ရဲဘော်ဖိုးသံချောင်း
၆/ မေ ၂၀၁၀
ငယ်ငယ်တုန်းကကြည့်ခဲ့ကြတဲ့ကောင်းဘွိုင်ရုပ်ရှင်ကားများထဲမှာညနေစောင်းလို့ နွားရိုင်းသွင်းချိန်ရောက်တယ်ဆိုတာနဲ့ လူဆိုးအုပ်ကြီးဟာ မြင်းတွေစီးပြီး ဖုန်တထောင်းထောင်းနဲ့ မြို့ထဲကိုဝင်လာကြတာကိုမှတ်မိကြပါလိမ့်မယ်။အခုလည်းမြန်မာပြည်နိုင်ငံရေးရဲ့နေညိုချိန်မှာဗိုလ်သိန်းစိန်၊ ဗိုလ်အောင်သောင်းတို့နဲ့ကြံ့ဖွံ့ပါတီဆိုတာကြီးရွေးကောက်ပွဲခတ်ကွင်းထဲကိုဒုန်းစိုင်းဝင်လာတာ တွေ့ရပါတယ်။“မဆိုင်သူမကပ်နဲ့၊အိမ်ကမိန်းမမုဆိုးမဖြစ်သွားမယ်”ဆိုတဲ့အော်ဟစ်ကြုံးဝါးသံတွေလည်း ကြားနေရသလိုလိုပါပဲ။
အခုတော့လူအရေခြုံနအဖဗိုလ်ချုပ်တွေကစည်းကမ်းရှိတဲ့ဒီမိုကရေစီနဲ့နိုင်ငံရေးလှုပ်ရှားစရာစပေ့စ်တွေ သယ်လာပါပြီ။အာဏာရှင်စနစ်ကနေနောက်တလှမ်းဆုတ်နေတယ်ဆိုတဲ့ နအဖစစ်အုပ်စုထဲက ဗိုလ်သိန်းစိန်နဲ့ဘယ်သူများယှဉ်ပြိုင်အရွေးခံရဲသလဲ။ရွေးကောက်ပွဲဝင်ခငါးသိန်းနဲ့သိန်းရာချီတဲ့ မဲဆွယ်စည်းရုံးစရိတ်တွေအဆုံးခံနိုင်သူများအမြန်စာရင်းပေးကြစမ်းပါဗျာရို့။ယှဉ်မယ့်လူမရှိရင် ဒင်းတို့အလိုအလျောက်အရွေးခံရပြီးသားဖြစ်သွားပါလိမ့်မယ်။ဒါပေမယ့်တခုတော့သတိပေးပါရစေ။ ဒီခေတ်ကြံ့ဖွံ့တွေရဲ့လက်စောင်းဟာငါးဇွန်မှာခြောက်လောင်းပြိုင်သတ်ခဲ့တဲ့ပြူစောထီးတွေထက် မညံ့ဘူးဆိုတာလည်း မမေ့ကြပါနဲ့။
တချို့လူတွေအဖို့တော့ဗိုလ်သိန်းစိန်တို့နဲ့ကြံ့ဖွံ့ထွက်လာတာကြည့်ပြီးရွေးကောက်ပွဲဝင်ဖို့ ပြင်ထားတာလေးတွေကို ပြန်ရုပ်ကောင်းရုပ်သိမ်းနိုင်ပေမယ့် ပြောထားတဲ့စကားတွေကတော့ ပြန်ရုပ်လို့မရတော့ပါဘူး။ သမိုင်းဖြစ်သွားပါပြီ။
လက်တွေ့အခြေအနေက ပြနေတာကတော့ နအဖစစ်ဗိုလ်တွေ အပြတ်လုပ်တော့မယ်ဆိုတာပါပဲ။ တလျှောက်လုံး ဥပဒေအထက်မှာနေခဲ့တဲ့ ဗိုလ်ချုပ်တွေဟာ အခုကိုပဲ သူတို့ကိုယ်တိုင် ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေကိုခြေနဲ့ပြန်ဖျက်တာ၊နိုင်ငံတော်ပိုင်ငွေတွေ၊အဓမ္မကောက်ခံထားတဲ့အလှူငွေတွေနဲ့ သူတို့ရဲ့ပါတီကိုပံ့ပိုးတာ၊ဟိုးအရင်အစောကြီးကတည်းက၀န်ထမ်းတွေ၊ကျောင်းသားတွေကို ကြံ့ဖွံ့ထဲအတင်းအကျပ်ဝင်ခိုင်းထားတာ၊နယ်ဆင်းမဲဆွယ်နေကြတာစတဲ့မသမာမှုမျိုးစုံကိုလည်း တွေ့ခဲ့ကြရပါပြီ။ဒီတကွေ့မှာနအဖစစ်ဗိုလ်ချုပ်တွေဟာအရှက်အကြောက်မှန်သမျှကိုစွန့်လွှတ်လိုက်ပြီဆိုတာ ထင်ထင်ရှားရှားတွေ့နေရပါတယ်။ဒီပုဆိုးဝတ်ရင်ဒီချေးပဲပါတယ်ဆိုတာလိုစစ်အာဏာရှင်တွေဟာ အာဏာကိုတာရှည်ဆုပ်ကိုင်ထားချင်တော့ဗိုလ်နေ၀င်းလုပ်ဟန်အတိုင်းဗိုလ်ကနေဦးပြောင်းတာကို လုပ်ရတာပဲမဟုတ်ပါလား။ဒီလိမ်ဆင်ကိုလူထုကနောကျေနေမှန်းသိလျက်နဲ့လုပ်လာတာတွေဟာ နအဖဗိုလ်ချုပ်တွေဘယ့်ကလောက်မျက်နှာပြောင်တယ်ဆိုတာအပြင်ဘယ့်ကလောက် မိုက်ရမ်းတော့မယ်ဆိုတာကိုလည်း ပြနေတာ ဖြစ်ပါတယ်။
