မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 10 mei 2010

ဒေါ်အောင်ဆန်းစုကြည်(သို့မဟုတ်)သဇင်နီ အပိုင်း-၆၁

မင်းဟန်
တနင်္လာနေ့၊မေလ၁၀ရက်၂၀၁၀ခုနှစ်၁၂နာရီ၀၇မိနစ် .
                                                       (၂၁၃)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၂ဝဝကျော်အားစစ်အုပ်စုမှအဓမ္မဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်မှာ၆လကျော်ခဲ့ပြီ။အချို့ကိုမူ…ပုဒ်မရှာတပ်၍ရုံးတင်တရားစွဲပြီးထောင်အသီးသီး ချလိုက်ကြ၏။အချို့ကိုက…စစ်အုပ်စုမှဝိဂြိုဟ်ပြုထားသည့်ဧည့်ဂေဟာတွင်ပင်ဧည့်ဆန်းများအဖြစ် ထိန်းသိမ်းထားဆဲ…။
စစ်အုပ်စု၏စစ်ဦးက….အဖွဲ့ချုပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထံမှ၊အဖွဲ့ချုပ်၏ရပ်ကွက်၊ကျေးရွာ၊ မြို့နယ်၊ပြည်နယ်၊တိုင်းအဖွဲ့အစည်းများဆီသို့စစ်မျက်နှာပြောင်း၏။ရည်မှန်းချက်က….အဖွဲ့ချုပ်၏ ရပ်ကွက်၊ ကျေးရွာ၊မြို့နယ်၊ပြည်နယ်။တိုင်းရုံးများအားဖျက်သိမ်းပစ်ရေးနှင့်….ရပ်ကွက်ကျေးရွာအဆင့်မှသည် ပြည်နယ်၊တိုင်းအဆင့်အထိအဖွဲ့ချုပ်၏ဖွဲ့စည်းတည်ရှိမှုအားတိုက်ဖျက်ပစ်ရေးဖြစ်၏။
စစ်အုပ်စု၏အဖွဲ့ချုပ်ဖျက်သိမ်းရေးစစ်ဆင်ရေးမှူးကြီးများက….တပ်ဆွယ်အသီးသီးမှအမျိုးသား ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များဖြစ်ပြီး၊ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကမူ … အကူလက်ရုံးတပ်များအဖြစ်နှင့် အားဖြည့်၏။
အဆင့်ဆင့်သော အဖွဲ့ချုပ်၏ စည်းရုံးရေးကော်မီတီဝင်များအား၊ အာဏာပိုင်များက အဓမ္မဖမ်းဆီး၏။ ထောက်လှမ်းရေး တပ်ဆွယ်များတွင် ထိန်းသိမ်းထားပြီး….‘စည်းရုံးရေးကော်မတီ’အား ဖျက်သိမ်းရန် ဖိအားပေး၏။ ဖိအားပေးမှုက ရောင်စုံပင်….။ လူမဆန်သည့် နည်းလမ်းပေါင်းစုံကိုလည်း သုံး၏။
၁၉၉၈ခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း မိတ္ထီလာမြို့နယ် ဒု-ဥက္ကဋ္ဌ ဦးသိန်းအောင်၊ တွဲဖက်အတွင်းရေးမှူး ဦးအေးသိန်းနှင့် မြို့နယ်စည်းရုံးရေး ကော်မတီဝင်များ အားလုံးကို ထောက်လှမ်းရေးတပ်ဆွယ် အမှတ် ၁၅ မှ ဖမ်းဆီးထိန်းသိမ်းလိုက်၏။ မိတ္ထီလာမြို့နယ် စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသိန်းလွင် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)နှင့် အတွင်းရေးမှူးဖြစ်သည့် ဒေါ်မြင့်မြင့်အေး တို့ကိုမူ လွန်ခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြပြီးဖြစ်၏။
ဖမ်းဆီးထားသည့် မိတ္ထီလာမြို့နယ် စည်းရုံးရေးကော်မတီများအား၊ ထောက်လှမ်းရေးတပ်ဆွယ်မှူးဆိုသူက … မိတ္ထီလာမြို့နယ် စည်းရုံးရေးကော်မတီအား ဖျက်သိမ်းရန် ဖိအားပေး၏။ ခြောက်၏။ ချော့၏။ မရ….။
အဆုံး၌ အာဏာပိုင်များက မိတ္ထီလာမြို့နယ်စည်း အဖွဲ့ဝင်များအား မည်သည့်ဆေးမှန်း မသိသည့် ဆေးပြား ၅ ပြားစီအားအတင်းတိုက်၏။ ဆေးသောက်ပြီး မကြာ…မိတ္ထီလာမြို့နယ်စည်း အဖွဲ့ဝင်တဦးဖြစ်သည့် ဦးသန်းအောင်သည် စိတ်ဖောက်ပြန်လာ၏။ အကြောများ ဆွဲလာ၏။ နောက်ဆုံးတွင် မိတ္ထီလာဆေးရုံသို့ ပို့လိုက်ကြရသည်။ကျန်သည့်မိတ္ထီလာမြို့နယ်စည်းရုံးရေးကော်မတီဝင်များအားလုံးကိုမူ … ထောင်သွင်းအကျဉ်းချလိုက်ကြ၏။ မလွယ်….။
ဤအတွက် … အချို့ … အချို့သော မြို့နယ်၊ ရပ်ကျေးစည်းရုံးရေး ကော်မတီများ ပျော့သွားကြသည်။
ပင့်သက်ရှိုက်လိုက်ကြရခြင်း….။
စစ်အုပ်စု၏ ထိုးစစ်အောက်၌ သံဖြူဇရပ်မြို့နယ်၊ ဘီးလင်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ပုဏ္ဍားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မိုင်းခတ်မြို့နယ်၊ မိုင်းယန်းမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဖျာပုံမြို့နယ်၊ သနပ်ပင်မြို့နယ် …စသည့် အဖွဲ့ချုပ် စည်းရုံးရေးကော်မတီတို့က ….. ဖျက်သိမ်းချေမှုန်းခြင်းအား ခံခဲ့ကြ၏။
ပြီးလျှင်…..ဖျက်သိမ်းလိုက်ကြသည့် မြို့နယ်အဖွဲ့ချုပ်ရုံးများမှ ဆိုင်းဘုတ်များ၊ အလံများ၊ စာရွက်စာတမ်းများ၊ အမှတ်အသားတံဆိပ်တုံးများနှင့်အဖွဲ့ချုပ်ပိုင်ပရိဘောဂများအားမြို့နယ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်က သိမ်းယူလိုက်ကြသည်။
                                                         (၂၁၄)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏အဆင့်ဆင့်သောရုံးများနှင့်အဖွဲ့အစည်းများအားစစ်အုပ်စုမှလိုက်လံ၍ ချေမှုန်းဖျက်သိမ်းနေသည့်သတင်းများအားစစ်အုပ်စုပိုင်မြန်မာ့အလင်းသတင်းစာကလည်း စာလုံးအမဲကြီးများနှင့်ပြူးပြူးပြဲပြဲနှင့်အလုအယက်၊အငန်းမရရေးသားဖော်ပြ၍နေသည်။ဖော်ပြချင်သည့် ဇောကြောင့်သတင်းများကအလွဲလွဲအမှားမှားများဖြစ်၍နေသည်။
၁၉၉၈ခုနှစ်ဒီဇင်ဘာလ၂ရက်နေ့တွင်ထုတ်ဝေသည့်မြန်မာ့အလင်းသတင်းစာ၌ ….
“မော်လမြိုင်ကျွန်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖျက်သိမ်း”ဟူ၍ ခေါင်းစဉ်အား စာလုံးမဲကြီးနှင့် ဖော်ပြ၏။ ပါရှိသည့်သတင်းတွင်က…မော်လမြိုင်ကျွန်းမြို့နယ်အဖွဲ့ချုပ် အဖွဲ့ဝင်အချို့ နုတ်ထွက်သည့် သတင်းသာဖြစ်၏။ နုတ်ထွက်သည့် အဖွဲ့ချုပ်၊ အဖွဲ့ဝင်များသည်လည်း၊ မြို့နယ်စည်းရုံးရေး ကော်မတီဝင်များ မဟုတ်ကြ…။ သာမန်ရိုးရိုးအဖွဲ့ဝင်များသာ ဖြစ်၏။
စစ်အုပ်စု၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖျက်သိမ်းရေး‘အော်ပရေးရှင်း’ကရယ်မောဖွယ်ရာလည်း ကောင်း၏။
“စစ်ကိုင်တိုင်းချောင်းဦးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖျက်သိမ်းပြီး၊အဖွဲ့ဝင်များနုတ်ထွက်”ဟူသည့် သတင်းအားစာလုံးမဲကြီးနှင့်၁၉၉၈ခုနှစ်နိုဝင်ဘာလ၂၈ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြ၏။ချောင်းဦးမြို့နယ်အဖွဲ့ချုပ်ဆိုင်းဘုတ်၏အရှေ့တွင်လူ၁ဝဦးခန့်မတ်တပ်ရပ်နေကြသည့် သတင်းဓာတ်ပုံကြီးနှင့်ဖော်ပြခြင်းဖြစ်သည်။
အမှန်က…ဤသို့မဟုတ်….။
နိုဝင်ဘာလလယ်လောက်မှစ၍ချောင်းဦးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ်စည်းရုံးရေး ကော်မတီဝင်များကို၊မြို့နယ်အာဏာပိုင်များကအဖွဲ့ချုပ်အားဖျက်သိမ်းရန်ဖိအားပေး၏။အမျိုးမျိုး အကျပ်ကိုင်၏။အကြိမ်ကြိမ်ဖိအားပေးသည့်တိုင်မြို့နယ်စည်းရုံးရေးကော်မတီဝင်အားလုံးက ….
“မိမိတို့မြို့နယ်အဖွဲ့အစည်းအားမည်သို့သောဖိအားပေးခြင်းမျိုးခံရသည်ဖြစ်စေနုတ်ထွက်ကြမည်မဟုတ်၊ ဖျက်သိမ်းပေးမည်မဟုတ်ဘဲဆက်လက်ရပ်တည်ကြမည်”ဟူ၍ဆုံးဖြတ်ချက်ချထားကြ၏။
ဤတွင်ချောင်းဦးမြို့နယ်… မြို့နယ်အာဏာပိုင်ဥက္ကဋ္ဌကချောင်းဦးမြို့နယ်အဖွဲ့ချုပ်ဥက္ကဋ္ဌအား
“ခင်ဗျားတို့ကလည်းပါတီဆိုင်းဘုတ်နဲ့လုပ်တာပဲ၊ကျုပ်တို့ကလည်းအာဏာပိုင်တို့ရဲ့နည်းဟန်အတိုင်းလုပ်မှာပဲ” ဟူ၍ကြိမ်းဝါး၏။
အာဏာပိုင်တို့၏နည်းဟန်အတိုင်းလုပ်မည်ဟူသည်ကား….မည်သို့နည်း။
နိုဝင်ဘာလ၂၇ရက်နေ့ညတွင်…ချောင်းဦးမြို့နယ်အဖွဲ့ချုပ်ရုံး၌ထောင်ထားသည့်အဖွဲ့ချုပ်၏ဆိုင်းဘုတ် ပျောက်ဆုံးသွား၏။အခိုးခံရခြင်းဖြစ်သည်။နောက်တနေ့၂၈ရက်နေ့မြန်မာ့အလင်းသတင်းစာတွင် ချောင်းဦးမြို့နယ်အဖွဲ့ချုပ်သတင်းပါလာမှပင်….ဆိုင်းဘုတ်ခိုးသူများအားသိရတော့၏။ဆိုင်းဘုတ်အရှေ့တွင် ဓာတ်ပုံအရိုက်ခံနေကြသည့်သူများကချောင်းဦးမြို့နယ်၏အဖွဲ့ချုပ်မြို့နယ်စည်းရုံးရေးအဖွဲ့ဝင်များ မဟုတ်ကြ…။အဖွဲ့နှင့်ကာလများစွာကင်းကွာနေခဲ့ကြသည့်အဖွဲ့ချုပ်အဖွဲ့ဝင်ဟောင်းများ ဖြစ်၏။
ချောင်းဦးမြို့နယ်အာဏာပိုင်ဥက္ကဋ္ဌပြောသည့်‘အာဏာပိုင်တို့ရဲ့နည်းဟန်အတိုင်း လုပ်မည်’ဟူသည်ကား…. ဤသို့တည်း…။
                                                       (၂၁၅)
၁၉၉၈ခုနှစ်၊ဒီဇင်ဘာလ၂၂ရက်၊
အမှတ်(၉၇/ခ)၊အနောက်ရွှေဂုံတိုင်လမ်း။
စစ်အုပ်စု၏သတင်းမီဒီယာများကအဖွဲ့ချုပ်ဖျက်သိမ်းသည့်သတင်းနှင့်အဖွဲ့ဝင်များနုတ်ထွက်ကြသည့် သတင်းများအားအသားပေး၍ဖော်ပြနေ၏။နေ့စဉ်ရက်ဆက်….၊ပျက်သည်ဟူ၍မရှိ…။ ဆောင်းပါးရှင်များကလည်း…အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အားမတရားအသင်းကြေညာမည်။ ဒေါ်အောင်ဆန်းစုကြည်အား ပြည်နှင်ဒဏ်ပေးမည်။
စသဖြင့် … အသံဟစ်နေကြ၏။
ဤအတွက်ဒေါ်အောင်ဆန်းစုကြည်က…အဖွဲ့ချုပ်ရွှေဂုံတိုင်ရုံး၌ပင်အဖွဲ့ဝင်များအားတွေ့ဆုံ၍ ဆွေးနွေးပွဲတရပ်ကျင်းပပြီး၊မိန့်ခွန်းစကားဆိုရ၏။
“…ဒီပြည်နှင်ဒဏ်ပေးမယ့်ကိစ္စကဘယ်ကိုကျမကိုသွားပြီးတော့ပြည်နှင်ဒဏ်ပေးမှာလဲ။လူတယောက်ကို ပြည်နှင်ဒဏ်ပေးတယ်ဆိုတာဟာကိုယ့်တိုင်းပြည်ကနေပြီးတော့တခြားတိုင်းပြည်ကိုသွားပြီးတော့ပို့ရမှာပဲ။ အဲဒီတခြားတိုင်းပြည်ကလည်းလက်ခံမှဖြစ်မှာ။
အဲဒီတော့…ဘယ်လိုအခြေအနေမှာ ပြည်နှင်ဒဏ်ပေးခဲ့လည်းဆိုရင် ဆိုဗီယက် ပြည်ထောင်စုက ကွန်မြူနစ် ပြည်ထောင်စု လက်ထက်တုန်းက ဆိုဗီယက် ပြည်ထောင်စုမှာ နိုင်ငံလေးတွေ ရှိတယ်။ ဆိုဗီယက် ပြည်ထောင်စုရဲ့ သြဇာအာဏာလွှမ်းမိုးတဲ့ နိုင်ငံတွေ။ စာရေးဆရာကြီး ဆိုဇင်နစ်ဇင်ကို ဆိုဗီယက် ပြည်ထောင်စုကနေပြီးတော့ ပြည်နှင်ဒဏ်ပေးချင်တဲ့ အခါကျတော့ ဘယ်လိုလုပ်လဲဆိုတော့ ဆိုဗီယက် ပြည်ထောင်စုကနေပြီးတော့ အရှေ့ဂျာမဏီကို ပို့လိုက်တယ်။ ဆိုဗီယက် ပြည်ထောင်စုရဲ့ သြဇာကို …. မလွန်ဆန်နိုင်တဲ့ နိုင်ငံဆိုတော့ လက်ခံရတာပေါ့။ လက်ခံတော့ စာရေးဆရာကြီးကို အရှေ့ဂျာမဏီကို ပို့လိုက်ရော၊ ပို့လိုက်တဲ့အခါကျတော့…ရုရှစာရေးဆရာ၊သွားနေရတာကဂျာမဏီမှာသွားနေရတာ၊ သူ့နိုင်ငံလည်း မဟုတ်ဘူး။ သွားနေရတဲ့ နိုင်ငံကလည်း သူ့နိုင်ငံနည်းတူ ကွန်မြူနစ် အာဏာရှင်စနစ်။ အဲဒီတော့ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံကနေပြီးတော့ သူ့ကို ခိုလှုံခွင့်ပေးပါ့မယ်၊ လာမလားဆိုတော့ သူက လာမယ်ဆိုပြီးတော့ လက်ခံပြီးတော့ ထွက်သွားတာဖြစ်တယ်။
ကျမအနေနဲ့ဆိုရင်ကျမကဒီမြန်မာနိုင်ငံမှာပဲကျမကနေမှာပဲ။ကျမကဘယ်နိုင်ငံမှာမှနိုင်ငံသားအဖြစ်လည်း တခါမှခံယူထားတာမဟုတ်ဘူး။ကျမထွက်သွားမယ်ဆိုတဲ့ရည်ရွယ်ချက်လည်းလုံးလုံးမရှိဘူး။ဒီတော့သူတို့က ကျမကိုဒီတိုင်းပြည်တွင်းကနေထွက်သွားစေချင်ရင်အတင်းအကျပ်ပို့ဖို့ဆိုတာကသူတို့နိုင်ငံတနိုင်ငံ ရှာရမယ်။ဘယ်မှသူတို့သွားပို့လို့မရဘူး။အဲဒီတော့ဘယ်လိုလုပ်မှာလဲ။ဒါတွေဟာစဉ်းစားနေစရာကိစ္စ မရှိပါဘူး။ စိတ်ပူနေစရာကိစ္စ မဟုတ်ပါဘူး…”
ဒေါ်အောင်ဆန်းစုကြည်ကသူမ၏စကားအားခဏရပ်ပြီးအဖွဲ့ဝင်များအားဝေ့၍ကြည့်၏။အားလုံးက စိတ်အားထက်သန်စွာနှင့်နားထောင်၍နေကြသည်။ဒေါ်အောင်ဆန်းစုကြည်ကသူမ၏စကားအား ပြန်၍ဆက်၏။
“…အန်အယ်ဒီကိုဖျက်သိမ်းမယ်ဆိုတဲ့ကိစ္စကတော့လက်တွေ့ကျကျသူတို့လုပ်ချင်ရင်လုပ်နိုင်တယ်။ လုပ်လို့ရှိရင်ကျမတို့နိုင်ငံအတွက်လည်းမကောင်းဘူး။လက်ရှိအာဏာပိုင်တွေအတွက်လည်းလုံးလုံး မကောင်းဘူး။အခုကျမတို့အန်အယ်ဒီကိုဒီနေ့ဖျက်သိမ်ရင်မနက်ဖြန်ကျမတို့ကဒီရုံးမှာလာပြီးတော့…၊ ဆက်ပြီးတော့လာပြီးတော့လုပ်မှာပဲ။လုပ်လို့သာတရားမဝင်ဘူးဆိုပြီးဖမ်းရင်လည်းဖမ်း။အားလုံးဖမ်း။
ကျမတို့အန်အယ်ဒီကိုဖျက်သိမ်းလို့ရှိရင်ဒီနိုင်ငံထဲမှာအထွေထွေမကျေနပ်မှုတွေဟာပေါက်ကွဲမယ်လို့ကျမတို့ ဒီလိုပဲထင်တယ်။ကျမတို့ဟာဒီလိုပေါက်ကွဲမှုတွေကိုအားပေးတဲ့အဖွဲ့အစည်းမဟုတ်ဘူး။ကျမတို့က ထိန်းထားတာ။ပြည်သူလူထုရဲ့မကျေနပ်မှုတွေကိုထိန်းထားတာ။ပြည်သူလူထုအစားကျမတို့က တင်ပြပေးနေတာ။ပြည်သူလူထုကိုဆွပေးနေတာမဟုတ်ဘူး။လမ်းပေါ်မှာတက်ပြီးအော်လို့ပြောနေတာ မဟုတ်ဘူး။ကျမတို့ကနေပြီးတင်ပြနေတာ။
ရေးသင့်ရေးထိုက်တဲ့စာတွေရေးတယ်။ကန့်ကွက်သင့်တာတွေကိုလည်းကန့်ကွက်တယ်။ကျမတို့ ကြေညာစာတမ်းတွေကိုထုတ်သင့်တာတွေကိုထုတ်တယ်။ကျမတို့တရားဥပဒေဘောင်အတွင်းက ပြည်သူလူထုရဲ့အထွေထွေအကျပ်အတည်းတွေကနေပြီးတော့လွတ်မြောက်ဖို့အတွက်တတ်နိုင်သမျှ ကျမတို့ အကြမ်းမဖက်တဲ့နည်းနဲ့လုပ်တယ်။ကျမတို့အန်အယ်ဒီကိုဖျက်သိမ်းလိုက်လို့ရှိရင်ဒီလိုကျမတို့လို အကြမ်းမဖက်တဲ့နည်းနဲ့လုပ်မယ့်အဖွဲ့တင်မဟုတ်ဘဲနဲ့အကြမ်းဖက်တဲ့နည်းနဲ့ဒီအထွေထွေ အကျပ်အတည်းတွေကနေပြီးတော့လွတ်မြောက်အောင်လုပ်မယ်ဆိုတဲ့…အဖွဲ့တွေမပေါ်လာနိုင်ဘူးဆိုတာ ကျမတို့မပြောနိုင်ဘူး။
အဲဒီတော့ကျမတို့ကတော့ကျမတို့ပြောထားတဲ့အတိုင်းဆက်လုပ်မှာပဲ။အဲ..မတရားအသင်းကြေညာလည်း ဆက်လုပ်မှာပဲ။ဒါကြောင့်မို့ထောင်ချလည်းခံလိုက်မှာပဲ။ကျမတို့ကတော့ဒါအားလုံးတွက်ထားပြီးသားပါ…”
ဒေါ်အောင်ဆန်းစုကြည်ကသူမ၏စကားအားအဆုံးသတ်လိုက်၏။ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းစကားသံကအဆုံးသတ်၍သွားခဲ့သော်လည်း….ပဲ့တင်သံများကမြည်ဟီးလျက်…။ရွှေဂုံတိုင်မှသည် မြန်မာနိုင်ငံတနံတလျားအနှံ့ …။
“…မတရားအသင်းကြေညာလည်းဆက်လုပ်မှာပဲ။ဒါကြောင့်မို့ထောင်ချလည်းခံလိုက်မှာပဲ။ကျမတို့ကတော့ ဒါအားလုံးတွက်ထားပြီးသားပါ…….”
ကိုးကား ……
- ရွှေခမောက် မှတ်တမ်းလွှာ
- အာဏာရှင်သို့ပေးစာ အတွဲ - ၂
- ဦးခင်ကျော်ဟန်၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မှတ်တမ်း
- ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်
- ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများ
- ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ၏ ကြေညာချက်များ
- ဒီပဲယင်းအစီရင်ခံစာ
- မြန်မာ့အလင်းသတင်းစာ (၂၈၊ ၁၁၊ ၉၈ / ၂၊ ၁၂၊ ဝ၉)



Geen opmerkingen: