နရီလင်းလက် Tuesday, September 07, 2010
.မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း လက်အောက်ရှိ တယ်လီဖုန်းလိုင်း ဝန်ဆောင်မှု လုပ်ငန်းအားလုံးကို စီးပွားရေး လုပ်ငန်းရှင် ဦးတေဇအား လွှဲပြောင်း ပေးမည်ဟု မြန်မာ့ ဆက်သွယ်ရေး အသိုင်းအ၀န်းမှ သိရသည်။
ဦးတေဇ (ဓာတ်ပုံ - အေအက်ဖ်ပီ)
“မြန်မာ့ ဆက်သွယ်ရေးက ကြီးကြပ်ညွှန်ကြားမှု လောက်ပဲ လုပ်တော့မယ်။ တယ်လီဖုန်းလိုင်း လျှောက်တာ၊ ဖုန်း ကွန်ပလိန်း တင်တာက အစ နောင်ကို ဦးတေဇရဲ့ E-Liteကုမ္ပဏီ နဲ့ CentralMarketingကုမ္ပဏီ တွေကပဲ လုပ်သွားမှာ” ဟု မြန်မာ့ ဆက်သွယ်ရေးမှ အရာရှိတဦးက ပြောသည်။
၂၀၀၉ ခုနှစ် ကုန်ပိုင်းမှ စတင်ကာ အစိုးရပိုင် အဆောက် အအုံများကို ပုဂ္ဂလိကသို့ လွှဲပြောင်း ရောင်းချခဲ့ သကဲ့သို့ အစိုးရ ၀န်ဆောင်မှု တချို့ကိုလည်း လုပ်ပိုင်ခွင့် လွှဲပြောင်းပေး ခြင်းများ ရှိခဲ့ရာ ဦးတေဇပိုင် ကုမ္ပဏီ ၂ ခုက ဆက်သွယ်ရေး ဝန်ဆောင်မှုများ လုပ်ကိုင်ခွင့် ရခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထူး ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သော CentralMarketingကုမ္ပဏီသည် CDMA 800 MHZ မိုဘိုင်းဖုန်းများ ထုတ်လုပ်ရောင်းချနေပြီး E–Liteကုမ္ပဏီသည်လည်းဖိုက်ဘာ ဆက်ကြောင်းဖြင့် အင်တာနက်၊ ရုပ်မြင်သံကြားလိုင်း၊ တယ်လီဖုန်းလိုင်း ၃ မျိုး အသုံးပြုနိုင်သော FibertotheCurb၊Fiberto theHome၊FibertotheBuilding(FTTx)ကိုမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့်ရရှိခဲ့သည်။
“ဦးတေဇရဲ့ ကုမ္ပဏီက တာဝန်ယူပြီး ၇၁-၇၂နဲ့ စတဲ့ ခြင်းဖုန်းတွေ အပါအ၀င် နံပါတ် ၉၉၊ ၈၀ နဲ့စတဲ့ ဖုန်းတွေအကုန်လုံးကို တဖြည်းဖြည်းချင်းစီ CDMA450 ကမ်းရိုးတန်း ဖုန်းတွေနဲ့ လဲပေးသွားဖို့စီစဉ်နေပြီ” ဟု မြန်မာ့ဆက်သွယ်ရေးမှ အရာရှိက ဆိုသည်။
မိုဘိုင်းဖုန်းအနေနှင့် CDMAနှင့် GSMအမျိုးအစားများသာ ထားရှိ သွားရန် စီစဉ်မည် ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ၀န်ဆောင်မှု လုပ်ပိုင်ခွင့်ကို လွှဲပြောင်း ပေးလိုက်ခြင်းဖြစ်ကြောင်း သူက ဧရာဝတီကို ပြောသည်။
“အခုလို လုပ်ပိုင်ခွင့် မပေးခင်ကတည်းက CDMA လိုင်းတွေ အများကြီး တိုးပြီးချပေးနေတာ။ အစိုးရက သူ့လူတွေ စီးပွားရေး လုပ်လို့ရအောင် လမ်းဖွင့်ပေးတဲ့ သဘောပဲ။ အဲဒီအချိန်ကတည်းကလည်း လုပ်ပိုင်ခွင့်တွေ နည်းနည်းချင်းစီ ပေးနေပြီ” ဟု ဆက်သွယ်ရေး အင်ဂျင်နီယာတဦးက ပြောသည်။
၎င်းက ဆက်လက်၍ “ကမ်းရိုးတန်းဖုန်းဆိုပြီး အရင် ZTE ဆိုတဲ့ တရုတ်ကုမ္ပဏီတခုနဲ့ လုပ်လိုက်သေးတယ်။ အာဏာပိုင် တွေက သူတို့ နဲ့ နီးစပ်တဲ့သူတွေကိုပဲ ပေးမယ်ဆိုတော့ ဒီကုမ္ပဏီတွေလည်း အလုပ်မဖြစ်တော့ဘူး။ ထိန်းချုပ်ရေး စခန်းတွေကို စီးပွားရေး လုပ်ငန်းရှင်တွေက ငွေကြေးအကုန်ခံ ဆောက်ပေးနေတယ်” ဟု သူက ပြောသည်။
၂၀၁၀ ပြည့်နှစ်အတွင်း CDMA800MHZ ဖုန်းလိုင်း ၁ သိန်းအတွက် ဆက်သွယ်ရေးစခန်း ၄၂ ခု ထပ်မံတိုးချဲ့ တည်ဆောက် မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားသည်။
“ပြီးခဲ့တဲ့လ နေပြည်တော်မှာ လုပ်တဲ့ အစည်းအဝေးမှာ အာဏာပိုင်တွေ ပြောသွားတာ တခုက ပြည်တွင်းကရော ပြည်ပကပါ ပုဂ္ဂလိကပိုင် လွှဲပေးတာနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေ ရှိနေတဲ့အတွက် သူတို့အနေနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ် ခေါ်မယ်၊ ဒီလိုပဲ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ သူတို့တွေနဲ့ ယှဉ်ပြိုင်နိုင်အောင် စီစဉ်ထား ဆိုပြီး ပြောခဲ့တယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တဦးက ဆိုသည်။
တယ်လီဖုန်းဝန်ဆောင်မှုလုပ်ငန်းအားပုဂ္ဂလိကပိုင်သို့လွှဲပြောင်းပြီးနောက်တွင် ပိုမိုမြန်ဆန်ကောင်းမွန်လာမည်ဟု မျှော်လင့် ကြောင်းလည်း သူက ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အော်တိုတယ်လီဖုန်း (ကြိုးဖုန်း) အလုံးရေ ၈၆၆ ၀၈၄၊ ARTS ရေဒီယို တယ်လီဖုန်း အလုံးရေ ၃၈၅၆၊ DECT ရေဒီယို တယ်လီဖုန်းအလုံးရေ ၁၉၄၉၊ CDMA (Fixed) တယ်လီဖုန်း အလုံးရေ ၂၀၀၃၈၊ CDMA (Mobile) တယ်လီဖုန်း အလုံးရေ ၅၄၅၆၅၀၊ CDMA 800 တယ်လီဖုန်း အလုံးရေ ၁၅၀၀၀၀၊ D-AMPS တယ်လီဖုန်း အလုံးရေ ၃၈၄၀၀၊ GSM တယ်လီဖုန်း အလုံးရေ ၄၉၄၃၀၀၊ WCDMA တယ်လီဖုန်းအလုံးရေ ၂၈၀၀၀ နှင့် McWLLတယ်လီဖုန်းအလုံးရေ ၅၀၀၀၀ တို့ အသုံးပြုလျက်ရှိကြောင်း သိရသည်။
အစိုးရပိုင် စီးပွားရေး ၀န်ဆောင်မှုလုပ်ငန်းများထဲမှ ပုဂ္ဂလိကပိုင်အဖြစ်သို့ မြန်မာ့ ကြယ်ငါးပွင့်လုပ်ငန်း၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းနှင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း စုစုပေါင်း ၄ ခုတို့ကို လွှဲပြောင်း ပေးခဲ့ပြီး ဖြစ်သည်။
ဦးတေဇကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးဟု အများက သတ်မှတ်ထားပြီး နိုင်ငံ၏အဓိက စီးပွားရေး လုပ်ငန်းကြီးများဖြစ်သော ဘဏ်လုပ်ငန်း၊ လေကြောင်းလိုင်း လုပ်ငန်း စသည်တို့ကို လုပ်ကိုင်ခွင့် ရရှိထားသူလည်း ဖြစ်သည်။
၎င်းသည် အနောက်နိုင်ငံများ၏ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့ခံရသူများစာရင်းတွင် ထိပ်ဆုံးမှ ပါဝင်သူဖြစ်သည်။

Geen opmerkingen:
Een reactie posten