တကယ်ကျတော့ရွေးကောက်ပွဲဆိုတာမှာမဲဆန္ဒပေးသူတွေဟာဆန္ဒခံယူပွဲလိုအဖြူအမည်းဆိုတဲ့ ရွေးချယ်စရာနှစ်ခုအထဲကတခုကိုရွေးချယ်မဲထည့်ကြတာမဟုတ်ပါဘူး။ဝင်ယှဉ်ပြိုင်တဲ့ ပါတီ အဖွဲ့အစည်းစုံ၊ လူစုံထဲကရွေးချယ်ကြရတာဖြစ်ပါတယ်။နောက်ပြီး ၀င်ပြိုင်သူတွေဟာလည်း ကိုယ့်ဂုဏ်သိက္ခာ၊ ဓနငွေကြေး၊ လူအင်အား၊စိတ်အင်အားစတာတွေအမြောက်အမြားကိုပုံအောရင်းနှီးပြီးဝင်ပြိုင်ကြတာဖြစ်ပါတယ်။ဒီတော့ ၀င်ပြိုင်သူတွေဟာ မတရားအညစ်ခံရလို့ ကြုံတွေ့ရတဲ့အရှုံးကို အလွယ်နဲ့ လက်ခံမှာမဟုတ်ပါဘူး။ ဒီလိုရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင်အားကိုးနဲ့ လုပ်ချင်တိုင်းလုပ်ဖို့၊ ညစ်ဖို့ပြင်ထားတဲ့ နအဖရဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ ရွေးကောက်ပွဲကတဆင့် စပေ့စ်ရှာသူတွေ ဘယ်လိုဖြစ်ကြမယ်ဆိုတာကတော့ ငွေရောင်ပိတ်ကားကြီးပေါ်မှာ စောင့်ကြည့်ရမယ့် တကယ့်ပွဲကြီးပွဲကောင်းဖြစ်မှာ မုချပါပဲ။
ဒီတခါရွေးကောက်ပွဲဝင်ပြိုင်ကြသူတွေထဲမှာအက်စ်ဘီဆီကလက်ကိုင်ဖုန်းရထားဖူးသူတွေပါသလို နအဖရဲ့အရင်မျိုးဆက်စစ်အုပ်စုကိုကိုယ်စားပြုတဲ့တစညလိုစစ်အရာရှိဟောင်းတွေလည်းပါပါတယ်။ အဲဒီတော့ကြံ့ဖွံ့ကညစ်တယ်ဆိုရင်ပထမအမျိုးအစားဟာဘာမှပြောဝံ့မှာမဟုတ်ပေမယ့် ဒုတိယအမျိုးအစားကတော့ငြိမ်ခံကောင်းမှငြိမ်ခံနေပါလိမ့်မယ်။ခက်တာကနအဖဘက်ကကြည့်ရင်လည်း လွှတ်တော်ထဲမှာသူတို့လုပ်သမျှကိုမြွေမြွေချင်းခြေမြင်သလိုမြင်နေမယ့်တစညကိုယ်စားလှယ်တွေထက် စိတ်တော်သိဘောင်းတော်ငြိမ့် ပထမအမျိုးအစားတွေကိုပိုတွေ့ချင်မှာသေချာပါတယ်။နို့ပေမယ့်နအဖက ခွင်လုံးကျွတ်အနိုင်စာရင်းပြဖို့ဆုံးဖြတ်ထားရင်တော့ဆန္ဒခံယူပွဲနည်းလုပ်ချလိုက်မှာသံသယဖြစ်စရာ မလိုပါဘူး။ကြံ့ဖွံ့ကလွဲရင်အားလုံးကန်တော့ဆွမ်းပဲဖြစ်တော့မှာပါ။အဲ၊ကံချော်မှားလို့အနိုင်ရမိရင်ဗိုလ်သိန်းစိုး ကော်မရှင်ရဲ့ တင်းပုတ်နဲ့လွတ်အောင် ကြည့်သာရှောင်ပေတော့လို့လည်း သတိပေးလိုပါတယ်။
