မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 12 mei 2010

မြန်မာအပေါ်ပိတ်ဆို့အရေးယူမှုအမေရိကန်ဥပဒေပြုအမတ်တိုက်တွန်း

ဗုဒ္ဓဟူးနေ့၊
မေလ၁၂ရက်၂၀၁၀ခုနှစ်၂၁နာရီ၅၆မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။အမေရိကန်ကွန်ဂရက်အမတ်ဂျိုးခရော်လီ(JoeCrowley)ကမြန်မာနိုင်ငံစစ်အစိုးရအပေါ် ပစ်မှတ်ထားပိတ်ဆို့အရေးယူသည့်မြန်မာ့ဒီမိုကရေစီနှင့်လွတ်လပ်ရေးဥပဒေကိုနောက်ထပ် သက်တမ်းတိုးရန်ဥပဒေကြမ်းတရပ်ကိုပါတီနှစ်ရပ်ပူးတွဲတင်သွင်းရာတွင်ဦးဆောင်တင်သွင်းလိုက်သည်ဟု ထုတ်ပြန်ကြေငြာချက်တွင်ဖော်ပြထားသည်။
ခရော်လီ၏ပိတ်ဆို့အရေးယူမှုသက်တမ်းတိုးရေးသည်ဥရောပသမဂ္ဂကအလားတူမြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူရေးဥပဒေကိုနောက်ထပ်သက်တမ်းတိုးလိုက်အပြီးနှစ်ပတ်အကြာတွင်ပေါ်ထွက်လာခြင်း ဖြစ်သည်။
ဤသို့ဥပဒေကြမ်းတင်သွင်းပြီးနောက်နယူးရောက်ပြည်နယ်မှဒီမိုကရက်အမတ်အဖြစ်၆ကြိမ် အရွေးခံထားရသူခရော်လီကကြေငြာချက်တရပ်ထုတ်ပြန်ခဲ့သည်။ထိုကြေငြာချက်တွင်အလွန်တင်းကြပ် ပြင်းထန်သည့်၊သန်မာခက်ထန်သည့်မြန်မာနိုင်ငံအပေါ်ပိတ်ဆို့အရေးယူမှုတရပ်ကိုကျနော်တို့ လိုအပ်ကြောင်းအလွန်ထင်ရှားလာသည်။လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်များ ကျူးလွန်နေခြင်းနှင့်သူ့ပြည်သူများအပေါ်စစ်ရာဇဝတ်မှုများကျူးလွန်နေခြင်းတို့အတွက်ဤသို့ပိတ်ဆို့ အရေးယူမှုကိုအဆောတလျင်ပြုလုပ်ရန်လိုအပ်လာသည်ဟုရေးသားထားသည်။
သူက`မြန်မာနိုင်ငံ၏တရားဝင်ခေါင်းဆောင်များ´ဟုရည်ညွှန်းခေါ်ဝေါ်သည့်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့နှင့်စစ်စစ်မှန်မှန်ပူးပေါင်းဆောင်ရွက်ရေးကိုစစ်အစိုးရကလုံးဝ ငြင်းပယ်လိုက်သည့်အတွက် စိုးရိမ်ပူပန်ကြောင်းလည်းသူကထုတ်ဖော်ပြောဆိုသည်။
မြန်မာ့ဒီမိုကရေစီနှင့်လွတ်လပ်ရေးဥပဒေကိုဒီမိုကရက်နှင့်ရီပတ်ဘလီကင်ပါတီနှစ်ရပ်လုံးမှအင် အားကြီးမားသောနိုင်ငံရေးသမားများကထောက်ခံထားသည့်အတွက်ယခုဥပဒေကြမ်းကိုဂျူလိုင်လ သက်တမ်းမကုန်ဆုံးမီနောက်ထပ်သက်တမ်းတိုးအတည်ပြုပေးမည့်အလားအလာအလွန်ကောင်းသည်။ ယမန်နှစ်ကလည်းဒီမိုကရက်အထက်လွှတ်တော်အမတ်ဒီယန်းဖိန်းစတိန်း(DianeFeinstein)နှင့်သူမပါတီမှ သြဇာကြီးမားသောအမတ်အများအပြားကထောက်ခံခဲ့ကြပြီးအလားတူပင်ရီပတ်ဘလီကင် အထက်လွှတ်တော်အမတ်များ ဖြစ်ကြသောဂျွန်မက်ကိန်း (JohnMcCain)နှင့်မစ်မက်ကော်နယ်လ်(Mitch McConnell) တို့ကလည်း ထောက်ခံ ခဲ့ကြသည်။
စစ်အစိုးရကဆက်လက်ကျူးလွန်နေသောလူ့အခွင့်အရေးဖောက်ဖျက်မှုများသည်သာမန်ရာဇဝတ်မှု အဆင့်ကိုပင်ကျော်လွန်သွားပြီဖြစ်သည်ဟုသူ့ကြေငြာချက်တွင်စွပ်စွဲဖော်ပြထားပြီးအဆိုပါရာဇဝတ်မှုများကို နိုင်ငံတကာကစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်လည်းတောင်းဆိုလိုက်သည်။
`ဤကွန်ဂရက်လွှတ်တော်ထဲမှကျနော်တို့အမတ်အများအပြားနှင့်ယုံကြည်ကိုးစားခံရသောလူ့အခွင့်အရေး အဖွဲ့အစည်းအများအပြားကနှစ်ပေါင်းများစွာဤသို့ပြောဆိုလာခဲ့ကြသည်။ယခုကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးကိုယ်စားလှယ်စစ်အစိုးရကရာဇဝတ်မှုများကျူးလွန်နေကြောင်း အလွန်ဖြစ်နိုင်ခြေရှိသည်ဟုထုတ်ဖော်ပြောဆိုလာသည်။ဤစစ်အစိုးရသည်ရွာပေါင်း၃၅ဝဝမှရွာသားများ မိမိတို့ အိုးအိမ်များကိုစွန့်ခွါထွက်ပြေးအောင်လုပ်ဆောင်ခဲ့ကြသူများဖြစ်သည်၊မရေမတွက်နိုင်သော တိုင်းရင်းသားလူနည်းစုအမျိုးသမီးများကိုမုဒိမ်းကျင့်ခဲ့ကြသူများဖြစ်သည်။ထောင်ပေါင်းများစွာသော ကလေးများကိုစစ်သားအဖြစ်အတင်းအကြပ်စုဆောင်းသိမ်းသွင်းခဲ့ကြသူများဖြစ်သည်၊ ဤရာဇဝတ်မှုများသည် ယနေ့ထက်တိုင် ဆက်လက် ဖြစ်ပွါးနေဆဲရှိသည်´ ဟု ခရော်လီက ဆိုထားသည်။
`မြန်မာစစ်အစိုးရသည်လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကိုကျူးလွန်နေပြီး ထိုကျူးလွန်မှုများကိုနိုင်ငံတကာကပြင်းပြင်းထန်ထန်စုံစမ်းစစ်ဆေးအရေးယူရန်တို့ကိုလက်ခံ အတည်ပြုပြီး ကုလသမဂ္ဂ၏တွေ့ရှိချက်များကိုအမေရိကန်အစိုးရကထောက်ခံလိမ့်မည်ဟုကျနော်မျှော်လင့်ပါသည်´ ဟုလည်းသူကပြောသည်။
အမေရိကန်ဘဏ္ဍာရေးဌာနနိုင်ငံခြားပိုင်ဆိုင်ခွင့်များထိန်းချုပ်ရေးဌာနရုံးကဆွစ်ဘဏ်လုပ်ငန်းကြီး တခုဖြစ်သောခရက်ဒစ်ဆွိစ်(CreditSuisse)သည်အီရန်၊မြန်မာ၊လစ်ဗျား၊ဆူဒန်၊ကျူးဘားနှင့် ချားလ်စ်တေလာ၏ယခင်လိုင်ဘေးရီးယားနိုင်ငံတို့အပေါ်အမေရိကန်ကပိတ်ဆို့အရေးယူထားမှုများကို ဖောက်ဖျက်ကြောင်းတွေ့ရှိသည်ဟုဆုံးဖြတ်ခဲ့ပြီးနောက်တခါမျှမကြုံဖူးသည့်ဒဏ်ငွေပမာဏဖြစ်သော အမေရိကန်ဒေါ်လာ၅၃၆သန်းကိုပေးရန်သဘောတူခဲ့ရသည်။ယခုကဲ့သို့ဆွစ်ဘဏ်ကြီးက ဒဏ်ငွေပေးဆောင်ရန်သဘောတူကြောင်းကိုကြေငြာခဲ့ပြီးနောက်အမေရိကန်ရှေ့နေချုပ်အဲရစ်ဟိုလ်ဒါ (Eric Holder)ကဆွစ်ဘဏ်ကြီးသည်အဆိုပါနိုင်ငံများအပေါ်ချမှတ်ထားသောပိတ်ဆို့အရေးယူမှုများကို ကျော်လွှားကာ`အမေရိကန်ဒေါ်လာကိုလက်ခံရယူသုံးစွဲနိုင်ရေးစီးပွါးရေးပုံစံတရပ်ဖော်ထုတ်ကာ´ လုပ်ဆောင်နိုင်ရေးတရားမဝင်ဆောင်ရွက်ပေးခဲ့သည်ဟုဆိုသည်။
အမေရိကန်၏စုံစမ်းစစ်ဆေးမှုအရဆွစ်ဘဏ်ကြီးသည်အဆိုပါဖောက်ဖျက်မှုအများစုကိုအီရန်နှင့် ငွေပေးငွေယူဆောင်ရွက်မှုများတွင်ပြုလုပ်ခဲ့သည်ဟုတွေ့ရှိခဲ့သော်လည်းမြန်မာနိုင်ငံသို့လည်းအကြိမ်ပေါင်း ၃ဝမျှငွေကြေးများတရားမဝင်ပေးပို့ခဲ့ကြောင်းကြေအေးမှုစည်းကမ်းချက်များအရဆွစ်ဘဏ်ကြီးက ဝန်ခံပြောကြားခဲ့သည်။နှစ်ပေါင်း၂ဝကျော်အတွင်းထိုသို့ပိတ်ဆို့အရေးယူခံထားရသောနိုင်ငံများသို့ အမေရိကန်ဒေါ်လာသန်းထောင်ပေါင်း၁.၆မျှကိုတရားမဝင်ပေးပို့ခဲ့သည်ဟုလည်းဆွစ်ဘဏ်ကြီးက ဝန်ခံခဲ့သည်။
မြန်မာနိုင်ငံအပေါ်ပိတ်ဆို့ အရေးယူမှုကိုသက်တမ်းတိုးရန်ယမန်နေ့ကအဆိုပြုလိုက်ချိန်တွင်မြန်မာနိုင်ငံမှ ဒုက္ခသုက္ခမျိုးစုံကိုခံစားခဲ့ရသောအတိုက်အခံများသည်လည်းလမ်းဆုံလမ်းခွတွင်ရောက်ရှိနေချိန် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကယခုနှစ်အတွင်းကျင်းပဖွယ်ရှိသည့် ရွေးကောက်ပွဲများတွင်ပါဝင်ယှဉ်ပြိုင်ခြင်းမပြုရန်ရွေးချယ်ဆုံးဖြတ်ခဲ့ကြသည်။တချိန်ထဲတွင်ဒီချုပ်မှ ခွဲထွက်သွားသူများအပါအဝင်ပါတီငယ်လေးများကရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ရန် သဘောတူညီခဲ့ကြသည်။
ဒီချုပ်ကရွေးကောက်ပွဲကိုသပိတ်မှောက်ရန်ဆုံးဖြတ်ခဲ့ရခြင်းမှာမြန်မာနိုင်ငံ၏ရွေးကောက်ပွဲဥပဒေများအရ ဒေါ်အောင်ဆန်းစုကြည်ကိုရွေးကောက်ပွဲမဝင်နိုင်ရန်တားမြစ်ထားမှုများပါဝင်နေပြီး၊ရာဇဝတ်ပြစ်ဒဏ် ကျခံနေရသူများကိုလည်းအလားတူတားမြစ်ပိတ်ပင်ထားသည်။ထိုရွေးကောက်ပွဲဥပဒေများနှင့် အများဝေဘန်ပြစ်တင်ခံနေရသည့်၂၀၀၈ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတို့အရ ရွေးကောက်ပွဲများအပြီးအရပ်သားအစိုးရဆိုတာပေါ်လာသည့်အချိန်တွင်စစ်တပ်ကိုတိုင်းပြည် အုပ်ချုပ်ရာတွင် အဓိက အခန်းမှ ရှိနေစေမည် ဖြစ်သည်။

Geen opmerkingen: