လင်းနိုင်ဦး/၆မေ၂ဝ၁ဝ
တရုတ်နယ်စပ်မြန်မာနိုင်ငံကချင်ပြည်နယ်အန်ဒီအေ(ကေ)ထိန်းချုပ်နယ်မြေဖီမော်အရှေ့ပိုင်းတွင် ဖြစ်ပွားခဲ့သည့်မိုင်းတွင်းပြိုကျမှုကိုသွားရောက်စစ်ဆေးရန်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကညွှန်ကြားကြောင်း သိရသည်။
အန်ဒီအေ(ကေ)ဒေသခံခေါင်းဆောင်တဦးကအဆိုပါမိုင်းတွင်းစပြီးပြိုကျစဉ်က၎င်းတို့ကမ်ပိုင်တီနှင့်ပန်ဝါတွင် နေထိုင်သူများပင်မသိကြကြောင်း၊တရုတ်ပြည်ဘက်မှသတင်းကိုကိုးကားပြီးပြည်ပရေဒီယိုတို့ကလွှင့်မှသာ နည်းနည်းပါးပါးသိရကြောင်းပြောသည်။
၎င်းက“ခေါင်းဆောင်တွေဆီဖုန်းဆက်ကြည့်တယ်၊ဘာများဖြစ်သလဲဆိုပြီး။ထူးခြားတာအားလုံး ဖုန်းပိတ်ထားကြတယ်။လုပီမှာတပ်စွဲထားတဲ့နယ်ခြားစောင့်တပ်ကလည်းအဲဒီဘက်ကိုစုံစမ်းဖို့ သွားကြည့်တယ်။ အဲ နယ်စပ်မှတ်တိုင်နားရောက်တော့ ဥက္ကဋ္ဌအမိန့်နဲ့ အဲဒီဘက် ဘယ်သူမှမသွားရဘူးဆိုပြီး ပိတ်ထားတော့ တပ်ကလည်း ပြန်လှည့်လာရတယ်။ ခုတော့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က စိတ်ဆိုးပြီး ချီဖွေဘက် ရောက်နေတဲ့ ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိတဲ့ နယ်ခြားစောင့်တပ်ဆိုင်ရာ ဂျီဝမ်းကို လုပီတပ်ရင်းဆီလွှတ်လိုက်တယ်။ဒါနဲ့ဂျီဝမ်းကနေနယ်ခြားစောင့်တပ်ကတပ်ရင်းမှူးနဲ့အစိုးရတပ်က အရာရှိတွေပါသွားဖို့ညွှန်ကြားလို့နယ်ခြားမှတ်တိုင်ဘက်ညကတည်းကထွက်သွားကြပြီ။ ဒီနေ့ သွားစစ်ဆေးဖြစ်မယ်” ဟု ပြောသည်။
အဆိုပါ မိုင်းတွင်းပြိုကျသည့်နေရာသည် တရုတ်နယ်စပ်နှင့်နီးပြီး အန်ဒီအေ ဥက္ကဋ္ဌ ဆခုံတိန့်ယိန်း မိသားစုပိုင် မိုင်းတွင်းများအနက်မှ တခုဖြစ်ကာ အဆိုပါ မိုင်းတွင်းများသည် အန်ဒီအေ ခေါင်းဆောင်ပိုင်းပင် မသိဘဲ ဦးဆခုံတိန့်ယိန်းက တရုတ်ကုမ္ပဏီများကို တူးဖော်ခွင့်ပေးထားခြင်းဖြစ်သည်ဟု သိရသည်။
“အဲဒီဒေသမှာမိုင်းတွင်းဘယ်နှတွင်းရှိတယ်၊မိုင်းတွင်းတွေကနေဘယ်လိုသတ္တုတွေထွက်ပြီးတရုတ်တွေက တန်ချိန်ပေါင်းဘယ်လောက်ထုတ်ယူသွားပြီးပြီလဲဆိုတာဘယ်သူမှမသိကြဘူး”ဟုအန်ဒီအေ(ကေ) ဒေသခံခေါင်းဆောင်ကပြောသည်။
ယခုကိစ္စတရုတ်သတင်းဌာနတို့တွင်သတင်းထွက်လာသည့်အခါမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကလည်း တိတိကျကျမသိသည့်အတွက်နေပြည်တော်ကဂျီဝမ်းတယောက်ကိုအမြန်စေလွှတ်ခိုင်းခြင်းဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့်နီးစပ်သူတဦးကပြောသည်။
၎င်းက“ဦးတိန့်ယိန်းကရောင်းစားထားလို့တရုတ်တွေကသူ့ဘာသာသူလမ်းဖောက်ပြီးမိုင်းတွေ လာရောက်တူးဖော်နေတာ။ မိုင်းတွင်းပြိုကျပြီးလူ(၁၅)ယောက်လောက်သေတော့လည်းဘယ်သူ့ကိုမှပေးမ၀င်ဘဲသူ့အစီအစဉ်နဲ့သူကယ်ဆယ်ရေးလုပ်ငန်းတွေဝင်ရောက်လုပ်ကိုင်နေတာကိုမြန်မာနိုင်ငံဘက်က အချုပ်အခြာအာဏာထိပါးခံရမှုအဖြစ်ပြောဆိုမှုတွေရှိနေတယ်”ဟုရှင်းပြသည်။
မြစ်ကြီးနားမြို့မှ ကချင်ခေါင်းဆောင်တဦးကမူစစ်အစိုးရကိုယ်တိုင်ပင်တရုတ်ကိုရေအားလျှပ်စစ်မှအစ ရောင်း၍ရသမျှကိုအကုန်ရောင်းနေကြောင်း၊အချို့အပစ်ရပ်အဖွဲ့များကလည်းကိုယ်ကျိုးအတွက် သစ်အပါအဝင် မြေပေါ်မြေအောက်သယံဇာတများကိုလက်ညှိုးထိုးရောင်းစားနေသည်မှာ ကြာပြီဖြစ်ကြောင်း၊ယခုကိစ္စဖြစ်ပေါ်ပြီးမကြာခင်အခြားသတ္တုမိုင်းတူးဖော်ရေးလုပ်ငန်းကိစ္စတို့၌လည်း အန်ဒီအေ ဥက္ကဋ္ဌ ဆခုံတိန့်ယိန်းနှင့် စစ်အစိုးရ ပြဿနာတက်လာနိုင်ကြောင်း ပြောသည်။
ဆခုံတိန့်ယိန်းသည်ယခုပြဿနာပေါ်သည့်မိုင်းတွင်းများနှင့်အခြားမိုင်းတွင်းပေါင်းများစွာ တရုတ်ကိုရောင်းပြီးကိုယ်ကျိုးရှာနေကြောင်း၊အာဏာသိမ်းပွဲဖြစ်ပွားပြီးနောက်အရေးနိမ့်ကာလက်ရှိ မြစ်ကြီးနားမြို့တွင်နေထိုင်သည့်လယောက်ဇယ်လွန်းကမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ စာရင်းဇယားများနှင့်တကွတင်ပြခဲ့ဖူးကြောင်း သိရသည်။
Geen opmerkingen:
Een reactie posten