မျိုးဝင်းဇော် / ၀၉ စက်တင်ဘာ ၂၀၁၀
ရွေးကောက်ပွဲဥပဒေနှင့် ငြိစွန်းသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဦးသုဝေဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဗဟိုပြန်ကြားရေးမှူး ဦးလှမြင့်သည် ကိုယ်စားလှယ်လောင်းအဖြစ်မှ အပယ်ခံရကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက “ရွေးကောက်ပွဲဥပဒေမှာ အရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းဟာ မြန်မာနိုင်ငံအတွင်း (၁ဝ) နှစ် တဆက်တစပ်တည်းနေသူ ဖြစ်ရမယ်လို့ ပါထားတယ်။ အကယ်၍ နိုင်ငံခြားမှာ အလုပ်သွားလုပ်ခဲ့တယ်ဆိုရင် သက်ဆိုင်ရာ မြန်မာသံရုံးမှာ ပုံမှန် အခွန်ပေးဆောင်နေသူ ဖြစ်ခဲ့ရင် ရတယ်။ ဦးလှမြင့်က ဂျပန်မှာ (၅)နှစ် အလုပ်လုပ်ခဲ့ပြီး ၂ဝဝ၅ ခုနှစ်က ပြန်လာတယ်။ ပြန်လာတဲ့အခါ အခွန်လက်ကျန် ရှိတာမို့ ရွေးကောက်ပွဲ ဥပဒေနဲ့ ငြိစွန်းပြီး သူ အပယ်ခံရတာပါ” ဟု ပြောသည်။
အဆိုပါကိစ္စ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရုံးကို မေးမြန်းကြည့်ရာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားသည်။
ဦးလှမြင့်သည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)ကနေဝင်ရောက်ယှဉ်ပြိုင်ရန်ခရိုင်ကော်မရှင်တွင် အမည်စာရင်းတင်သွင်းထားခြင်းဖြစ်သည်။
ဦးလှမြင့်သည် ၁၉၆၁ ခုနှစ်၌ ရန်ကုန်တွင် မွေးဖွားခဲ့သူဖြစ်ပြီး ၁၉၈၇ ခုနှစ် သမိုင်းဘာသာ အဓိကဖြင့် ဘွဲ့ရရှိခဲ့သူဖြစ်ကာ ၁၉၈၉ ခုနှစ်မှ ၉ဝ ပြည့်နှစ်အထိ အကောက်ခွန် ရှင်းလင်းရေးကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၉ဝ ပြည့်နှစ်မှ ၂ဝဝဝ ပြည့်နှစ်အထိ သင်္ဘောလိုက်ခဲ့ပြီး ၂ဝဝ၁ ခုနှစ်ကနေ ၂ဝဝ၅ ခုနှစ်အထိ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။
၁၉၉ဝ ရွေးကောက်ပွဲကာလက ပါတီဥက္ကဋ္ဌ ဦးသုဝေနှင့် ရင်းနှီးခဲ့ပြီး ယခု ဦးသုဝေ ပါတီထောင်ရာတွင် ပါဝင်ပူးပေါင်းကာ ဗဟိုပြန်ကြားရေးမှူး တာဝန်ယူထားသူဖြစ်သည်။
ဦးသုဝေဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)တွင် နိုင်ငံခြားမှ ပြန်ရောက်လာသည့် ဝန်ကြီးချုပ်ဟောင်း ဦးနု၏သမီး ဒေါ်သန်းသန်းနုနှင့် ၎င်း၏ခင်ပွန်း ဦးအောင်ငြိမ်းတို့လည်း လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားကြသည်။
ဒေါ်သန်းသန်းနုတို့ နှစ်ဦးမှာမူ နိုင်ငံခြား ရောက်ရှိစဉ်မှစ ပြန်လာချိန်အထိ သက်ဆိုင်ရာ သံရုံးတွင် အခွန်မှန်မှန် ပေးဆောင်ခဲ့ခြင်းကြောင့် ရွေးကောက်ပွဲဥပဒေအရ ပြဿနာမရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ (၃ဝ)ရက်နေ့တွင် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်း လုပ်ငန်း ပြီးဆုံးခဲ့ပြီး ယခုအပတ် စက်တင်ဘာ (၆)ရက်မှ (၁ဝ)ရက်နေ့အထိကိုမူ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းလွှာများ စိစစ်သည့်အချိန်အဖြစ် သတ်မှတ်ထားသည်။
နိုင်ငံတဝန်း မဲဆန္ဒနယ် စုစုပေါင်း (၁,၁၆၃)နယ် ရှိသည့်အနက် ဦးသုဝေ ဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) သည် မူလက ကိုယ်စားလှယ် (၅၁) ဦး အမည်စာရင်း တင်သွင်းပြီး (၃) ဦးသည် အဘက်ဘက်မှ ခြိမ်းခြောက်မှုဒဏ် ခံရခြင်းကြောင့် နုတ်ထွက်သွားခဲ့ပြီး ကိုယ်စားလှယ်လောင်း (၄၈) ဦးသာ ကျန်ရှိသည်။ ယခု ဦးလှမြင့် အပယ်ခံရသောကြောင့် ကိုယ်စားလှယ်လောင်း စုစုပေါင်း (၄၇)ဦးသာကျန်ပြီး မကြာမီ ယခုထက် လျော့နည်းဖွယ်ရှိကြောင်း ပါတီဥက္ကဋ္ဌ ဦးသုဝေက ပြောကြားသည်။
လာမည့် သီတင်းပတ်တွင် ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ်လောင်းများအနက် ရွေးကောက်ပွဲဥပဒေနှင့် မကိုက်ညီ၍ အပယ်ခံရသည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ထွက်ပေါ်လာတော့မည်ဖြစ်သည်။
Geen opmerkingen:
Een reactie posten