မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 5 mei 2010

စိစစ်ရေးကြောင့်သတင်းထောက်နှင့်နိုင်ငံရေးသမားအထင်လွဲမှုဖြစ်ပွားရ

NEJ/ ၅ မေ ၂ဝ၁ဝ
နိုင်ငံရေးပါတီများ၊နိုင်ငံရေးသမားများဆိုင်ရာသတင်း၊ဆောင်းပါးနှင့်အင်တာဗျူးများကို စာပေစိစစ်ရေးအဖွဲ့ကပိတ်ပင်၊ဖြတ်တောက်မှုများကြောင့်နိုင်ငံရေးပါတီများနှင့်ဂျာနယ်များအကြား မကြာခဏ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ပြည်တွင်း ပုဂ္ဂလိကသတင်းဂျာနယ် သတင်းထောက်တဦးက “ကျမက နိုင်ငံရေးပါတီတခုကို သွားတယ်။ အဲဒီမှာ အင်တာဗျူးလုပ်ခဲ့တယ်။ နောက် ပါတီခေါင်းဆောင်တယောက်ရဲ့ ကိုယ်ရေးအကျဉ်းကိုလည်း မေးမြန်းခဲ့တယ်။ ဒါကို ရေးပြီး စာပေစိစစ်ရေး တင်တယ်။ စိစစ်ရေးက အင်တာဗျူးကို ဟိုဖြတ် သည်ဖြတ် ခုတ်ထစ်လိုက်တယ်။ ကိုယ်ရေးအကျဉ်းကိုတော့ ဖော်ပြခွင့်မပေးဘူး။ ဂျာနယ်ထွက်လာတော့ အဲဒီ ပါတီခေါင်းဆောင်က တိုက်ကို လှမ်းမေးတယ်။ ကျမက ရုံးတင်တဲ့ စာမူကြမ်းကိုကိုင်ပြီး အဲဒီ ပါတီခေါင်းဆောင်ကို သွားရှင်းပြလိုက်ရတယ်။ စိစစ်ရေးကြောင့် ပါတီခေါင်းဆောင်တွေက ကျမတို့ကို အထင်အမြင်လွဲတာ အကြိမ်ကြိမ်ပဲ” ဟု ရှင်းပြသည်။
ပါတီခေါင်းဆောင်တဦးက “ကျနော် အင်တာဗျူးတခုမှာ ဖြေထားတာကို အရင်းခံပြီး ဂျာနယ်တစောင်က တယ်လီဖုန်းနဲ့ မေးခွန်းထုတ်တယ်။ အဲဒါ ဂျာနယ်ထွက်လာတော့ ကျနော်ပြောတာ မဟုတ်တာတွေ ပါလာတယ်။ဒါနဲ့ပြန်ပြီးရှင်းကြလင်းကြလုပ်ကြရတယ်။အဲဒီမှာလည်းစာပေစိစစ်ရေးရဲ့ ဖြတ်တောက်မှုကြောင့် အဓိပ္ပာယ်လွဲသွားတာလည်းပါတယ်။ခုနောက်ပိုင်းတော့ကျနော်တို့ဆီကို ဂျာနယ်သတင်းထောက်တွေလာပြီးမေးမြန်းရင်အသံဖမ်းယူထားတယ်။နောက်သတင်းထောက်ကိုပါ ဓာတ်ပုံရိုက်ယူထားတယ်၊သတင်းထောက်တွေကိုမယုံလို့မဟုတ်ဘူး။ကိုယ့်ဘက်ကသက်သေ အထောက်အထား ရှိအောင်လို့” ဟု ပြောသည်။
စာပေစိစစ်ရေးအဖွဲ့အနေဖြင့်ပါတီများ၊နိုင်ငံရေးသမားများနှင့်ပတ်သက်ပြီးမည်သူ့ကိုပိတ်ပင်သည်၊ မည်သည့်အကြောင်းအရာကိုပိတ်ပင်သည်စသဖြင့်စနစ်တကျမူချမှတ်ထားခြင်းမရှိဘဲ၊စိစစ်သူစာစစ်မှူး အခြေအနေကိုလိုက်၍အမျိုးမျိုးပိတ်ပင်၊ဖြတ်တောက်ခြင်းပြုလုပ်ကြောင်းသတင်းသမားများက ပြောသည်။
ထို့အပြင်ဂျာနယ်များကိုလည်းတစောင်နှင့်တစောင်စိတ်ဝမ်းကွဲပြားစေရန်ရည်ရွယ်၍အချို့လူပုဂ္ဂိုလ်နှင့် အကြောင်းအရာများကိုဂျာနယ်တစောင်တွင်ဖော်ပြခွင့်ပေးသော်လည်းအခြားဂျာနယ်တစောင်တွင် ဖော်ပြခွင့်မပေးဘဲပိတ်ပင်ခြင်းတို့ပြုလုပ်သည့်အတွက်သတင်းထောက်များနှင့်နိုင်ငံရေးသမားများအကြား ပိုမို အထင်အမြင်လွဲမှုများ ဖြစ်ပေါ်စေသည်ဟု ပြောသည်။
စာပေစိစစ်ရေးသည်ယခုကဲ့သို့ပိတ်ပင်ဖြတ်တောက်ခြင်းသာမကသတင်းထောက်များရေးသားရာတွင် အမှားများပါပါကခေါ်ယူဆူပူကြိမ်းမောင်းခြင်းများလုပ်လေ့ရှိကြောင်းသိရသည်။
ဂျာနယ် အယ်ဒီတာတဦးက ၎င်းအနေဖြင့် ပါတီများ မှတ်ပုံတင်ရမည့် နောက်ဆုံးရက်နှင့် ပတ်သက်ပြီး မှားယွင်းဖော်ပြခဲ့မိ၍ စာပေစိစစ်ရေးက ခေါ်ယူကြိမ်းမောင်းခြင်းကို ခံရကြောင်း၊ ပါတီသတင်းများ ရေး၍ စိစစ်ရေး၏ ဖြတ်တောက်ခံရပြီး ပါမလာပါက နိုင်ငံရေးသမားများ၏ အထင်အမြင်လွဲမှုကို ခံရပြန်ကြောင်း၊ ထို့ကြောင့် နောက်ပိုင်း နိုင်ငံရေးသတင်းများ မလိုက်ချင်တော့လောက်အောင် စိတ်ပျက်မိကြောင်း ပြောသည်။
ဝါရင့်သတင်းစာဆရာကြီးတဦးကယခုခေတ်လူငယ်သတင်းထောက်များသည်ပါတီအကြောင်း၊ နိုင်ငံရေးသမားများအကြောင်းပြည်သူသိအောင်အပင်ပန်းခံရေးသားတင်ပြနေကြသော်လည်း စာပေစိစစ်ရေး၏တားဆီးပိတ်ပင်မှုကြောင့်ပြည်သူတို့သည်ပါတီများအကြောင်း၊ နိုင်ငံရေးသမားများအကြောင်းမသိဘဲမဲပေးကြရမည့်အခြေအနေဆိုက်ရောက်သွားနိုင်ကြောင်း ဝေဖန်ပြောကြားသည်။
ယခုနောက်ပိုင်းစာပေစိစစ်ရေးဌာနသည်နိုင်ငံရေးပါတီများ၊နိုင်ငံရေးသမားများ၊ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကိုစိစစ်ဖြတ်တောက်မှုအထူးပြုလုပ်ရန်ဒုတိယဗိုလ်မှူးကြီးမျိုးမြင့်မောင် (တပ်မတော်ရေ)ကိုတွဲဖက်ညွှန်ကြားရေးမှူးတာဝန်ပေးအပ်ထားကြောင်းသိရသည်။





Geen opmerkingen: