မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 10 mei 2010

ကြံ့ဖွံ့ပါတီဥပဒေနှင့်မညီဟုတခြားပါတီတခုဝေဖန်

စိုင်းဇွမ်ဆိုင်း Monday, May 10, 2010
.၂၀၁၀ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည်အာဏာရပါတီ ဆန်နေသည့်အပြင်ရွေးကောက်ပွဲဥပဒေများနှင့်လည်းညီညွတ်မှုမရှိဟုပြည်ထောင်စုဒီမိုကရေစီပါတီက ဝေဖန်လိုက်သည်။
  ကြံ့ဖွံ့ဖွင့်ထားသောအင်္ဂလိပ်စာသင်တန်းတခုတွင်အသင်းဝင်များသင်ယူနေကြစဉ်(ဓာတ်ပုံ-ခေတ်လူငယ်)
“ကျနော် သိသလောက်တော့ သူတို့ ပါတီရုံး ဆိုတာတွေက နိုင်ငံတော် ငွေကြေးနဲ့ တည်ဆောက် ထားတာ တွေလေ။ ဒါတွေကို သူတို့တွေ ဆက်သုံး နေမယ်ဆိုရင် စကား ပြောစရာ တွေတော့ ဖြစ်လာ လိမ့်မယ်” ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ကိုဖြိုးမင်းသိန်းက ယနေ့ ဧရာဝတီသို့ ပြောသည်။
စစ်အစိုးရက ထုတ်ပြန် ထားသော နိုင်ငံရေး ပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေ ပုဒ်မ ၇၊ အပိုဒ် (ဂ) တွင်လည်း နိုင်ငံတော်ပိုင် ငွေကြေး၊ အဆောက် အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းသည် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင် ပေးရန် လျှောက်ထားခြင်း မရှိစေရ ဟူ၍ပါရှိသည်။
ထိုသို့ရွေးကောက်ပွဲဥပဒေများနှင့်မညီသည့်အခြေအနေများတွေ့မြင်နေရသောကြောင့် အသွင်ကူးပြောင်းရေးကာလတွင်စစ်သားနှင့်အရပ်သားညီတူညီမျှပါဝင်သည့်အစိုးရသစ်တရပ်ဖွဲ့ပေးရန် ပြည်ထောင်စုဒီမိုကရေစီပါတီကသောကြာနေ့တွင်ကြေညာချက်တရပ်ထုတ်ပြန်လိုက်သည်။
၎င်းတို့ပါတီ၏နာယကတဦးဖြစ်သူကိုညိုထွန်းကလည်း“ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီထဲမှာအသက်၁၈ နှစ်မပြည့်သေးတဲ့ကျောင်းသားတွေ၊နိုင်ငံ့ဝန်ထမ်းတွေအများကြီးပါနေတယ်။ဒီလိုကိစ္စတွေက မဖြစ်သင့်မဖြစ်ထိုက်တဲ့ကိစ္စတွေပါ”ဟုဆိုသည်။
ကိုညိုထွန်းကပင်ဆက်လက်၍မကြာသေးမီကစစ်ဘက်ရာထူးမှအနားယူသွားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်ဦးသိန်းစိန်သည်ရာထူးမှအနားယူသွားသော်လည်း စစ်အစိုးရနှင့်ငွေကြေးကိစ္စများအရမှစ၍နောက်ကွယ်တွင်မည်သို့ပတ်သက်နေသည်ကိုမည်သူမှ မသိနိုင်ကြောင်းပြောသည်။
ယခုကဲ့သို့ကြေညာချက်ထုတ်ပြန်ရခြင်းသည်ပြည်သူလူထုကိုအသိပေးချပြရုံသာဖြစ်ကြောင်း၊ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက၎င်းတို့၏အပြုအမူများကိုမပြောင်းလဲဘဲအာဏာရပါတီတခုကဲ့သို့ဆက်လက် ပြုမူဆောင်ရွက်သွားမည်ဆိုပါကရွေးကောက်ပွဲကော်မရှင်ထံသို့လည်းကောင်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌထံသို့လိပ်မူ၍လည်းကောင်း တိုင်ကြားသွားမည်ဟုလည်းကိုဖြိုးမင်းသိန်းကဆိုသည်။
“တကယ်လို့ဥပဒေနဲ့မညီတဲ့အပြုအမူတွေနဲ့ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့မယ်ဆိုရင်တည်ဆဲဥပဒေတွေနဲ့ ရွေးကောက်ပွဲကော်မရှင်ကနေအရေးယူသွားမှာပါ”ဟုကိုဖြိုးမင်းသိန်းကရှင်းပြသည်။
ဇိုမီးအမျိုးသားကွန်ဂရက်မှဦးပူကျင့်ရှင်းထန်ကလည်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အသုံးပြုနေသောအဆောက်အအုံများသည်ပြည်သူများထံမှလာသောနိုင်ငံတော်ဘဏ္ဍာများဖြစ်နေခြင်း၊ ပါတီဝင်များသည်လည်းကျောင်းသားကျောင်းသူများ၊ဝန်ထမ်းများပါဝင်နေခြင်းတို့ကြောင့်ပြည်ထောင်စု ဒီမိုကရေစီပါတီ၏လုပ်ရပ်အပေါ်ထောက်ခံသည်ဟုဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည်နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန် ဦးဆောင်ထားသောနိုင်ငံရေးပါတီတခုဖြစ်သည်။

Geen opmerkingen: