ဖနိဒါ
အင်္ဂါနေ့၊မေလ၁၁ရက်၂၀၁၀ခုနှစ်၁၈နာရီ၃၃မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။နိုင်ငံရေးပါတီအဖြစ်တည်ထောင်ခွင့်မရသေးသဖြင့်ပါတီစည်းရုံးရေးလုပ်ငန်းများ နှောင့်နှေးနေရသည်ဟုကချင်အမျိုးသားလွှတ်မြောက်ရေးအဖွဲ့(KIO)ဒုဥက္ကဌဟောင်း ဦးဆောင်သည့် ကချင် ပြည်နယ်တိုးတက်ရေးပါတီKSPP ကယနေ့ပြောသည်။
“စည်းရုံးရေးကွင်းဆင်းဖို့က အခုအချိန်ခါမှာ မှတ်ပုံတင်စောင့်နေရတာ ရှိနေတယ်။ ခုထိ ကျယ်ကျယ် ပြန့်ပြန် စည်းရုံးရေး မလုပ်နိုင်ဘူး။ ပါတီအများစုကိုတော့ ချပေးပြီး ကျနော်တို့ ကျန်နေသေးတယ် ဆို တော့ နှောင့်နှေးမှုရှိနေတယ်လို့ ခံစားမိတယ်” ဟု KSPP ဥက္ကဌ ဒေါက်တာတူးဂျာ က ပြောသည်။
ယခင်လ၅ ရက်နေ့ကတည်းကပါတီထောင်ခွင့်တင်ထားသော်လည်းKSPPအားပါတီထောင်ခွင့် မချပေးသေးသော်လည်း ၎င်းတို့နောက်မှ လျှောက်သည့် ပါတီ ၂ဝ ကျော်ကိုမူ ခွင့်ပြုချက်ပေးပြီးဖြစ် သည်။
KSPPအပါအဝင်ရှမ်းပြည်နယ်(မြောက်ပိုင်း)တိုးတက်ရေးပါတီ၊ညီညွတ်သောဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)နှင့်တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီတို့ကိုမူယနေ့ထိပါတီထောင်ခွင့်ပြုချက် မပေးသေးပေ။
ယခုလ၆ရက်နေ့ထိနိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်သည့်ပါတီ၃၁ခုအနက်၂၇ခုအား ရွေးကောက်ပွဲကော်မရှင်က ထူထောင်ခွင့်ပြုလိုက်ပြီး ဖြစ်ကြောင်း စစ်အစိုးရက ကြေညာထားသည်။
ပါတီထောင်ခွင့်ရရှိရန် စောင့်ဆိုင်းပါရန် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသိန်းစိုးက ယခုလ ၇ ရက်နေ့တွင်KSPPဥက္ကဌဒေါက်တာတူးဂျာနှင့်အတွင်းရေးမှူးဦးတူးရော်တို့အပါအဝင်အဖွဲ့ဝင်၎ဦးကို နေပြည်တော် ကော်မရှင်ရုံး၌ ခေါ်ယူ ရှင်းပြခဲ့သည်ဟု အတွင်းရေးမှူး ဦးတူးရော် က ပြောသည်။
“ခွင့်ပြုမှာပါ။ စိတ်ပူနေမှာဆိုးလို့ ခေါ်ပြောတာပါ။ မစိုးရိမ်ပါနဲ့ နည်းနည်း စောင့်ပေးပါ။ ကေအိုင်အို တွေနဲ့ ဆွေးနွေးနေတာတွေရှိသေးလို့ နည်းနည်းစောင့်ပေးရအောင်လို့ ပြောတယ်” ဟု သူက ပြော သည်။
ကချင်ပြည်နယ်အတွင်း၌KSPPပါတီအပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (တစည)၊ ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၊ညီညွတ်သောဒီမိုကရေစီပါတီ(ကချင်ပြည်နယ်)တို့လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
ညီညွတ်သောဒီမိုကရေစီပါတီ(ကချင်ပြည်နယ်)သည်လည်း KSPPနည်းတူ နိုင်ငံရေးပါတီ တည်ထောင်ခွင့် မကျသေးသော်လည်းတစညနှင့်စစ်အစိုးရဝန်ကြီးချုပ်ဦးသိန်းစိန်ဦးဆောင်သည့်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တို့မှာမူ ကချင်ပြည်နယ်တွင် စည်းရုံးရေးများ ဆင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
တချိန်တည်း၌ နယ်ခြားစောင့်တပ်ကို လက်မခံသည့် ကချင်လွတ်မြောက်ရေးအဖွဲ့KIOတပ်မဟာ ၃ ဌာနချုပ်ရှိရာတရုတ်နယ်စပ်မိုင်ဂျာယန်မြို့နှင့်အနီးအနားရှိကျေးရွာများတွင်စစ်သင်တန်းများ ပို့ချလျှက်ရှိသည်။
အလားတူယမန်နေ့ကလည်းKIOမှအထွေထွေအတွင်းရေးမှူးဒေါက်တာလှဂျာ၊ဗိုလ်ကြီး ဇောင်းဘောက်ထန်းနှင့်ဗိုလ်ကြီးဘရန်တောင်တို့ကတရုတ်နယ်စပ်မိုင်ဂျာယန်မြို့တွင်လူထု စည်းဝေးပြုလုပ်ခဲ့သည်ဟုသိရသည်။
ကေအိုင်အိုသည် ယခင်လ ၂၂ ရက်နေ့က နယ်ခြားစောင့်တပ်ကို လက်မခံကြောင်း တုံ့ပြန်ပြောဆိုခဲ့ပြီး နောက် ၂၈ ရက်နေ့တွင် ဆက်သွယ်/စာတိုက်နှင့်ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်၊ မြောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း၊ နေပြည်တော် စာရင်းစစ်ချုပ် ဗိုလ်ချုပ်လွန်းမောင်နှင့် အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်း၊ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ဘုန်းဆွေ တို့နှင့်လည်း တွေ့ဆုံပြီး ထပ်မံငြင်းဆို ခဲ့သည်။
(ကိုဝိုင်းတည်းဖြတ်သည်)
Geen opmerkingen:
Een reactie posten