ဒီလိုအခါမှာ ပြည်တွင်းပြည်ပက မြန်မာပြည်အရေးစိတ်ဝင်စားသူတွေဟာ ဒီရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်စောင့်ကြည့်နေကြမယ်ဆိုတာလည်း အထူးပြောစရာမလိုပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေအနေနဲ့ အစကတည်းက ငါတို့မပြောလားလို့ ပြောနိုင်ကြတော့မှာပါ။ တကယ်ကျတော့ ဒီနအဖ ဒါရိုက်တာလုပ်၊ မင်းသားလုပ်၊ လူကြမ်းလုပ်တဲ့ စည်းကမ်းရှိ ဒီမိုကရေစီလွှတ်တော်ဇာတ်ကားဟာ ဒီရွေးကောက်ပွဲအဆင့်မှာပဲ ကြည့်ကောင်းမှာပါ။ အဲဒီနောက်ပိုင်းမှာတော့ မဆလတပါတီလွှတ်တော်လိုပဲ ဘယ်သူကမှ စိတ်မ၀င်စားတဲ့ လက်မှတ်ထိုး-တံဆိပ်တုံးထုတဲ့ ရုံးတမျိုးသာဖြစ်သွားတော့မှာပါ။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကပေးတဲ့ စပေ့စ်ဟာ လွှတ်တော်ထဲမှာ ချောင်းကျယ်ကျယ်ဆိုးခွင့်ပြုရင်ပဲ မဆိုးတော့ဘူးလို့ပြောရတဲ့ ဘ၀ရောက်ကြမှာ သေချာပါတယ်။
ဒါပေမယ့် ရေရှည်သဘောအရပြောရရင်တော့ ဒီရွေးကောက်ပွဲတွေရဲ့နောက်ပိုင်းမှာ နအဖအတွင်း သွေးစည်းညီညွတ်ရေးဟာ ပိုကောင်းလာစရာမရှိပါဘူး။ တပ်တွင်းက အထက်ပိုင်းလူနဲ့ တပ်ပြင် (အရပ်သား) အစိုးရထိပ်ပိုင်းက လူတွေအကြား ပခုံးချင်းယှဉ်တာ၊ အာဏာပြိုင်တာတွေ မုချဖြစ်လာမှာပါ။ ကြပ်ပြေးနေပြည်တော်ကို စစ်တိုင်းမှူးတွေလာချင်ရင် အရင် ခွင့်ခံရတယ်ဆိုတဲ့ ကိစ္စမျိုးတွေ ပိုများလာမှာ သေချာပါတယ်။
တဖက်ကပြောရင်တော့ ကြံ့ဖွံ့ပါတီပေါ်လာတာဟာ နအဖဗိုလ်ချုပ်တွေအနေနဲ့ လွှတ်တော်ထဲမှာ ကိုယ်စားလှယ် တမတ်သားနဲ့ အားရမှာမဟုတ်ဘူးလို့ သတိပေးတာကို လက်မခံဘဲ ဘိန်းပြောင်းအိပ်မက် မက်နေသူတွေရဲ့ကျောကို ဗိုလ်ချုပ်တွေက ဖြန်းခနဲချလိုက်တာဖြစ်ပါတယ်။ အာဏာရှင်စစ်ဗိုလ်ချုပ်တွေဟာ လွှတ်တော်ထဲမှာ အချေအတင် စကားပြောနေတာမျိုးကို လုံးဝမလိုလားပါဘူး။ မဆလခေတ်လွှတ်တော်နဲ့ ညောင်နှစ်ပင်ညီလာခံမှာလို“ဟုတ်ကဲ့”မှတပါး အခြားမကြားရပါဆိုတဲ့ အနေအထားမျိုးပဲ လိုချင်တာပါ။ အဲဒီအနေအထား မရောက်ရောက်အောင်လည်း သူတို့စိတ်ကြိုက် ကော်မရှင်နဲ့၊ သူတို့ထင်တိုင်း လုပ်နိုင်တဲ့ ဥပဒေတွေ ထုတ်ပြန်ထားပါပြီ။
နိုင်ငံရေးအာဏာဆိုတာဟာမဲပုံးထဲကထွက်တာလား၊သေနတ်ပြောင်းထဲကထွက်တာလားဆိုတာမကြာမီမှာ မြင်ကြရ ပါတော့မယ်။
၁၉၅၀စုနှစ်များတုန်းကတက္ကသိုလ်ကျောင်းသားများသမဂ္ဂကကပြခဲ့တဲ့ “အမတ်ရူးယိမ်း”ရဲ့နောက်ခံသီချင်းထဲကစာသားတကြောင်းလိုပဲ“အဝေးပြေးကြမည်၊အမတ်ရူးကြီးများ လာပြီ” လို့သာအော်ဆိုလိုက်ကြပါစို့လား။
၁၉၅၀စုနှစ်များတုန်းကတက္ကသိုလ်ကျောင်းသားများသမဂ္ဂကကပြခဲ့တဲ့ “အမတ်ရူးယိမ်း”ရဲ့နောက်ခံသီချင်းထဲကစာသားတကြောင်းလိုပဲ“အဝေးပြေးကြမည်၊အမတ်ရူးကြီးများ လာပြီ” လို့သာအော်ဆိုလိုက်ကြပါစို့လား။

Geen opmerkingen:
Een reactie posten