ငြိမ်းချမ်း
အင်္ဂါနေ့၊မေလ၁၁ရက်၂၀၁၀ခုနှစ်၁၉နာရီ၂၉မိနစ် .
ဒါကာ(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်မောင်တောမြို့နယ်၊သရက်အုပ်ကျေးရွာဥက္ကဋ္ဌဦးထွန်းအေးမောင်၏ နေအိမ်ကိုယခုလ၈ရက်နေ့ကဓားပြတိုက်မှုဖြစ်ပွားရာရွှေ၁ဝကျပ်သားနှင့်ငွေကျပ်၎ဝသိန်း လုယက်သွားသည်ဟုကာယကံရှင်များကပြောသည်။
ည၁ဝနာရီခန့်တွင်နယ်စပ်ဒေသစစ်ဆေးရေးနှင့်ကွပ်ကဲရေးဌာန(နစက)တပ်ဖွဲ့ဝင်အဖြစ် ဟန်ဆောင်ထားသောဓားပြ၂ဝဦးခန့်ကဧည့်စာရင်းစစ်ရန်အတွက်ဟုဆိုကာကျေးရွာဥက္ကဋ္ဌနေအိမ်အတွင်း ဝင်ရောက်လာပြီးဓားပြတိုက်ယူသွားသည်ဟုဆိုသည်။
အခင်းဖြစ်ပွားချိန်တွင်ဦးထွန်းအေးနှင့်ဇနီး၊သားတဦးနှင့်သမီးတဦးနေအိမ်တွင်ရှိနေပြီးဓားပြများက သေနတ်များပါရှိသည်ဟုဆိုသည်။
”ဓားပြတွေကကျနော့်မိန်းမကိုရိုက်ပြီးတော့ပစ္စည်းထားတဲ့နေရာကိုပြခိုင်းတယ်။အရိုက်ခံရတဲ့အခါငွေနဲ့ရွှေတွေ သိမ်းထားတဲ့နေရာကိုပြလိုက်တယ်။ပတ်ဝန်းကျင်ကအိမ်တွေကလည်းဓားပြတိုက်တာကိုကြားပေမယ့် ထွက်မလိုက်ရဲကြဘူး”ဟုဦးထွန်းအေးမောင်ကမဇ္ဈိမကိုတယ်လီဖုံးမှတဆင့်ဖြေကြားသည်။
နစကကွပ်ကဲရေးဌာနချုပ်သို့သွားရောက်တိုင်ကြားသော်လည်းတရားခံကိုသဲလွန်စမရသေးဘဲရှိသည်ဟု သိရသည်။
ဘင်္ဂလားဒေ့ခ်ျနှင့်ကပ်လျက်ရှိသောနယ်စပ်မြို့များဖြစ်သည့်ရခိုင်ပြည်နယ်အတွင်းမောင်တော၊ ဘူးသီးတောင်နှင့်ရသေ့တောင်မြို့များအတွင်းနစကဟန်ဆောင်၍ဓားပြတိုက်မှုများမကြာခဏ ဖြစ်ပွားနေသည်။
ပြီးခဲ့သည့်ဧပြီလအတွင်းမောင်တောမြို့နယ်တခုထဲတွင်ပင်ဓားပြမှု၆ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်ဆုံးအကြိမ်မှာ ဧပြီလ၂၆ရက်နေ့ကဖြစ်သည်။နစကဟန်ဆောင်ထားသောလူ၂ဝဦးကပြားသားရွာမှအိမ်တလုံးကို ဝင်တိုက်သွားရာကျပ်ငွေ၁၅သိန်းခန့်ပါသွားသည်ဟုကာယကံရှင်များနှင့်နီးစပ်သူများကပြောသည်။
နစကတပ်ကြပ်ကြီးတဦးကတော့ဓားပြများမှာဘင်္ဂလားဒေ့ခ်ျပိုင်နက်မှဝင်ရောက်လာခြင်းဖြစ်ပြီးနယ်စပ်ကို အလွယ်တကူဖြတ်သွားနိုင်မှုကြောင့်ဖမ်းဆီးရန်ခက်ခဲသည်ဟုပြောသည်။
“စခန်းထွက်လိုက်ပြန်ရင်လည်းစက်လှေနဲ့နတ်မြစ်ကိုဖြတ်ကူးပြေးသွားကြတယ်။ဒီကိစ္စကိုသေသေချာချာ စောင့်ကြည့်လေ့လာမယ့်အစီအစဉ်တရပ်ဖော်ဆောင်ဖို့ဌာနချုပ်ကိုတင်ပြထားပါတယ်”ဟုနစကနယ်မြေ၅မှ တပ်ကြပ်ကြီးတဦးကပြောသည်။
Geen opmerkingen:
Een reactie posten