သန်းထိုက်ဦး Monday, September 06, 2010
.စစ်အစိုးရနှင့်အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြားမပြေလည်မှုများအား ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့်သာအဆင်ပြေမည်ဟူသည့်ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်းပြောကြားချက်ကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ကြိုဆိုလိုက်သည်။
နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ ပြီးခဲ့သော စနေနေ့က တွေ့ဆုံခဲ့ရာတွင် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။
“တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေအာဏာပိုင်တွေနဲ့မပြေမလည်ဖြစ်နေတဲ့ကိစ္စတွေကို သူစိတ်မကောင်းတဲ့အကြောင်း၊ ဒီကိစ္စတွေဟာလည်း တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီး အဖြေရှာမှ ရေရှည် အကျိုးရှိမယ်ဆိုတဲ့အကြောင်း ပြောပါတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်သို့ ရှေ့နေ ဦးကြည်ဝင်းနှင် ဒေါ်ခင်ဌေးကြွယ်တို့လည်း သွားရောက်ခဲ့ကြပြီး NLD အဖွဲ့ချုပ်နှင့် ပတ်သက်သော ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်သော ရှမ်းပြည် တပ်မတော်(တောင်ပိုင်း)(SSA-S)နှင့် ကရင်အမျိုးသား အစည်း အရုံး(KNU)တို့မှ ပြောရေးဆိုခွင့် ရှိသူတို့က ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်း ပြောကြားချက်ကို ကြိုဆိုလိုက်သည်။
“ဒေါ်အောင်ဆန်းစုကြည် ပြောသလို တိုင်းရင်းသား နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပေးမှ မြန်မာပြည် အရေးဟာ ပြေလည်မှာ ဖြစ်တယ်”ဟု KNUအထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောသည်။
ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ (၄)အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) မိုင်းလားတပ်ဖွဲ့သည် စစ်အစိုးရက ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံသေးကြောင်း သိရှိရသည်။
ယခုလဆန်းပိုင်းတွင်လည်း မွန်ပြည်သစ်ပါတီ(NMSP)အနေဖြင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လက်မခံပါက တရားမဝင် အဖွဲ့အစည်းအဖြစ်ကြေညာပြီး နဂိုမူလအတိုင်း လက်နက်ကိုင် သောင်းကျန်းသူအဖြစ် ပြန်လည် သတ်မှတ်မည်ဖြစ်ကြောင်း စစ်အစိုးရက ထုတ်ဖော် ပြောဆိုထားသည်။
သြဂုတ်လကုန်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)ကနယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို အပြီးသတ် ငြင်းဆိုထားပြီးဖြစ် သည်။
စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာထားသော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေပြုသည့် ရွေးကောက်ပွဲသည် တိုင်းရင်းသားများ၏ အခွင့်အရေးများအား တစုံတရာ အာမခံချက် မရှိသည့်အတွက် ကန့်ကွက်ကြောင်း နော်စီဖိုးရာစိန်က ပြောသည်။
တချိန်တည်းတွင်ပင် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP)အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ပြီးခဲ့သည့် သောကြာနေ့က ဆုံးဖြတ်ခဲ့ကြောင်း၊CRPPအဖွဲ့ဝင် လွှတ်တော်အမတ်၂၅၁ ဦးက ယင်းဆုံးဖြတ်ကို ထောက်ခံကြောင်း သတင်းများအရ သိရှိရသည်။
စစ်အစိုးရအနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုခဲ့သည့်အတွက် NLDက ၁၉၉၈ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့တွင် CRPP ကို ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌမှာ ဦးအောင်ရွှေ ဖြစ်သည်။
NLDသည် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရေးအတွက် ပါတီဆက်လက်တည်ထောင်ခွင့် မလျှောက်ထားရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပြီး ပြီးခဲ့သည့်လ ၁၉ ရက်နေ့တွင် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ထပ်မံဆုံးဖြတ်ထားပြီး ဖြစ်သည်။
NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲဆန္ဒရှင်များအနေဖြင့် မဲမပေးဘဲ နေပိုင်ခွင့်ရှိကြောင်း လွန်ခဲ့သည့် ဇူလိုင်လ အတွင်း ရှေ့နေများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
စစ်အစိုးရ၏ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်က NLD၏ တရားဝင် ရပ်တည်မှုကို ပယ်ဖျက်ခြင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တရားဝင်ရပ်တည်ခွင့် ပယ်ဖျက်ခံရသည့်အပေါ် NLD ပါတီက နအဖကို ဧပြီ ၂၉ ရက်တွင် တရားစွဲဆိုခဲ့သော် လည်း ရန်ကုန်တိုင်း တရားရုံးက မေ ၅ ရက် နေ့တွင် ပယ်ချခဲ့သည်။
Geen opmerkingen:
Een reactie posten