၂၀၁၀ နိုဝင်ဘာ (၇)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် ဥပဒေနှင့်အညီ ဆောင်ရွက်မှုရှိမရှိ စောင့်ကြည့်ရန် လိုအပ်ကြောင်း မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ပြီးခဲ့သည့်စနေနေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်တွေ့ဆုံခဲ့သည့် ရှေ့နေကြီး ဦးဉာဏ်ဝင်းအား ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ခြင်းဖြစ်သည်။
ဦးဉာဏ်ဝင်းက “ကျနော်တို့ လာမယ့်ရွေးကောက်ပွဲကာလမှာ အဖွဲ့ချုပ်အဖွဲ့ဝင်တွေရော မဲဆန္ဒရှင်ပြည်သူတွေရော အားလုံးက ဒီတရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲဥပဒေနဲ့အညီ ဆောင်ရွက်ရဲ့လားဆိုတာကို စောင့်ကြည့်ဖို့လိုတယ်။ မမှန်မကန်လုပ်တာ တွေ့ရင်လည်း ဥပဒေနဲ့အညီ တိုင်ကြားနိုင်တယ်။ တိုင်ကြားသင့်တယ်။ ဒီအသိပညာမျိုးကို ပြည်သူလူထုသိအောင် ဆောင်ရွက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ထို့အပြင် ငြိမ်းချမ်းရေးရယူထားသည့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပတ်သက်၍လည်း စိတ်မကောင်းဖြစ်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ဟု သိရသည်။
“နောက်တခုကတော့ တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ ပြောတာက တိုင်းရင်သားအဖွဲ့တွေနဲ့ အခြေအနေ ပြေပြေလည်လည် မရှိဘူး။ တင်းတင်းမာမာရှိတယ်။ ဒီအတွက် သူစိတ်မကောင်းဘူး၊ အဲဒီမှာ ဒီကိစ္စတွေဟာ နိုင်ငံရေးအရ ဖြေရှင်းသင့်တဲ့ကိစ္စ။ နိုင်ငံရေးအရ ဖြေရှင်းမှသာ ရေရှည်ငြိမ်းချမ်းရေး တည်တန့်မယ်လို့ ပြောပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်များ အစည်းအဝေးတွင် ယနေ့ပြန်လည်တင်ပြခဲ့ပြီးနောက် သတင်းဌာနများအား ဦးဉာဏ်ဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကို မဲပေးလိုသည့် ပြည်သူလူထုအနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ မပါဝင်သဖြင့် မဲမပေးကြရန်သာရှိကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ကိုလည်း ပြီးခဲ့သည့် သြဂုတ် (၂၅)ရက်၌ ဦးဉာဏ်ဝင်းက မီဒီယာများအား ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီးဖြစ်သည်။
ရွေးကောက်ပွဲကာလကို အချိန်တိုအတွင်း လုပ်ဆောင်နေမှုမှာ စစ်အစိုးရအနေဖြင့် တရားမျှတမှု လုံးဝမရှိသည့်အပြင် ပြည်သူလူထုကိုလည်း မလေးစားရာရောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

Geen opmerkingen:
Een reactie posten