မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 16 augustus 2010

နယ်စပ်ဖြတ်ကျော်ခ ပိုပေး၍ ကားတင်သွင်း

ရဲရင့် / ၁၆ သြဂုတ် ၂၀၁၀
မြ၀တီ-မဲဆောက် နှစ်နိုင်ငံနယ်စပ်ဂိတ်များကို မြန်မာဘက်မှ ပိတ်ထားသော်လည်း ထိုင်းဘက်မှ တရားမ၀င်ကားတင်သွင်းမှု ရပ်တန့်ခြင်းမရှိဘဲ နယ်စပ်ဖြတ်ကျော်ခ ပိုမိုပေးဆောင်ကာ တင်ပို့နေကြကြောင်း သိရသည်။
ထိုင်းဘက်မှ ကားကုမ္ပဏီပိုင်ရှင်တဦးက “ဂိတ်ပိတ်ပေမယ့် မြ၀တီက အာဏာပိုင်အဖွဲ့စုံနဲ့ နားလည်မှုယူပြီး ကားတွေကို ပုံမှန် မြန်မာဘက်ကို ပို့နေရတယ်။ အရင်ကဆို မြ၀တီကို ကားတစီးရောက်ဖို့ ဘတ် (၅,၀၀၀) ပဲ ကုန်တယ်။ အခုကျတော့ မြန်မာဘက်က ဂိတ်တွေ ပိတ်လိုက်တဲ့အတွက် ကားတစီးကို ဘတ် (၁၈,၀၀၀) တိုးကောက်တယ်၊ ကားတစီးကို လေးဆလောက် ပိုကုန်သွားတယ်။ မြန်မာပြည်မှာက အခု တရားမ၀င်ကားတွေကို လိုင်စင်ချပေးတော့ ကားအမှာကတော့ နေ့တိုင်းရှိတယ်” ဟု ပြောသည်။
ထိုင်းဘက်ခြမ်း အမှတ် (၁၀)လှေဆိပ်မှတဆင့် ဂျပန်တပတ်ရစ်ကားများကို မြ၀တီဘက်သို့ တညလျှင် ပုံမှန် (၁၅) စီးခန့် တင်ပို့လျက်ရှိပြီး ယင်းလှေဆိပ်အတွင်းတွင် ကားအစီးရေ (၅၀၀) ခန့် မြန်မာဘက်သို့တင်ပို့ရန် ပုံမှန်ရှိနေသည်ဟု ၎င်းက ပြောသည်။
ဧက (၆၀)ခန့် ကျယ်ဝန်းသည့် အဆိုပါလှေဆိပ်တွင် မြန်မာဘက်သို့ ကားမျိုးစုံ တရားမ၀င်တင်ပို့သည့် ဘန်ကောက်မှ ထိုင်းကားကုမ္ပဏီ (၄၀)ခန့်တို့က လာရောက်ပြီး ဂျပန်ကားတပတ်ရစ် (ဓာတ်ဆီ-ဒီဇယ်) အမျိုးအစားစုံကို နေ့စဉ်ရောင်းချလျက်ရှိကြောင်း၊ ရန်ကုန်မြို့မှ ကားဝယ်လက်များ အလိုကျ မော်ဒယ်အမျိုးအစားများကိုလည်း ရက်ပိုင်းအတွင်း ဘန်ကောက်မှ လာရောက်ပို့ပေးကြောင်း ကားအရောင်းစာရေးတဦးက ပြောသည်။
၎င်းက “မြန်မာဘက်က ဂိတ်ပိတ်တယ်ဆိုပေမယ့်ကားဝယ်ရောင်းလုပ်ငန်းကို အောက်ခြေအာဏာပိုင်တွေနဲ့ အဆင်ပြေအောင် ညှိနိုင်ဖို့ပဲလိုတယ်။ ဂိတ်တွေပိတ်ပြီး လိုင်စင်မဲ့ကားတွေ ဖမ်းနေပေမယ့် ထိုင်းကနေကားတွေ ပုံမှန်သွားနေတာပဲ။ မြန်မာပြည်က ထုတ်တဲ့ ဥပဒေတွေဆိုတာက ငွေနဲ့ခင်းရင် ဘာပြဿနာမှမရှိဘူး။ ဒါက ကျနော်ရဲ့ (၁၅)နှစ်ကြာ မြန်မာပြည်နဲ့ ကားရောင်းဝယ်တဲ့ အတွေ့အကြုံပါ” ဟု ပြောသည်။
ကားအမျိုးစားကောင်း ၀ယ်လိုသူတို့သည် မြန်မာအာဏာပိုင်တို့၏ အဆက်အသွယ်နှင့် လာသူများဖြစ်ပြီး မြန်မာပြည်မှ နာမည်ကြီး ရုပ်ရှင်မင်းသား၊ အဆိုတော်နှင့် စီးပွားရေးသမားများ အမှတ် (၁၀)ဂိတ်သို့ လာရောက်ကြကြောင်း သိရသည်။
ကားကူးခ ဈေးနှုန်း(၄)ဆခန့် တက်သွားရခြင်းမှာ မြ၀တီနှင့်ရန်ကုန်ကြားရှိ ဂိတ်များအား ဂိတ်ကြေး ပိုပေးရခြင်ကြောင့် မဟုတ်ဘဲ မြ၀တီခရိုင်အတွင်း ပေးရသည့်အဖွဲ့များ တိုးလာခြင်းကြောင့်ဖြစ်သည်ဟု မြန်မာကားပွဲစားတဦးက ပြောသည်။
၎င်းက “ဥပမာ လှေဆိပ်တွေမှာ အရင်က စစ်သားတွေမရှိဘူး။ အခု သူတို့ကိုလည်း တပုံပေးရတယ်။ မြ၀တီမှာ အရင်ကမရှိတဲ့ အထူးအဖွဲ့ဆိုတာကိုလည်း ပေးရတယ်။ ကြံ့ဖွံ့ပါတီရန်ပုံငွေဆိုတာလည်း ထည့်ရတယ်။ ဒါကြောင့် ပိုတောင်းရတာလို့ သူတို့ဘက်က ပြောတယ်” ဟု ဆိုသည်။
မြန်မာဘက်သို့ ကားများတင်ပို့ရာတွင် ထိုင်းဘက်ခြမ်း ချစ်ကြည်ရေးတံတား မြောက်ဘက်ရှိ အမှတ် (၁၀) လှေဆိပ်နှင့် တံတားတောင်ဘက်ရှိ အမှတ် (၁၇) လှေဆိပ်တို့မှတဆင့် သယ်ဆောင်ကြခြင်းဖြစ်သည်။
ဒေသတွင်း အကြမ်းဖက်အန္တရာယ်ရှိသည်ဟု အကြောင်းပြကာ မြန်မာဘက်မှ နယ်စပ်ဂိတ်များကို ပြီးခဲ့သည့် ဇူလိုင် (၁၈)ရက်မှ စတင်ပိတ်ထားခဲ့သော်လည်း မြန်မာများ ထိုင်းဘက်သို့ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး မြန်မာကုန်ပစ္စည်းနှင့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းကို နှစ်ဖက်အာဏာပိုင်များနှင့် ညှိကာ ညပိုင်းတွင် အပြန်အလှန် တင်သွင်းလျက်ရှိသည်ဟု နယ်စပ်ကုန်သည်များက ပြောသည်။

Geen opmerkingen: