NEJ/၆မေ၂ဝ၁ဝ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ကပြီးခဲ့သည့်ဧပြီ(၂၉)ရက်တွင်ဗဟိုတရားရုံးချုပ်သို့ တင်ထားသည့်လျှောက်ထားမှုနှစ်ခုစလုံးကိုတရားရုံးချုပ်ကယမန်နေ့တွင်ပယ်ချလိုက်ကြောင်း အဖွဲ့ချုပ်ပြောခွင့်ရ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။
“ကျနော်တို့တင်တဲ့လျှောက်လွှာတခု၊စွဲဆိုမှုတခုနှစ်ခုပေါ့။ဒီလျှောက်လွှာ(၂)စောင်စလုံးအပေါ်မှာတရားမ ညွှန်ကြားရေးမှူးကမနေ့ကလုပ်ထုံးလုပ်နည်းတွေနဲ့မှန်ကန်မှုမရှိတဲ့အတွက် လက်မခံကြောင်းဆိုပြီးရေးပါတယ်”ဟုပြောသည်။
လက်မခံသည့်အကြောင်းမှာ(၂)ချက်ရှိကြောင်း၊တချက်မှာအစိုးရအပေါ်တရားစွဲဆိုခြင်းဖြစ်သည့်အတွက် နို့တစ်ပေးရမည်ဟုပြောဆိုကြောင်း၊နောက်တချက်မှာရွေးကောက်ပွဲနှင့်ပတ်သက်သည့် ဥပဒေများထုတ်ပြန်ရာတွင်ပါတီဟောင်းများ၏ရပ်တည်မှုကိုသတ်မှတ်ပြီးဖြစ်ကြောင်း၊ရက်ပေါင်း(၆၀) အတွင်းထပ်မံမှတ်ပုံမတင်ပါကပျက်ပြယ်ပြီးဖြစ်ကြောင်း၊၉၀ခုနှစ်ရွေးကောက်ပွဲရလဒ်များကိုလည်း ပယ်ဖျက်ပြီးဖြစ်ကြောင်းဥပဒေတွင်ပါသည့်အတွက်အဆိုပါအကြောင်းအရာများအပေါ်အခြေခံသည့် လျှောက်လွှာများကိုလက်မခံနိုင်ကြောင်းတရားမညွှန်ကြားရေးမှူးကပြောဆိုကြောင်းဦးဉာဏ်ဝင်းက ရှင်းပြသည်။
တရားရုံးချုပ်ကယင်းသို့အမှုကိုလက်မခံသည့်အတွက်၎င်းက“ကျနော်တို့လက်ခံထားတာကတော့ အမှုတင်ရင်အမှုကိုပယ်တာတို့၊လက်ခံတာတို့၊စစ်ဆေးတာတို့ကတရားသူကြီးရဲ့အာဏာ၊ တရားသူကြီးမတိုင်ခင်ရှေ့ကရှိနေတဲ့ဝန်ထမ်းတွေရဲ့အာဏာမဟုတ်ဘူး။ဒါကြောင့်ဒါကိုတရားဥပဒေနဲ့ ညီတယ်လို့ကျနော်တို့မယူဆဘူး”ဟုပြောသည်။
ယခုလျှောက်ထားချက်များနှင့်ပတ်သက်၍ ဆက်လက်လုပ်ဆောင်သွားရန် ရှိသည်ဟုလည်း ဦးဉာဏ်ဝင်းက ပြောကြားသည်။
ဧပြီ(၂၉)ရက်တွင်တရားရုံးချုပ်သို့တင်ပြထားသည့်အမှုနှစ်မှုအနက်တမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လျှောက်တင်သောအမှုဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၈၈ ခုနှစ်တရားဝင်ပြဋ္ဌာန်းချက်ဥပဒေအရမှတ်ပုံတင်ထားသည့်အတွက်စစ်အစိုးရထုတ်ပြန်ထားသည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရသတ်မှတ်ရက်ရက်ပေါင်း(၆၀)အတွင်း ပြန်လည်မှတ်ပုံမတင်သည့် နိုင်ငံရေးပါတီသည် အလိုအလျှောက် ပျက်ပြယ်ပြီးဖြစ်သည်ဆိုခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် သက်ရောက်မှုမရှိကြောင်း တားမြစ်ပေးရန် စစ်အစိုးရထံ လျှောက်ထားခြင်းဖြစ်သည်။
နောက်တမှုမှာ အဖွဲ့ချုပ်၏ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ၎င်းတို့သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ရွေးကောက်ခံရသူ ကိုယ်စားလှယ်များဖြစ်သည့်အတွက် တရားဥပဒေအရ ရပ်တည်ပိုင်ခွင့်ရှိကြောင်း၊ စစ်အစိုးရထုတ်ပြန်သည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေတွင် ၉၀ ခုနှစ်ရလဒ်များ ပျက်ပြယ်သည်ဟု ထည့်သွင်းရေးသားထားသဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ရပ်တည်ခွင့်ပျက်ပြယ်ခြင်းမရှိသေးကြောင်း ကြေညာပေးရန် လျှောက်ထားခြင်းဖြစ်သည်။
Geen opmerkingen:
Een reactie posten