ဂါမဏိ
၅/မေ၂၀၁၀
(၁)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က၂၀၀၉ခုဧပြီ(၂၉)ရက်မှာရွှေဂုံတိုင်ကြေညာချက်ကို ထုတ်ပြန်ပြီး ရွေးကောက်ပွဲဝင်နိုင်ဖို့ အနိမ့်ဆုံး လိုအပ်ချက်တွေကို ပြတ်ပြတ်သားသား သတ်မှတ်ခဲ့ပါတယ်။ ဒီထဲမှာ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့၊ နာဂစ်အခြေခံဥပဒေကို ပြန်သုံးသပ်ဖို့၊ နိုင်ငံရေးပါတီအားလုံး လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့်ရှိဖို့၊ ၉၀ ရွေးကောက်ပွဲ ရလဒ်တွေကို တနည်းနည်းနဲ့ အသိအမှတ်ပြုဖို့၊ တွေ့ဆုံဆွေးနွေးကြဖို့ဆိုတဲ့ရပ်တည်ချက်တွေကိုကြေညာထားပြီး၂၀၁၀ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်းခုနပြောတဲ့အချက်တွေအပြင်နိုင်ငံတကာကြီးကြပ်မှုအောက်မှာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးရင် ဝင်ဖို့ စဉ်းစားမယ်လို့ ရှင်းရှင်းလင်းလင်း သတ်မှတ်ခဲ့ပါတယ်။
နအဖစစ်အစိုးရဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့သဘောထားတွေကိုဂရုမစိုက်ဘဲမတ်လ(၈)ရက်နေ့စွဲနဲ့ ရွေးကောက်ပွဲဥပဒေ၊ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေတွေ ထုတ်ခဲ့ပါတယ်။ ဒီဥပဒေတွေထဲမှာ ၉၀ ရွေးကောက်ပွဲရလဒ်ပျက်ပြယ်ပြီလို့ဇွတ်အတင်းထည့်ထားသလိုရက်(၆၀)အတွင်းမှတ်ပုံပြန်မတင်ရင် အဖွဲ့ချုပ်ဟာ ပါတီအဖြစ်က ပျက်ပြယ်မယ်လို့လည်း ထည့်သွင်းခြိမ်းခြောက်ထားပါတယ်။
အဖွဲ့ချုပ်ဟာမတ်လ(၂၉)ရက်မှာဗဟိုဦးစီးအဖွဲ့အစည်းအဝေးထိုင်ပြီးမှတ်ပုံမတင်ဖို့နဲ့ရွေးကောက်ပွဲမဝင်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံးရခဲ့တဲ့ လက်ရှိ တရားဝင် ရပ်တည်ခွင့်ရ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဘူးလို့ မေ (၃) ရက်မှာ ဆုံးဖြတ်ကြေညာခဲ့ပါတယ်။
မှတ်ပုံပြန်တင်ဖို့ နအဖရဲ့သတ်မှတ်ရက်က မေ (၆) ရက်မှာ ပြည့်မှာဖြစ်ပါတယ်။
(၂)
၂၀၀၉ ခု မတ်လမှာ နအဖဟာ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နယ်ခြားစောင့်တပ် သို့မဟုတ် အိမ်စောင့်တပ်အဖြစ် အသွင်ပြောင်းပြီး နအဖ ဦးဆောင်မှုကို အကြွင်းမဲ့ ခံယူဖို့နဲ့ မိမိတို့နယ်မြေ မိမိတို့ တိုင်းရင်းသားပြည်သူတွေကို နအဖလက်အောက် ထိုးအပ်၊ မိမိတို့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ဖျက်သိမ်းဖို့ အမိန့်ပေးလာပါတယ်။
ဒီလိုအသွင်ပြောင်းဖို့အတွက်၂၀၀၉မေလကုန်မှာစာရင်းပေးပြီး စက်တင်ဘာလကုန်မှာ အပြီးပြောင်းလဲဖို့ နအဖကရက်သတ်မှတ်ခဲ့ပါတယ်။တပ်တွေကိုအသွင်ပြောင်း၊ခေါင်းဆောင်တွေကပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်၊ဒီလိုမလုပ်ရင်မတရားသင်းကြေညာပြီးတိုက်မယ်လို့နအဖကဖိအားပေး ခြိမ်းခြောက်တာတွေ လုပ်ခဲ့ပါတယ်။
ဒီမိုကရေစီသစ်တပ်မတော်(ကချင်ပြည်နယ်)၊ကချင်ကာကွယ်ရေးတပ်၊ပအိုဝ်းအမျိုးသားအဖွဲ့၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်တို့က အသာတကြည် ခေါင်းညိတ်ခဲ့ပါတယ်။ ခေါင်းညိတ်ပေမယ့် ဒီမိုကရေစီသစ်တပ်မတော် (ကချင်ပြည်နယ်)က ၂၀၁၀ လွှတ်တော်မှာ နအဖစစ်တပ်အတွက်ထားတဲ့ (၂၅) ရာခိုင်နှုန်းထဲမှာ အပစ်ရပ်တပ်တွေကိုပါ ထည့်သွင်းဖို့ မရဲတရဲ တောင်းဆို သွေးတိုးစမ်းခဲ့ပါသေးတယ်။
ဒါပေမယ့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့၊ ရှမ်းအရှေ့ နိုင်ငံရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ (ဝါ)အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (မိုင်းလားအထူးဒေသ-၄)၊ မွန်ပြည်သစ်ပါတီ၊ရှမ်းပြည်တပ်မတော်၊ကယန်းပြည်သစ်ပါတီ၊ မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်အဖွဲ့(ကိုးကန့်)တို့ကနယ်ခြားစောင့်တပ်လုပ်ရေးကို ပယ်ချခဲ့ကြပါတယ်။အဲဒီအခါ၂၀၀၉ သြဂုတ်လမှာနအဖဟာ မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်အဖွဲ့ကို စမ်းသပ်တိုက်ကွက်ဖော် ချေမှုန်းပစ်ခဲ့ပါတယ်။
ဝပြည်သွေးစည်းညီညွတ်ရေးပါတီက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနဲ့ ပတ်သက်ပြီး တောင်းဆိုချက် (၉)ချက်ကို၂၀၀၉နိုဝင်ဘာ(၁၀)ရက်မှာနအဖဆီပေးပို့ခဲ့ပေမယ့်နအဖကလုံးဝပယ်ချခဲ့ပါတယ်။ အထူးဒေသ-၄ မိုင်းလား ငြိမ်းချမ်းရေးအဖွဲ့က ဖေဖော်ဝါရီ(၂၈)ရက်မှာအဆိုပြုချက်(၆)ချက်တင်ခဲ့တာကိုလည်း နအဖက ပယ်ချခဲ့ပါတယ်။
၂၀၁၀မတ်လမှာနအဖကအပစ်ရပ်အဖွဲ့တွေနယ်ခြားစောင့်တပ်အဖြစ်ဧပြီလကုန်(၂၂)ရက်သို့မဟုတ် (၂၈)ရက်မှာအပြီးပြောင်းဖို့(၅)ကြိမ်မြောက်ရက်ချိန်းထပ်ပေးခဲ့ပြန်ပါတယ်။ဒီရက်ချိန်းမရောက်ခင်မှာ ရှမ်းပြည်တပ်မတော်နဲ့ကယန်းပြည်သစ်ပါတီတို့ကအိမ်စောင့်တပ်အတွက်လူစာရင်းကို နအဖဆီ ပေးလိုက်ပါတယ်။ဒါပေမယ့်ရှမ်းပြည်တပ်မတော်တပ်မဟာ(၁)ကတော့ရှမ်းပြည်တပ်မတော် လူစာရင်းပေးတဲ့အထဲ မပါဝင်ဘဲ နေပါတယ်။
ဧပြီ(၃)ရက်မှာဝကထိုင်းနယ်စပ်က(၁၇၁)စစ်ဒေသကိုဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသထဲထည့်ဖို့ တောင်းဆိုချက်ကို (တရုတ်နိုင်ငံ အကြံပေးတဲ့အတိုင်း) စွန့်လွှတ်တာ၊ တပ်ရင်းအဆင့်မှာ နအဖစစ်သား (၆) ယောက်ထည့်တာအပါအဝင်အဆိုပြုချက်သစ်(၈)ချက်တင်တာကိုနအဖက(၉)ရက်နေ့မှာပယ်ချခဲ့ပါတယ်။ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ကဧပြီ(၁၈)ရက်မှာ၊မွန်ပြည်သစ်ပါတီကဧပြီ(၂၂)မှာနယ်ခြားစောင့်တပ် သို့မဟုတ် အိမ်စောင့်တပ် အသွင်ပြောင်းရေးကို အပြီးအပြတ် ငြင်းပယ်ခဲ့ပါတယ်။ ကေအန်ယူက ခွဲထွက်ပြီး နအဖနဲ့စေ့စပ်သွားခဲ့တဲ့တပ်မဟာ(၇)မှူးဟောင်းဗိုလ်ဌေးမောင်ရဲ့ကေအန်ယူငြိမ်းချမ်းရေးကောင်စီကလည်း ဧပြီ(၂၁)ရက်မှာနယ်ခြားစောင့်တပ်မလုပ်နိုင်ကြောင်းပြတ်ပြတ်သားသားအကြောင်းပြန်လိုက်ပါတယ်။ တိုးတက်သောကရင်ဗုဒ္ဓဘာသာအဖွဲ့ထဲမှာလည်းနယ်ခြားစောင့်တပ်လုပ်ဖို့ငြင်းဆန်သူတွေ ပေါ်လာနေပါတယ်။
နအဖတပ်ထဲမှာလည်း နယ်ခြားစောင့်တပ်ထဲသွား တာဝန်မယူချင်တာတွေ ဖြစ်နေသလို တိုင်းအဆင့် ဗျူဟာအဆင့်က သန်းရွှေ-မောင်အေး ကျေနပ်အောင် နယ်ခြားစောင့်တပ်လုပ်မယ့် လူအင်အားစာရင်းတွေ လိမ်တင်တာလည်း ဖြစ်နေပါတယ်။ နယ်ခြားစောင့်တပ်ကို သွားခိုင်းဖို့ကလည်း ကလေးစစ်သားတွေ အများစု ဖြစ်နေပါတယ်။
နအဖကသာစည်၊တောင်ကြီး၊သီပေါ၊လားရှိုး၊ဗန်းမော်၊မြစ်ကြီးနား၊မော်လမြိုင်တို့ကိုဖြတ်ပြီးစစ်ကားတွေ၊ တင့်ကားတွေ၊အမြောက်တွေသယ်ယူပို့ဆောင်ပြခဲ့ပါတယ်။အမ်အိုင်ဂျီ(၂၉)လေယာဉ်တွေ ဓာတ်ဆီအကုန်ခံ ပျံပြတာလည်းလုပ်ခဲ့ပါတယ်။တပ်မဘယ်နှခု၊တပ်ရင်းဘယ်နှရင်းဘယ်နယ်စပ်ဒေသတွေကိုပို့ထားပြီဆိုတဲ့ သတင်းတွေလည်းလွှင့်ခဲ့ပါတယ်။ဒါပေမယ့်ဧပြီ(၂၂)ရက်(၂၈)ရက်တွေကျော်သွားခဲ့ပါပြီ။ အပစ်ရပ်အဖွဲ့တွေက ကြံ့ကြံ့ခိုင် ရင်ဆိုင်ဆဲဖြစ်ပါတယ်။
(၃)
၁၉၆၂ ခုအောက်တိုဘာ(၁၄)ရက်မှာအမေရိကန်သူလျှိုလေယာဉ်ကအမေရိကန်နိုင်ငံနဲ့မိုင်(၉၀)ဝေးတဲ့ ကျူးဘားနိုင်ငံမှာရုရှဒုံးပျံစခန်းတွေဆောက်နေတာကိုထောက်လှမ်းတွေ့ရှိခဲ့ပါတယ်။ဒီဒုံးပျံတွေဟာမိုင် (၂,၄၀၀)အဝေးကိုပစ်နိုင်ပြီးအဏုမြူထိပ်ဖူးတွေတပ်ထားပါတယ်။
အောက်တိုဘာ (၁၆)ရက်မှာ သမ္မတကနေဒီ တက်ရောက်တဲ့ အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးက နည်းလမ်း (၅)ခုစဉ်းစားခဲ့ပါတယ်။ ဒီအတိုင်း လွှတ်ထားဖို့၊ သံတမန်ဖိအား သုံးပြီး ဒုံးပျံတွေ ရုပ်သိမ်းစေဖို့၊ ဒုံးပျံစခန်းတွေကိုလေကြောင်းကတိုက်ခိုက်ဖို့၊ကျူးဘားနိုင်ငံကိုတင်းပြည့်ကျပ်ပြည့်စစ်အင်အားသုံး ကျူးကျော်သိမ်းပိုက်ဖို့၊ကျူးဘားနိုင်ငံကိုရေတပ်အင်အားသုံးပိတ်ဆို့ထားဖို့ဆိုတဲ့နည်းလမ်းတွေဖြစ်ပါတယ်။ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ကတော့တင်းပြည့်ကျပ်ပြည့်ကျူးကျော်တိုက်ခိုက်ဖို့နည်းလမ်းကို ရွေးချယ်အဆိုပြုခဲ့တယ်။
နောက်ပိုင်းမှာ ဗီယက်နမ်စစ် လက်သည်လို့ နာမည်ကြီးခဲ့တဲ့ ကာကွယ်ရေးဝန်ကြီး မက္ကနာမားရားကတော့ ဒီဒုံးပျံအစင်း(၄၀)လောက်ဟာဘာမှမပြောပလောက်ဘူး၊အရေးလုပ်စရာမဟုတ်ဘူးလို့ သဘောထားပေးခဲ့ပါတယ်။(အဲဒီတုန်းကအမေရိကန်မှာဒုံးပျံအစင်း(၅,၀၀၀)လောက်ရှိနေပြီး ရုရှမှာတော့ (၃၀၀)ကျော်ပဲရှိလို့တဲ့။)စစ်ရေးအရအရေးမထားလောက်ပေမယ့်နိုင်ငံရေးအရတော့အမေရိကန် အကြီးအကျယ်သိက္ခာကျစရာဖြစ်မယ်လို့တော့အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီက တညီတညွတ်တည်းသဘောတူကြပါတယ်။ဒါနဲ့နည်းလမ်း(၅)ခုမှာရေတပ်နဲ့ပိတ်ဆို့ရေးကို ဆုံးဖြတ်လိုက်ပါတယ်။
အောက်တိုဘာ(၂၂)ရက်မှာကျူးဘားမှာဒုံးပျံတွေရောက်နေတဲ့ကိစ္စကိုအမေရိကန်ကတကမ္ဘာလုံးကို အသိပေးလိုက်ပြီး ရေတပ်နဲ့ ပိတ်ဆို့မယ်လို့ ကြေညာလိုက်ပါတယ်။
အောက်တိုဘာ(၂၄)ရက်မှာအမေရိကန်ရေတပ်ကကျူးဘားနိုင်ငံကိုမိုင်(၈၀၀)အကွာကနေ စတင်ပိတ်ဆို့လိုက်ပါတယ်။တကမ္ဘာလုံးမှာရှိတဲ့အမေရိကန်တပ်တွေကိုလည်းအဆင့်(၂) တပ်လှန့်အခြေအနေလုပ်ထားလိုက်ပါတယ်။ဒါဟာငြိမ်းချမ်းနေတဲ့ကာလမှာအမြင့်ဆုံး တပ်လှန့်အခြေအနေဖြစ်ပါတယ်။တပ်လှန့်ကြေးနန်းစာကိုလည်းဝှက်စာမသွင်းဘဲဗြောင်ပို့ခဲ့တယ်။ ကျူးဘားကို သွားတဲ့ သင်္ဘောအားလုံးကို ရပ်ခိုင်းပြီး တက်ရှာတာ လုပ်တယ်။ မသွားစေချင်တဲ့ သင်္ဘောတွေကိုပြန်လှည့်ခိုင်းတယ်။မရပ်တဲ့သင်္ဘောတွေကိုပစ်ခတ်ရပ်တန့်ပစ်ဖို့ အမိန့်အပြတ်ပေးထားတယ်။ စစ်လက်နက်မပါတဲ့ သင်္ဘောတွေကိုတော့ ဖြတ်သွားခွင့်ပေးပါတယ်။
ရုရှကလည်းပင်လယ်ပြင်မှာပင်လယ်ဓားပြအလုပ်မျိုးကိုလက်မခံနိုင်ဘူး၊လိုအပ်သလိုအင်အားသုံး တုံ့ပြန်မယ်လို့အကြောင်းပြန်ခဲ့တယ်။ဒီအချိန်မှာအဏုမြူဒုံးပျံတွေတင်ထားတဲ့ရုရှသင်္ဘောတွေဟာ ကျူးဘားကိုဦးတည်လာနေပါတယ်။(၂၅)ရက်မှာတော့အမေရိကန်ကအဏုမြူဗုံးတွေကို ဗုံးကြဲလေယာဉ်တွေပေါ် စ,တင်ခဲ့ပါတယ်။
(၂၆)ရက်မှာရုရှဝန်ကြီးချုပ်ကဒုံးပျံတွေရုပ်သိမ်းပေးမယ်၊အမေရိကန်ကလည်းကျူးဘားကို မကျူးကျော်ဘူးဆိုတာကတိပေးရမယ်လို့ကမ်းလှမ်းခဲ့ပါတယ်။(၂၇)ရက်မှာတူရကီမှာရှိတဲ့ အမေရိကန်ဒုံးပျံတွေရုပ်ပေးဖို့လည်းရုရှကတောင်းဆိုခဲ့ပါတယ်။(၂၇)ရက်မှာပဲကျူးဘားမှာရှိတဲ့ ရုရှအဏုမြူဒုံးပျံတွေကိုပစ်ခတ်ဖို့အသင့်အနေအထားလုပ်ခဲ့တယ်။ကျူးဘားသမ္မတကက်စထရိုကလည်း အမေရိကန်လေယာဉ်တွေကိုတွေ့သမျှပစ်ချဖို့အမိန့်ပေးခဲ့တယ်။ရုရှကနေအမေရိကန်ကိုစတိုက်ဖို့လည်း ရုရှဝန်ကြီးချုပ်ကိုတိုက်တွန်းတောင်းဆိုခဲ့ပါတယ်။အမေရိကန်သူလျှိုလေယာဉ်တစီးကိုလည်းကျူးဘားက ပစ်ချခဲ့ပါတယ်။တခြားစစ်လေယာဉ်တွေကိုလည်းပစ်ပေမယ့်ထိခိုက်မှုမရှိခဲ့ပါဘူး။အဏုမြူတော်ပီဒိုတွေ တပ်ဆင်ထားတဲ့ရုရှရေငုပ်သင်္ဘောတွေကိုတားဆီးဖို့ရေမြှုပ်ဗုံးတွေကိုလည်းအမေရိကန်ရေတပ်က ချခဲ့ပါတယ်။
အောက်တိုဘာ(၂၈)ရက်မှာတော့ ရုရှစစ်သင်္ဘောတွေဟာ နောက်ပြန်လှည့်သွားပါတော့တယ်။ အဲဒီနေ့မှာပဲ ရုရှတွေကဒုံးပျံတွေရုပ်သိမ်းပေးမယ်၊အမေရိကန်ကကျူးဘားကိုမကျူးကျော်ဖို့အာမခံမယ်ဆိုပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဦးသန့်ရှေ့မှာနှစ်ဘက်သဘောတူလက်မှတ်ထိုးခဲ့ကြပါတယ်။ရုရှနိုင်ငံနဲ့ ကပ်နေတဲ့တူရကီနိုင်ငံမှာရှိတဲ့အမေရိကန်အဏုမြူဒုံးပျံတွေကိုတော့နောက်(၆)လအကြာမှာအမေရိကန်က ရုပ်သိမ်းပေးလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဒင်းရပ်စ်က“ကျုပ်တို့တယောက်ကိုတယောက်မျက်လုံးချင်း စေ့စေ့ဆိုင်ကြည့်နေခဲ့ကြတာဟိုဘက်ကကောင်ကမျက်တောင်ခတ်သွားတယ်”We'vebeeneyeballto eyeball and the other fellow just blinked. လို့ သမိုင်းဝင်မှတ်ချက်စကား ပြောခဲ့ပါတော့တယ်။
အမေရိကန်သမ္မတအိုင်စင်ဟောင်ဝါကို“ခင်ဗျားမြေးတွေ လက်ထက်ကျရင် အမေရိကန်နိုင်ငံဟာ ကွန်မြူနစ်စနစ်အောက်ရောက်နေလိမ့်မယ်”လို့ ခြိမ်းခြောက်ခဲ့ဖူးတဲ့ ရုရှဝန်ကြီးချုပ်ဟာ၁၉၆၂ ခု ကျူးဘားအရေးအခင်းမှာနိုင်ငံရေးအရ သိက္ခာကျ ရှုံးနိမ့်သွားခဲ့တာဟာ နောက်နှစ်ပေါင်း (၃၀)အကြာမှာ ဆိုဗီယက်ရုရှနိုင်ငံပြိုကွဲတဲ့အထိဦးတည်သွားခဲ့ပါတော့တယ်။ဒါပေမယ့်ဒီကြားထဲမှာ၁၉၆၈ ခု ချက်ကိုစလိုဗေးကီးယားကိုကျူးကျော်တာ၊၁၉၇၉ ခုအာဖဂန်နစ္စတန်ကိုကျူးကျော်တာတွေတော့ ထလုပ်ခဲ့ပါသေးတယ်။ နောက်ဆုံးတော့ ကွဲသွားတာပါပဲ။
(၄)
နအဖနဲ့အန်အယ်လ်ဒီ၊နအဖနဲ့အပစ်ရပ်အဖွဲ့တွေတယောက်ကိုတယောက်မျက်လုံးချင်း စေ့စေ့ဆိုင်ကြည့်နေကြပါတယ်။ စိတ်ဓာတ်ချင်းပြိုင်ရာမှာ ဘယ်သူက မျက်တောင် အရင်စ,ခတ်မလဲ။ ။


Geen opmerkingen:
Een reactie posten