ့သောဖြိုးဝေအောင်သည်၂၀၀၉ခုနှစ်ဒီဇင်ဘာလတွင်မျိုးအေး(ခ) စိုးမိုးနှင့်အတူ ပြည်တွင်းသို့ပြန်ဝင်လာကြောင်း၊အိမ်မငှားရသေးခင် ဖြိုးဝေအောင် အိမ်၌ အတူနေခဲ့ကြောင်း၊ ထို့နောက်တိုက်ခန်းငှားခပေးချေခဲ့ပြီးအိမ်သော့နှစ်ချောင်းကိုတချောင်းစီယူထားကြကြောင်း၊ ဖြိုးဝေအောင်ကသီဟဇော်ထံအိမ်ငှားပြီးသည်ကိုG-talkနှင့်အကြောင်းကြားကြောင်းရဲချုပ်ခင်ရီက အစောပိုင်းတွင် ပြောထားသည်။
ထို့ကြောင့် ဖြိုးဝေအောင်နှင့် မျိုးအေး (ခ)စိုးမိုးတို့သည် အတူတူ ရှိနေခဲ့ပြီး အဆက်အသွယ်လည်းရှိသည်ဟု နားလည်ရသည်။ သို့သော် နောက်တနေရာတွင် ရဲချုပ်ခင်ရီက “၂၀၁၀ ဧပြီလ ပထမပတ်အတွင်း ဖြိုးဝေအောင်ကို သီဟဇော်ကOnLineပေါ်တွင်အဆက်အသွယ်ပြုပြီးလက်ကိုင်ဖုန်းဖြင့်ဖောက်ခွဲမှု ကျွမ်းကျင်သည့် မျိုးအေး (ခ) စိုးမိုးအား ပြည်တွင်းသို့ စေလွှတ် လိုက်သည်” ဟု ဆိုထားရာ ပြောခဲ့ပြီးသော အချက်နှင့် နောက်ထပ် ပြောဆိုသည့်အချက်တို့ တလွဲတချော် ဖြစ်နေသည်။
အတူတူလာခဲ့ပြီးအခန်းသော့ပင်အတူတူခွဲယူထားကြသူများကိုတဦးနှင့်တဦးမသိကြသေးသကဲ့သို့ သီဟဇော်ကအွန်လိုင်းမှအကြောင်းကြားချိတ်ဆက်ပေးသည်ဆိုသည်မှာရှေ့နောက်မညီပေ။
ပြည်တွင်း မီဒီယာများတွင် ပါရှိလာသော ကွဲလွဲနေသည့် အဖြစ်အပျက်လည်း ရှိသေးသည်။ သတင်းစာ ရှင်းလင်းပွဲ မတိုင်ခင် လျှပ်တပြက်ဂျာနယ်တွင် “ပလတ်စတစ်အိတ်ဖြင့် ထုပ်ထားသော လက်ပစ်ဗုံးများကို X2O မဏ္ဍပ်စင်ပေါ်သို့ ပစ်တင်နေစဉ် သပြေကုန်းရပ်ကွက် ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ဟိုမှာ မဏ္ဍပ်ပေါ်ကို ဗုံးနဲ့ ပစ်နေပြီ ဝပ် ဟုပြောပြီး မကြာခင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းဗုံးဖြင့် ပစ်သူကို သက်ဆိုင်ရာက ချက်ချင်း ဖမ်းမိခဲ့ကြောင်း မျက်မြင်သက်သေတဦးက ပြောကြားခဲ့သည်” ဟု ဖော်ပြထားသည်။
သတင်းစာရှင်းလင်းပွဲတွင်မူ ရဲချုပ် ခင်ရီက ထိုသတင်း မမှန်ပါဟု ငြင်းဆိုထားသည်။ ၇ ရက် ၈ ရက် ကြာမှသာ“သံသယ တရားခံ”ကို စတင် ခြေရာခံမိသည်ဟု ဆိုထားသည်။ သို့သော် တင်းကျပ်သည့် စာပေစိစစ်ရေးစနစ်အောက်တွင် မည်သည့် သတင်းမျှ အလွယ်တကူ ဖော်ပြ၍ မရပေ။ အထူးသဖြင့် အလွန်အရေးကြီးနေသော သင်္ကြန်ဗုံးကွဲမှု သတင်းဆိုလျှင် ပို၍ပင် တင်းကျပ်နိုင်သေးသည်။
သီဟဇော် (ခ)သူရဇော်နှင့် ဖြိုးဝေအောင်တို့အတူအလုပ်လုပ်ဖူးသည့်ချယ်ရီဥယျာဉ်အိမ်ရာတွင် ဗုံးတွေ့သည့်ကိစ္စ၌ဖြိုးဝေအောင်ကိုခေါ်ယူမေးမြန်းဖူးကြောင်း၎င်း၏ဇနီးကပြောသည်။ဤသို့ စစ်ဆေးခံရဖူးခြင်းသည် သင်္ကြန်ဗုံးကိစ္စတွင် စွပ်စွဲခံရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်ဖွယ်ရှိသည်။
နောက်ဆုံးအနေဖြင့်တွေ့ရှိရသောလွဲချော်နေသည်များမှာ အချက်အလက်များ ဖြစ်သည်။ စာနယ်ဇင်းများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ဖြိုးဝေအောင်ကို ဖမ်းမိခြင်းမှာ အဓိကအချက်အနေနှင့် အခင်းဖြစ်ရပ်တွင် တွေ့ရသော အထောက်အထားပေါ် မူတည်ပြီး ဖော်ထုတ်၍ ရသည့် ပုဂ္ဂိုလ်များ၏ သက်သေခံချက်အပေါ် မူတည်သည်ဟု ဖြေထားသည်။
သို့သော် ရှေ့ပိုင်း ပြောဆိုမှုများ၌ ဗုံးပစ်သူများတွင် ဖြိုးဝေအောင်မဟုတ်ဘဲ ကျန် ၃ ယောက် ဖြစ်သည်။ တခြား စာနယ်ဇင်း မေးမြန်းမှု တခုတွင် “ဖြိုးဝေအောင်ကို ဖမ်းဆီးစစ်ကြောတဲ့ အခါ သူဘာမှ မပြောပါဘူး။ တချက်သိလို့ တချက်ထောက်မှ တချက်ပြောတဲ့ အဆင့်ပါ။ သို့သော် သူပြောတယ်ဆိုတာကလည်း ကျနော်တို့ ထောက်လို့ မရတော့တဲ့ အဆင့် တဝက်လောက် အထိပဲ သူပြောတာပါ။ ကျန်တဲ့ ကွင်းဆက်တခုကို ဆက်ပေးတဲ့ ပုဂ္ဂိုလ်က ဒေါ်ရီရီမြင့် ဖြစ်ပါတယ်” ဟု ပြောဆိုထားသည်။
အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း ဒေါ်ရီရီမြင့်သည် ကိုအုန်းကျော်ဌေးနှင့် ဆုံတွေ့ လက်ထပ်ကြသည်မှာ ရက် ၂၀ မျှသာ ရှိသေးပြီး ယင်းရက် ၂၀ တွင်လည်း ခရီးထွက်နေပါသည်ဟု ပြောထားသော်လည်း ရဲချုပ်ခင်ရီက “ဒီအပေါ်မှာ အခြေခံပြီး ကျန်တဲ့ ဇာတ်လမ်းကို ကျနော်တို့ ဆက်ရတာပါ” ဟု ဆိုထားသည်။
တခြားအချက်အလက်များမှာ ဖြိုးဝေအောင်၏ မိသားစုရေးရာနှင့် နိုင်ငံရေး အဖွဲ့အစည်းများကို ချိတ်ဆက် စွပ်စွဲ ချက်များ ဖြစ်သည်။ ဖြိုးဝေအောင်တွင် ကလေး ၃ ယောက် ရှိသည်ဟု ရဲချုပ် ခင်ရီက ပြောသော်လည်း ဖြိုးဝေအောင်၏ ဇနီးကမူ ၆ နှစ်အရွယ် သမီးတယောက်နှင့် ၁ နှစ်ကျော်အရွယ် သားတယောက်သာ ရှိသည်ဟု ပြောသည်။
ထို့ပြင် လာရောက် ဖမ်းဆီးသည့် ညက အဖြစ်အပျက်နှင့် ပတ်သက်၍ ဘားမားတူဒေးနှင့် အင်တာဗျူးတွင် ဇနီးဖြစ်သူ မဌေးက ဖြိုးဝေအောင်ကို လာရောက်ခေါ်ဆောင်ရာတွင် ဖြိုးဝေအောင်၏ လူပုံပန်းသဏ္ဍန်ကိုပင် မပြောနိုင်ဟု ဆိုသည်။ ရဲချုပ်ခင်ရီကမူ ၇ ရက်ခန့် စောင့်ကြည့်ပြီးမှ ဖမ်းဆီးသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဆိုထားသည်။
ဇနီးဖြစ်သူ မဌေးက ၎င်းကိုပါ ခေါ်ဆောင်မည် ပြုပြီးမှ မခေါ်ဘဲ ထားခဲ့ကြောင်း၊ ဤကိစ္စကို မည်သူ့ကိုမျှ မပြောရန်၊ အကြောင်း မကြားရန် ခြိမ်းခြောက်ကြောင်း၊ ရယက ရုံးသို့ မေးမြန်းရာတွင် တရားခံကို မိတော့မည် ဖြစ်ပြီး သံသယရှိ၍ ခေတ္တ ထိန်းသိမ်း ထားခြင်းသာဟု ဆိုကြောင်း ယင်း အင်တာဗျူးတွင် ပြောထားသည်။
ဘယ်ပုံဘယ်နည်းနှင့် ဤသို့ စစ်ဆေးဖော်ထုတ်သည်ကို မီဒီယာများက မေးမြန်းရာတွင် Police Procedure နှင့် On Going Case ဖြစ်သောကြောင့် မဖြေနိုင်ပါဟု လေးကြိမ် တိတိ ရဲချုပ် ခင်ရီက ငြင်းဆိုထားသည်။
ရဲချုပ် ခင်ရီ၏ ရှင်းလင်းချက်များတွင် VBSW အပါအဝင် ပြည်ပရောက် နိုင်ငံရေး အဖွဲ့များနှင့် အပစ်မရပ်၊ ငြိမ်းချမ်းရေး မယူထားသော အဖွဲ့ပေါင်း ၁၇ ဖွဲ့ တိတိကို တပါတည်း ချိတ်ဆက် စွပ်စွဲထားသည်။ ပြည်ပရောက် နိုင်ငံရေး အဖွဲ့များနှင့် လက်နက်ကိုင် အဖွဲ့များသည် ထိုကဲ့သို့ တသားတည်း စည်းလုံး ညီညွတ်ခြင်း ရှိ၊ မရှိမှာမူ မေးခွန်း ထုတ်စရာဖြစ်သည်။
အခင်းဖြစ်ပွားရာတွင် သေဆုံးသူ၊ ဒဏ်ရာရသူများ အကြောင်း ထည့်သွင်းပြောဆိုသွားခြင်း မရှိဘဲ၊ ဒဏ်ရာရသူများတွင် ရာထူးအကြီးဆုံး ဖြစ်သည့် အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို နှင့် ပတ်သက်၍လည်း တစုံတရာ ထည့်သွင်း ပြောဆိုသွားခြင်း မရှိပေ။
ထို့အပြင်၂၀၀၈ခုနှစ်အောက်တိုဘာ၁၉ ရက်တွင် ရွှေပြည်သာနေအိမ်၌ ဗုံးတပ်ဆင်စဉ်သေဆုံးသွားသော ကိုသက်ဦးလွင်မှာVBSWမှ ဖြစ်သည်ဟု ထုတ်ဖော်ကြေညာချက် ထွက်ပေါ်ခဲ့သော်လည်း ရဲချုပ် ခင်ရီက ရည်ညွှန်းပြောဆိုသွားခြင်း မရှိခဲ့ပေ။
မည်သို့ ဆိုစေကာမူ စစ်အစိုးရ အနေဖြင့် သေချာ အကွက်ချ စီစဉ် စွပ်စွဲသည့်တိုင် မေးခွန်းထုတ်သင့်သည့် လစ်ဟာချက်များ ရှိနေသည့် အပြင် စွပ်စွဲ အပြစ်တင်လိုသည့် အဖွဲ့အစည်းအမည်ကိုပင် မှန်ကန်စွာ ဖော်ပြနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။ “စွမ်းအားမြှင့်”ကို သတင်းစာရှင်းလင်းပွဲတွင် “စွမ်းအားမြင့်”၊ “Burmese Student” ကို “Burmese Students” ဟု လွဲမှားစွာ ဖော်ပြထားသည်ကိုလည်း တွေ့ရပေသည်။

Geen opmerkingen: