မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 6 mei 2010

ဆီးနိတ်အမတ်ကအရေးယူမှုသက်တမ်းတိုးရန်တောင်းဆို

မုံပီး
ကြာသပတေးနေ့၊မေလ၀၆ရက်၂၀၁၀ခုနှစ်၁၉နာရီ၄၉မိနစ် .
အိုကလာဟိုးမားမြို့(မဇ္ဈိမ)။ ။ဒီမိုကရေစီရေးသိသာထင်ရှားသည့်ပြောင်းလဲမှုများမပြုလုပ်သည့် စစ်အစိုးရကိုပိတ်ဆို့အရေးယူမှုဆက်လက်ထားရှိရေးကြိုးစားရာတွင်သူနှင့်အတူဆောင်ရွက်ရန်အမေရိကန် ဆီးနိတ်အမတ်MitchMcConnellကဥပဒေပြုလွှတ်တော်အမတ်များကိုယမန်နေ့ကတိုက်တွန်းလိုက်သည်။
“စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှု သက်တမ်းတိုးရေး ဆောင်ရွက်မှုတွေမှာ ပူးပေါင်းပါဝင်ဖို့ ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဘက်တွေကို ဖိတ်ခေါ်ပါတယ်။ မှတ်တမ်းထဲမှာ ပူးပေါင်းဆုံးဖြတ်ချက်အဖြစ် ရေးထိုးနိုင်ဖို့ တညီတညွတ်တည်း သဘောတူကြဖို့ တိုက်တွန်းလိုပါတယ်” ဟု မစ္စတာ McConnell က ပြောကြားသည်။
အရေးယူမှုကိုဆက်လက်ထားရှိသင့်ကြောင်းနှင့်ရုပ်သိမ်းလိုက်လျှင်မှားယွင်းသောအချက်ပြမှု ဖြစ်စေနိုင်ပြီး၊ အရှေ့တောင်အာရှရှိ မြန်မာနိုင်ငံအားဆယ်စုနှစ်၂ခုကြာမတရားအုပ်စိုးနေသည့်စစ်အစိုးရအားတရားဝင် အသိအမှတ်ပြုသကဲ့သို့ဖြစ်သွားလိမ့်မည်ဟုဆီးနိတ်လွှတ်တော်တွင်အနည်းစုဖြစ်သည့် ရီပတ်ဘလစ်ကန်ပါတီ အမတ်ခေါင်းဆောင်သူကပြောသည်။
“စစ်အစိုးရအပေါ်ပိတ်ဆို့အရေးယူမှုတွေကိုဆက်ထားသင့်တယ်။ဘာ့လို့လဲဆိုတော့ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းလိုက်ရင်စစ်အစိုးရကိုသူတို့အရမ်းလိုလားတောင့်တနေတဲ့‘တရားဝင်မှုဆိုတဲ့အခြေအနေတရပ်ကို ပေးလိုက်သလိုဖြစ်သွားမှာမို့လို့ပါ”ဟုသူကပြောကြားခဲ့သည်။
လွန်ခဲ့သောနှစ်များအတွင်းစစ်အစိုးရထံတွင်ပြုပြင်ပြောင်းလဲရန်ဆန္ဒရှိသည့်အရိပ်အယောင်များ မတွေ့ခဲ့ရသဖြင့်၎င်းတို့အပေါ်ပိတ်ဆို့အရေးယူမှုများဆက်လက်သက်တမ်းတိုးရေးသည်ယခင်ကဲ့သို့ ဆီလျော်၍ အရေးကြီးသောလုပ်ငန်းစဉ်ဖြစ်သည်ဟုMcConnellကဆက်ပြောသည်။
အမေရိကန်ပြည်ထောင်စုနှင့်ကမ္ဘာ့အသိုင်းအဝိုင်းကစစ်အစိုးရနှင့်အကြိမ်ပေါင်းမြောက်မြားစွာ စေ့စပ်ညှိနှိုင်းရန်ကြိုးစားခဲ့ကြသော်လည်းမြန်မာနိုင်ငံတွင်ဒီမိုကရေစီဆန်သောပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရေးအတွက်ရလဒ်များထွက်ပေါ်ခဲ့ခြင်းမရှိပေ။
အမေရိကန်သည်၁၉၉၇ခုနှစ်တွင် မြန်မာစစ်အစိုးရအပေါ်စီးပွားရေးအရပိတ်ဆို့အရေးယူမှုများစတင်ခဲ့ပြီး အရေးယူမှုကိုနှစ်စဉ်သက်တမ်းတိုးခဲ့သည်။သို့ရာတွင်ပြီးခဲ့သည့်နှစ်ကအိုဘားမားအစိုးရအဖွဲ့သည် မြန်မာနိုင်ငံအပေါ်လက်ရှိအရေးယူမှုများကိုဆက်လက်ထားရှိရင်းကစစ်အစိုးရနှင့်လည်း တိုက်ရိုက်ညှိနှိုင်းဆွေးနွေးမည့်မူဝါဒအသစ်ကိုကြေညာခဲ့သည်။
“ဘယ်လိုပဲရည်ရွယ်ချက်တွေကောင်းကောင်း၊အိုဘားမားအစိုးရရဲ့စေ့စပ်ညှိနှိုင်းရေးမူဝါဒအသစ်ကလည်း အရင်တုန်းကစေ့စပ်ညှိနှိုင်းမှုတွေလိုပဲမထိရောက်ခဲ့ပါဘူး။စစ်အစိုးရဟာပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ဆန္ဒမရှိခဲ့ပါဘူး”ဟုMcConnellကပြောသည်။
စစ်အစိုးရသည် ပြုပြင်ပြောင်းလဲမှုလုပ်ရန်ဆန္ဒမရှိသော်လည်းတရားဝင်အသိအမှတ်ပြုခံရရေးနှင့် ၎င်းတို့အပေါ်ကမ္ဘာ့နိုင်ငံများမှအမြင်ကြည်လင်ရေးအတွက်ဆန္ဒပြင်းပြနေသဖြင့်ယခုနှစ်နှောင်းပိုင်းတွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟုကြေညာခဲ့ပြီးပြုပြင်ပြောင်းလဲမှုများပြုလုပ်ပေးမည်ဟုကတိပေးခဲ့ကြောင်း မစ္စတာMcConnellကဆက်လက်ပြောကြားသည်။
ယခုနှစ်တွင်ကြေညာခဲ့သောရွေးကောက်ပွဲဥပဒေများသည်ဒီမိုကရေစီလမ်းစဉ်နှင့်လည်း ဆန့်ကျင်နေသည်ဟုသူကပြောသည်။ရွေးကောက်ပွဲဥပဒေများသည်မြန်မာနိုင်ငံ၏ အရေးအကြီးဆုံး ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားဘေးသို့ပထုတ်ခဲ့ပြီးသူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုလည်းနိုင်ငံရေးစည်းဝိုင်းအပြင်ဘက်သို့ပထုတ်ရန် ရည်ရွယ်ထားခဲ့သည်။
“စစ်အစိုးရကိုဆက်လက်အရေးယူတာဟာသူတို့လိုလားတောင့်တနေတဲ့တရားဝင်ရေးကိုတားဆီးနိုင်တဲ့အတွက် ပိတ်ဆို့မှုတွေဆက်လက်ပြုလုပ်ဖို့အရေးကြီးပါတယ်”ဟုဆီးနိတ်လွှတ်တော်အမတ်McConnellက ပြောသည်။
မြန်မာလူထု၏ဆန္ဒအမှန်ကိုနောက်ဆုံးအကြိမ်ဖော်ပြနိုင်ခဲ့သည့်၁၉၉ဝရွေးကောက်ပွဲရလဒ်များအား စစ်အစိုးရမှငြင်းပယ်ရေးအတွက်ကြိုးစားအကောင်အထည်ဖော်နေရာတွင်အမေရိကန်ပြည်ထောင်စုသည် ထိုကြိုးစားမှုအားအသိအမှတ်ပြုသည့်နိုင်ငံတနိုင်ငံမဖြစ်သင့်ကြောင်းသူကဆက်လက်ပြောဆိုသည်။



Geen opmerkingen: