ရဲရင့်/ ၅ မေ ၂ဝ၁ဝ
နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းရန်လက်မခံသည့်ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို နအဖစစ်အစိုးရက စစ်ရေးနည်းဖြင့် အရေးမယူသေးဘဲ အခြားနည်းလမ်းများဖြင့် စည်းရုံးလျက်ရှိသည်။
သတ်မှတ်ရက်နောက်ဆုံးနေ့ဖြစ်သည့်ပြီးခဲ့သည့်ဧပြီ(၂၈)ရက်တွင်နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်ငြင်းဆန်ခဲ့သည့်ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကိုနအဖတပ်များက အင်အားပြခြိမ်းခြောက်မှုများပြုလုပ်ခဲ့ပြီးနောက်ပိုင်းယခုတဖန်ပြန်လည်စည်းရုံးနေသည်ဟုကေအန်ယူ-ကေအန်အယ်လ်အေငြိမ်းချမ်းရေးကောင်စီအဖွဲ့မှတပ်မှူးတဦးကပြောသည်။
၎င်းက“သူတို့သတ်မှတ်တဲ့အရင်လ(၂၈)ရက်နေ့ကသူတို့တပ်တွေ စစ်အင်အားပြပြီးတော့ခြိမ်းခြောက်မှုတွေ လုပ်လာတဲ့အပေါ်မှာကျနော်တို့ဘက်ကသတိထားရတာတွေရှိတယ်။ဥက္ကဋ္ဌအဖိုးဌေးမောင်ဆိုရင် နယ်စပ်ဘက်ကိုပြန်နေရတဲ့အနေအထားတွေရှိတယ်။အခုသူတို့ဘက်ကအကြောင်းကြားလာတယ်။ ဒီကိစ္စတွေကိုအေးအေးဆေးဆေးဆွေးနွေးလို့ရပါတယ်။ဘာပြဿနာမှမရှိဘူးလို့လည်းပြောတယ်”ဟု ဆိုသည်။
စောဌေးမောင်အနေဖြင့်ယခုကဲ့သို့နယ်စပ်တွင်သွားရောက်နေထိုင်ခြင်းသည်အန္တရာယ်ရှိသည့်အတွက် ကော့ကရိတ်တွင်ရှိသည့်ထော့ကိုကိုး၌ပြန်လာနေထိုင်ရန်နအဖကခေါ်သော်လည်းအဖွဲ့ဥက္ကဋ္ဌက ပြန်လာခြင်းမရှိဟုသိရသည်။နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းရန်သတ်မှတ်ရက်နောက်ဆုံးနေ့တွင် ထော့ကိုကိုးရှိဌာနချုပ်အနီးတွင်နအဖတပ်များအလုံးအရင်းဖြင့် စစ်ရေးပြခြိမ်းခြောက်မှုများပြုလုပ်ခဲ့မှုများကြောင့်စောဌေးမောင်နှင့်အဖွဲ့သည်နယ်စပ်အနီးစခန်းဟောင်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းဖြစ်သည်။
နအဖတပ်များ၏စစ်ရေးပြခြိမ်းခြောက်မှုများနှင့်ပတ်သက်၍စောဌေးမောင်က နအဖစစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်ထံသို့ဖုန်းဖြင့်မေးမြန်းရာ ၎င်းကိစ္စနှင့်ပတ်သက်၍မသိရှိရကြောင်းပြန်လည်ဖြေကြားခဲ့သည်ဟုအဆိုပါတပ်မှူးကပြောသည်။
ယခင်လကုန်ပိုင်းကနအဖဘက်မှပြေးဆွဲခွင့်ပိတ်ပင်ထားသည်ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ပိုင် ကုန်တင်ကားများနှင့်ခရီးသည်တင်ကားများကိုလည်းပြန်လည်ပြေးဆွဲခွင့်ပြုခဲ့သည်ဟုသိရသည်။
ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)အဖွဲ့၏တွဲဖက်အတွင်းရေးမှူး(၁)ဗိုလ်မှူးကြီးစောလှငွေက “နအဖကခြောက်စားဟောက်စားလုပ်လို့မလာရင်အပျော့ဆွဲနဲ့လုပ်မယ်၊မရရင်တော့နောက်ဆုံး သားသတ်ရုံထဲသွင်းမှာပဲ။ကရင်မှမဟုတ်ဘူး၊အခြားအဖွဲ့တွေကိုလည်းဒီနည်းနဲ့ပဲလုပ်မှာသေချာတယ်”ဟု ပြောသည်။
နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းခြင်းကိုလက်မခံသည့်ဒီကေဘီအေတပ်မဟာ(၅)မှ တပ်မဟာမှူးနှင့်တပ်ဖွဲ့ဝင်များကိုလည်းနအဖကစီးပွားရေးနှင့်အခြားမက်လုံးများပေး၍ စည်းရုံးသိမ်းသွင်းမှုများ ပြုလုပ်နေသည်ဟု ဒီကေဘီအေတပ်မှူးတဦးက ပြောသည်။
ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့သည် ၂၀၀၇ ခုနှစ်က ကေအန်ယူမှ ခွဲထွက်ပြီး နအဖနှင့်ငြိမ်းချမ်းရေး ပြုလုပ်ခဲ့သည့်အဖွဲ့ဖြစ်သည်။
Geen opmerkingen:
Een reactie posten