ရန်ပိုင် Tuesday, May 11, 2010
.ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ် ကမ်း ဘဲလ်တို့ ယမန်နေ့က အဆောက်အဦး ပြင်ပတွင် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းသည် စစ်အစိုးရက အသံဖမ်းယူမည်ကို စိုးရိမ်သော ကြောင့်ဖြစ်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။
ယမန်နေ့ကဒေါ်အောင်ဆန်းစုကြည်(အလယ်)နှင့်မစ္စတာကာ့တ်ကမ်းဘဲလ်(ယာ)တို့ အစိုးရဧည့်ဂေဟာ အပြင်ဘက်တွင် ထီးမိုး၍ ဆွေးနွေး နေကြသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - အမေရိကန် သံရုံး/ရန်ကုန်)
ဒေါ်အောင်ဆန်း စုကြည်နှင့် မစ္စတာ ကမ်းဘဲလ်တို့ တနာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေး ရာတွင် အစိုးရက စီစဉ်ပေးသည့်ဧည့်ဂေဟာဧည့်ခန်းအတွင်း၌၁၅မိနစ်ခန့်သာစကားစမြည်ပြောဆိုပြီးနောက် အဓိကကျသော ဆွေးနွေးမှုများကို အပြင်ဘက်တွင် ထီးမိုး၍ ဆက်လက် ဆွေးနွေး ခဲ့ခြင်း ဖြစ်သည်။
ယင်းဆွေးနွေးမှုများတွင်မြန်မာ့နိုင်ငံရေးနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏အခန်းဏ္ဍကို အဓိကထား ဆွေးနွေး ခဲ့ကြောင်း ဧရာဝတီက စုံစမ်း သိရှိရသည်။
၂၀၀၃ ခုနှစ်ကကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စတာပီညဲရိုးအင်းစိန်အကျဉ်းထောင်တွင်နိုင်ငံရေး အကျဉ်းသားများနှင့်တွေ့ဆုံစဉ်အာဏာပိုင်များကအသံဖမ်းစက်ဖြင့်ခိုးယူနားထောင်ခဲ့ဖူးသည်။
ယခုခရီးစဉ်နှင့်ပတ်သက်၍ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်စစ်အစိုးရကအတိုက်အခံ ခေါင်းဆောင်များ၊နိုင်ငံရေးအဖွဲ့အစည်းများနှင့်ညှိနှိုင်းမှုမရှိဘဲတရားမျှတမှုမရှိသည့်ရွေးကောက်ပွဲကျင်းပရန် စီစဉ်ခဲ့ခြင်းကို မစ္စတာကမ်းဘဲလ်ကစိတ်ပျက်မိကြောင်းပြစ်တင်ဝေဖန်သွားခဲ့သည်။
မြန်မာပြည်ခရီးစဉ်နှင့်ပတ်သက်၍ရန်ကုန်ရှိအမေရိကန်သံရုံးကထုတ်ပြန်သောမစ္စတာကမ်းဘဲလ်၏ ကြေညာချက်တွင်မြန်မာ့နိုင်ငံရေးတွင်အဘက်ဘက်ကအရေးပါသူများအားလုံးပါဝင်ခွင့်ရှိပြီးဂုဏ်သိက္ခာရှိရှိ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားရန်၊နျူကလီးယားနည်းပညာပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ မြန်မာအစိုးရအနေဖြင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ်၁၈၇၄ကိုလိုက်နာဆောင်ရွက်ရန် ရေးသားထားသည်။
သို့သော်စစ်အစိုးရသည်သန့်စင်ပြီးသားယူရေနီယံများကိုမြောက်ကိုရီးယားနိုင်ငံ၏နည်းပညာအကူအညီဖြင့် လာမည့်၅နှစ်အတွင်းအနုမြူဗုံးထုတ်လုပ်ရန်စီစဉ်နေသည်ဟု၂၀၀၉ခုနှစ်သြဂုတ်လထုတ်SydneyMorning Heraldသတင်းစာ၏ဆောင်းပါးတပုဒ်တွင်ဖော်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံလုပ်မြေပြင်မှဝေဟင်ပစ်ဒုံးပျံများ၊မော်တော်ယာဉ်ပေါ်တွင်တင်၍ရွှေ့ပြောင်းပစ်ခတ် နိုင်သည့်ဒုံးကျည်ပစ်စင်များကိုစစ်အစိုးရကဘာတာစနစ်ဖြင့်ကောက်ပဲသီးနှံများနှင့်လဲလှယ်ခဲ့သည်ဟု ပြီးခဲ့သည့် မတ်လထုတ် Australian Journal of International Affairs ဂျာနယ်တွင်လည်း ဆောင်းပါးရှင် အင်ဒရူးဆတ်သ်ကရေးသားခဲ့သည်။
ထို့အပြင်စစ်အစိုးရအဖွဲ့ဝင်တဦးဖြစ်သောဗိုလ်ချုပ်ကြီးသူရရွှေမန်းခေါင်းဆောင်သည့်ကိုယ်စားလှယ် အဖွဲ့သည်၂၀၀၈ခုနှစ်နိုဝင်ဘာလအတွင်းကမြောက်ကိုရီးယားသို့လျှို့ဝှက်သွားရောက်ခဲ့သည်။
ထိုခရီးစဉ်တွင်မြောက်ကိုရီးယားစစ်ဦးစီးအရာရှိချုပ်ဗိုလ်ချုပ်ကင်မ်ကျုတ်ဆစ် (KimKyok-sik)နှင့်နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာကိုလက်မှတ်ရေးထိုးခဲ့ပြီးစစ်ရေးအရပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။
ခရီးစဉ်အတွင်း မြိုယမ်းရှိ ရေဒါနှင့် ကြားဖြတ် ပိတ်ဆို့မှုဌာန (Radar and jamming units) များ၊ ပြုံယမ်းရှိ လေကြောင်းရန် ကာကွယ်ရေး တပ်များ၊ လေကြောင်းတပ်ဖွဲ့များ၊ ကွန်ပျူတာဖြင့် ထိန်းချုပ် အမိန့်ပေး ဌာနများသို့လည်း သွားရောက် ကြည့်ရှုခဲ့သည့် အပြင် ဥမင်လိုဏ်ခေါင်း အတွင်းရှိ အဆောက်အဦးများတွင် ထုတ်လုပ်နေသည့်မြေပြင်မှမြေပြင်ပစ်စကဒ်(SCUD)ဒုံးကျည်စက်ရုံများသို့သွားရောက်၍ လေ့လာကြသေးသည်။
မြန်မာနိုင်ငံရှိစစ်ရေးအဆောက်အအုံတချို့ဆောက်လုပ်ရာ၌မြောက်ကိုရီးယားကကူညီဆောက်လုပ်ခြင်း၊ ကြီးကြပ်ပေးခြင်းပြုမည်ဟူသောသဘောတူညီချက်အရအဆောက်အအုံများတွင်ဒုံးကျည်များ၊ လေယာဉ်များ၊သင်္ဘောများသိုဝှက်ထားနိုင်မည်ဟုဆိုသည်။
၂၀၀၉ ခုနှစ် ဇွန်လကလည်း လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်း နေသည်ဟူသော သတင်းက ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့ ရောက်ရှိခဲ့သည်။ တချိန်တည်းမှာပင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။
ပြီခဲ့သည် ဖေဖော်ဝါရီလကလည်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် ဂျုံ အီးလ်၏ မွေးနေ့ပွဲကို ရန်ကုန်မြို့မြောက်ကိုရီးယား သံရုံးက စီစဉ် ကျင်းပရာ မြန်မာစစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး တင်အေး တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း မွေးနေ့အတွက် သ၀ဏ်လွှာတစောင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ မစ္စတာ ကမ်းဘဲလ်၏ ကြေညာချက်တွင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ချင်းမပြုသည့် နိုင်ငံရေးပါတီများ၏ ဆုံးဖြတ်ချက် ကိုလည်း လေးစားကြောင်း၊ NLDပါတီအနေဖြင့် အနာဂတ်တွင် မည်သည့်ပုံစံမျိုးဖြင့် ရပ်တည်သည်ဖြစ်စေ NLDအပါအ၀င် မြန်မာပြည်သူများကို အမေရိကန်ပြည်ထောင်စုက ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း၊ အရေးယူပိတ်ဆို့မှု များကို ရုပ်သိမ်းသွားမည် မဟုတ်ဘဲ ထိတွေ့ဆက်ဆံသည့် မူဝါဒ ကို ဆက်လက် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပါရှိသည်။
ကျင်းပမည့် ရွေးကောက်ပွဲသည် ယုံကြည်နိုင်စရာ မရှိသည့် အကြောင်းအချက်များကို တွေ့မြင်ရသည့်အတွက် နိုင်ငံတကာ၏ တရားဝင် အသိအမှတ်ပြုမှုကို ရရှိမည် မဟုတ်ကြောင်း၊ ကျန်ရှိနေသည့်အချိန်အတွင်း အားလုံးပါဝင်နိုင်သည့် လမ်းစဉ်ချမှတ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း တိုက်တွန်းထားသည်။
မစ္စတာ ကမ်းဘဲလ်သည် တနင်္ဂနွေနေ့က မြန်မာပြည်သို့ ဒုတိယအကြိမ် လာရောက်ပြီးနောက် ပြန်ကြားရေး ၀န်ကြီး ဦးကျာ်ဆန်း၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းတို့နှင့်လည်း တွေ့ဆုံခဲ့သည်။
ယင်းအပြင်NLDဗဟိုကော်မတီအဖွဲ့ဝင်များ၊မကြာသေးမီကဖွဲ့စည်းခဲ့ကြသည့်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။

Geen opmerkingen:
Een reactie posten