သိပ္ပံချစ်သူ / ၀၃ စက်တင်ဘာ ၂၀၁၀
နအဖစစ်အစိုးရက ခေတ်မီတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို တည်ဆောက်နေပါသည်ဟု ကြွေးကြော်နေသော်လည်း သတင်းစာလွတ်လပ်ခွင့်မရှိသော နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံသည် ရှေ့ဆုံးမှ တည်ရှိနေပေသည်။ ဒီမိုကရေစီစနစ်၏ ရည်ရွယ်ချက်မှာ လွတ်လပ်သော လူမျိုးတို့သည် အများကောင်းကျိုးအတွက် မိမိ၏အခွင့်အရေးကို လွတ်လပ်စွာ အသုံးပြုနိုင်ရန်ဖြစ်သည်။
လူတို့၌ ထိုကဲ့သို့ အများကောင်းကျိုးအတွက် လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန်မှာ အများကောင်းကျိုးနှင့် စပ်လျဉ်းသော သိသင့်သိထိုက်သည့် ကိစ္စရပ်များကို သိနားလည်မှာသာ ဖြစ်နိုင်ပေသည်။ ကိစ္စကောင်းဆိုးတို့ကို အုပ်ချုပ်သူများက ထိန်ချန်ထား၍ အုပ်ချုပ်သူများ၏ အလိုဆန္ဒနှင့် ကိုက်ညီသမျှကိုသာ အသိပေးလိုသော သဘောရှိခဲ့လျှင် ဘယ်နည်းနှင့်မျှ ဒီမိုကရေစီသဘော သက်ရောက်နိုင်မည်မဟုတ်ပေ။ လွတ်လပ်စွာ ကန့်ကွက်နိုင်ခွင့်များ မရှိသရွေ့ တိုင်းပြည်ကောင်းကျိုးအတွက် အနစ်နာခံကာ ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များ၏ နောက်တွင် အသိဉာဏ်နှင့် အားပေးထောက်ခံသူများလည်း ရှိနိုင်မည်မဟုတ်ပေ။ ဤသို့ဆိုလျှင် မည်သို့မျှ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်မဟုတ်ပေ။
နိုင်ငံရေးပါတီဆိုသည်မှာ ပြည်သူလူထု၏ လိုလားချက်နှင့် ဆန္ဒကို ညီညွတ်စုစည်းမှုပြုနိုင်ရေးအတွက် စနစ်တကျ ဖွဲ့စည်းထားသည့် နိုင်ငံရေးအဖွဲ့အစည်းတခုဖြစ်ရာ နိုင်ငံရေးပါတီတရပ်သည် ဒီမိုကရေစီကို မှန်ကန်စွာ ကျင့်သုံးခွင့်နှင့် ပြည်သူလူထုကို စစ်မှန်စွာ ကိုယ်စားပြုခွင့်ရရှိအောင် မိမိပါတီ၏ မူဝါဒကို လွတ်လပ်စွာ တင်ပြခွင့်ရှိရပေမည်။ ယခုအခါ နအဖစစ်အစိုးရသည် နိုင်ငံရေးပါတီတိုင်းကို နိုင်ငံရေးပါတီထုတ်ဝေခွင့် လျှောက်ထားရမည်။ မှတ်ပုံမတင်ဘဲ ထုတ်ဝေပါက အရေးယူမည်ဟု တင်းကျပ်တားမြစ်ထားပေသည်။
မှတ်ပုံတင်သက်သေခံလက်မှတ် ရရှိရေးအတွက် မှတ်ပုံတင်ကြေး (၁) သိန်း၊ အာမခံကြေး (၅) သိန်းတို့ကို ကြိုတင်ပေးသွင်းခိုင်းနေသည်မှာ ဒီမိုကရေစီမဆန်လှပေ။ ကိစ္စရပ်တိုင်းကို သိနားလည်ကာ ဝေဖန်မှု ထောက်ခံမှုမရှိခြင်းသည် လူထုအသိဉာဏ်ကို ခေါင်းပါးစေသည်။ လူထု၌ အသိဉာဏ်မရှိလျှင် အဂတိလိုက်စားခြင်းကဲ့သို့ မလိုလားအပ်သော ဆိုးကျိုးများ ဖြစ်ပေါ်လာတတ်သည်။ အဂတိလိုက်စားမှုကြောင့် လူထု၏ စာရိတ္တပျက်ပြားလာမည်။ ထိုအခါ အုပ်ချုပ်မှုယန္တရားမှာ ကောင်းမွန်စွာ မလည်နိုင်တော့ဘဲ ချွတ်ယွင်းပျက်ပြားလာပေမည်ဖြစ်သည်။
သတင်းစာသည် ယခုအခါ နိုင်ငံအရေး၊ ကမ္ဘာ့အရေး၏ အခြေခံများတွင် တခုအပါအ၀င်ဖြစ်လာသောကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက သတင်းစာကို စတုတ္ထမဏ္ဍိုင်ဟုပင် တင်စားခေါ်ဝေါ်လာခဲ့ကြသည်။ ကျွန်ုပ်တို့မြန်မာမူ၌ မင်းပုဏ္ဏား၊သူဌေး၊ဆင်းရဲသားဟု ဆိုအပ်သော အမျိုးလေးပါးရှိ၍ ထိုအမျိုးလေးပါးကို စောင့်ရှောက်ရမည့်တာဝန်မှာမင်းကျင့်တရား(၁၀)ပါးဖြစ်သကဲ့သို့ စတုတ္ထမဏ္ဍိုင်ဟူသော သတင်းစာလွတ်လပ်မှုကို စောင့်ထိန်းရန် တာဝန်မှာလည်း ယနေ့ခေတ်တွင် ယဉ်ကျေးသော နိုင်ငံများ ကျင့်သုံးလျက်ရှိသည့် ဒီမိုကရေစီကျင့်စဉ်ပင်မဟုတ်ပါလော။
သတင်းစာသည် ပြည်သူ့နား၊ ပြည်သူ့မျက်စိ၊ ပြည်သူ့ပါးစပ်ပေါက်နှင့် တူရာ သတင်းစာလွတ်လပ်မှု မရှိသော တိုင်းပြည်မှာ မျက်ကန်း၊ နားပင်း၊ စကားမပြောတတ်သော သူများနှင့် မခြားနားတော့ပေ။ လွတ်လပ်မှုကို ချစ်မြတ်နိုးမှုသည် တခြားလူများကို ချစ်မြတ်နိုးမှုဖြစ်သည်။ အာဏာကို ချစ်မြတ်နိုးမှုသည် မိမိကိုယ်ကို ချစ်မြတ်နိုးခြင်းဖြစ်သည်ဟု ဗြိတိသျှစာရေးဆရာ ၀ီလျံဟတ်စလစ်က ဆိုခဲ့ဖူးသည်။ သတင်းများသည် လက်ရှိတည်ဆဲအစိုးရကို ဆီလိုအပေါက်ရှာကာ လုပ်သမျှကို ဝေဖန်ရှုတ်ချ အပြစ်တင်နေသည်မဟုတ်ပေ။ ဖြစ်နေသောပြဿနာ၊ ကျင့်သုံးသောစနစ်၊ မှားယွင်းနေသော မူဝါဒတို့ကို အပြုသဘောဖြင့် သုံးသပ်တင်ပြနေခြင်းသာဖြစ်သည်။
သို့သော် အာဏာရှင်စနစ်ကျင့်သုံးနေသော တိုင်းပြည်များ၌ အုပ်ချုပ်နေသော အစိုးရတိုင်းသည် တိုင်းပြည်၌ ပြည်သူလူထုဘက်မှ ရပ်တည်၍ အမှန်တရားကို ဖော်ထုတ်နေသော သတင်းစာဆရာများကို ရန်သူသဖွယ် သဘောထားကာ ၎င်းတို့ရှိနေခြင်းသည် စင်ပြိုင်အစိုးရတရပ် ရှိနေခြင်းနှင့်တူသည်ဟု ခံယူ၍ နည်းမျိုးစုံဖြင့် နှိပ်ကွပ်နေကြသည်။ အာဏာရှင်တို့သည် ၎င်းတို့လုပ်သမျှ ကိစ္စရပ်တိုင်းကို ထောက်ခံပြီး ၎င်းတို့၏ ဘုန်းတော်ဘွဲ့များကို ထောပနာပြုနေသူများကိုသာ အလိုရှိကြသည်။
ထို့ကြောင့် တိုင်းပြည်လူထုအကျိုးကို လိုလားလေဟန်နှင့် သတင်းစာများကို ချုပ်ချယ်ခြင်းသည် ဉာဏ်အမြော်အမြင်နည်းပါးသော နအဖစစ်အစိုးရအတွက် ကောင်းချင်ကောင်းပေလိမ့်မည်။ သို့သော် တိုင်းပြည်နှင့် လူထုအတွက်ကား ကောင်းလိမ့်မည်မဟုတ်ပေ။ ဤအချက်ကိုလည်း သိမ်းစွန်ရဲတို့၏ ဇွဲမာန်ကို စာသူငယ်မသိနိုင်သကဲ့သို့ “ဘယ်သူသေသေငတေမာလျှင်ပြီးရော”ဟု သဘောထားပြီး အာဏာမာန်ယစ်၍ ထင်တိုင်းကြဲကာ အုပ်ချုပ်နေသော အာဏာရှင်တို့ နားမလည်နိုင်ချေ။
“လူတိုင်းလူတိုင်းသည် အများကောင်းကျိုးဆိုးကျိုးနှင့် သက်ဆိုင်သော ကိစ္စများကို သိပိုင်ခွင့်ရှိသည်။ မိမိထင်မြင်ချက်ကို သတင်းစာများမှ ထုတ်ဖော်ခွင့်ရှိသည်။ မိမိရသင့်ရထိုက်သော အခွင့်အရေးကို တရားသဖြင့် တောင်းဆိုနိုင်ခွင့်ရှိသည်”ဟု ‘လူထုအလိုရှိသော သတင်းစာ’စာအုပ်ကို ပြုစုခဲ့သော ကင်စလေမာတင် (Kingsley Martin) က ဆိုခဲ့သည်။
လွတ်လပ်စွာပြောဆိုခွင့်မပေးဘဲလူထု၏ပါးစပ်ကို အတင်းပိတ်ထားခြင်းသည် လွတ်လပ်စွာတွေးတောသော စိတ်ကို အကျဉ်းချထားသည်နှင့် တူလေသည်။ အာဏာရှင်စနစ် ကျင့်သုံးသော အစိုးရများက မိမိနှင့်သဘောချင်း မတိုက်ဆိုင်တိုင်း မပြောရ၊ မရေးရ၊ ဆန္ဒထုတ်ဖော်ခွင့်မပြုရ ပိတ်ပင်ထားလျှင် နိုင်ငံရေးအရ လွတ်လပ်မှုမရှိတော့ပေ။ တနည်းဆိုရသော် ဒီမိုကရေစီမရှိခြင်းပင်။
ထို့ကြောင့် စစ်အာဏာရှင်စနစ်ကျင့်သုံးသော နိုင်ငံတိုင်း၌ သတင်းစာလွတ်လပ်ခွင့်မရှိဘဲ ၎င်းတို့အလိုကျ တည်ထောင်ခွင့်ပြုထားသော အာဏာရှင်လက်ကိုင်တုတ် သတင်းစာများသာရှိသည်။ ထို့ကြောင့် မည်သည့်တိုင်းပြည်မဆို ကိုယ်နှင့်တန်သော သတင်းစာများသာ ရရှိကြသည်ဟု ဆိုရိုးပြုကြသည်။ လူသားတိုင်းသည် မိမိယုံကြည်ရာကို လွတ်လပ်စွာ ကန့်ကွက်ခွင့် လွတ်လပ်စွာ သဘောတူနိုင်ခွင့် ရှိကိုရှိရပေမည်။ အုပ်ချုပ်သော အစိုးရတိုင်းသည် ယူဆကွဲလွဲသည်ကို လျစ်လျူရှုနိုင်ရမည်။ သဘောထားကြီးကြီးထားနိုင်ရမည်။
လူတိုင်းကိုဖြစ်စေ၊ လူတဦးတယောက်ကိုဖြစ်စေ မိမိတို့၏ သဘောမတိုက်ဆိုင်သူတို့အား ပြောဆိုခွင့်မပေး၊ မိမိတို့ယူဆချက်မှတပါး အခြားယူဆချက်မရှိရဟု ပညတ်ခြင်းသည် သဘောထားသေးသိမ်သည့်အပြင် ဉာဏ်အမြော်အမြင် နည်းသည့် အလုပ်ပင်ဖြစ်သည်။ ထိုအလုပ်မျိုးသည် လုပ်သူနှင့် ခံရသူ နှစ်ဦးနှစ်ဘက်စလုံးအား အကျိုးပျက်စီးစေတတ်ပေသည်။ သတင်းစာများသည် အဘက်ဘက်မှ ပြောဆိုချက်များ တရားရုံးတော်၌ တင်ပြသည်ကို အမှားအမှန် ဆုံးဖြတ်သော တရားသူကြီးပမာဖြစ်သည်။ သတင်းစာများသည် သတင်းမှန်ကို မထိန်မချန် မထောက်မညှာ ဖော်ပြ၍ တိုင်းပြည်လူထုအား အကျိုးကျေးဇူးဖြစ်ထွန်းစေရမည်။
အမေရိကန်သမ္မတ သောမတ်ဂျက်ဖာဆန် (ThomasJefferson)ကမူ “သတင်းစာမရှိသော အစိုးရနှင့် အစိုးရမရှိသော သတင်းစာ ဘယ်ဟာကို ယူမည်နည်းဟုမေးလျှင် အစိုးရမရှိသော သတင်းစာကို ရွေးမည်” ဟုပင် ပြောခဲ့ဖူးလေသည်။ မှန်ပေသည်။ ဝေဖန်မှုကင်းသော အစိုးရသည် ကောင်းစွာ ကြာရှည်မတည်နိုင်ဘဲ ဖောက်ပြန်သွားတတ်သည်။ ယနေ့ နအဖအစိုးရထင်သလို ဥပဒေမဲ့ လုပ်ရပ်တိုင်းကို မည်သူမျှ ဝေဖန်ထောက်ပြနိုင်ခြင်းမရှိသဖြင့် တိုင်းပြည် ဖြစ်ချင်တိုင်း ဖြစ်နေသည်မှာ မျက်မြင်ဒိဌပင်။
လွတ်လပ်စွာရေးသားခွင့်သည် လူထု၏ စိတ်ဓာတ်ကို စင်ကြယ်အောင် ဆေးကြောပေးနိုင်စွမ်းရှိသည် မဟုတ်ပါလော။ နအဖစစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲပြီးသော်လည်း သတင်းစာလွတ်လပ်ခွင့်၊ စာပေလွတ်လပ်ခွင့် ပေးလိမ့်မည်မဟုတ်။ ၎င်းတို့က သတင်းစာများကို လွတ်လပ်ခွင့်ပေးလိုက်လျှင် လူအများ အကျိုးပျက်စီးအောင် စည်းကမ်းမဲ့ ရေးလာလိမ့်မည်ဟု အကြောင်းပြကာ နည်းမျိုးစုံ ဖိနှိပ်လျက်ရှိသည်။ အမှန်မှာ နအဖစစ်အစိုးရသည် ၎င်းတို့၏ အာဏာအလွဲသုံးစားမှုများ၊ ကိုယ်ကျိုးရှာမူများ၊ ရဟန်းရှင်လူပြည်သူလူထုအပေါ် ဥပဒေမဲ့ ရက်စက်စွာ သတ်ဖြတ်နှိပ်ကွပ်ခဲ့မှုများ ဘူးပေါ်သလို ပေါ်သွားမည်ကို အကြောက်ကြီးကြောက်နေသည်မှာ ထင်ရှားလှပေသည်။
သို့သော် သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ချုပ်ချယ်လျှင် ထိုစည်းကမ်းမဲ့မှုကို တားမြစ်ရာမရောက်ပေ။ တိုင်းပြည်၏ မျက်စိနားကို ပိတ်ဆို့ရာသာရောက်သည်။ စည်းကမ်းမရှိ၊ တာဝန်မဲ့ ရေးသားသော သတင်းစာကို တရားဥပဒေဖြင့် ချုပ်ချယ်ခြင်းထက် စည်းကမ်းရှိ၊ တာဝန်သိသော သတင်းစာများက လွတ်လပ်စွာ ဝေဖန်ခြင်းဖြင့် ထိရောက်စွာ ဆုံးမနိုင်ပေသည်။ လူအများ၏ ထင်မြင်ယူဆပုံမှာ တမျိုးတစားတည်း မရှိနိုင်။ အမျိုးမျိုးကွဲပြားကြမည်မှာ ထုံးစံပင်ဖြစ်သည်။ လူထုကို တမျိုးတည်းသာ သိစေရမည်။ တမျိုးတည်းသာ တွေးစေရမည်။ တမျိုးတည်းသာ ထင်မြင်စေရမည်ဟူ၍ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပေ။ သတင်းစာများသည် လွတ်လပ်စွာရေးသားခွင့်ရှိမှသာ လူတို့တွင်လည်း လွတ်လပ်စွာ တွေးတောထင်မြင်ခွင့် ရှိနိုင်ပေသည်။
ယင်းနှင့်ပတ်သက်၍ တိုင်းမ်သတင်းစာ အယ်ဒီတာဟောင်းတဦးဖြစ်သူ ၀စ်ခမ်စတိ (WickhamSteed) က “သတင်းစာလွတ်လပ်မှုဟူသည်မှာသတင်းစာများကိုလွတ်လပ်စွာဝေဖန်နိုင်ခွင့်ပင်ဖြစ်သည်။ သတင်းစာလွတ်လပ်မှုသည် လူအများအား ကာကွယ်ပေးပါမည်ဟူသော ကတိသစ္စာဖြစ်သည်”ဟု ဆိုခဲ့ဖူးသည်။ နအဖစစ်အစိုးရလက်အောက်၌ လူတိုင်း အကြောက်တရားကို ရင်ဝယ်ပိုက်ထားကြရသည်။ လက်နက်ကိုင်ထားကာ ဥပဒေမဲ့ ထင်သလို ရမ်းကားအုပ်ချုပ်နေသော စစ်အာဏာရှင်စနစ်အောက်၌ လူတို့ ထိတ်လန့်တုန်လှုပ်နေသည်မှာ မဆန်းလှပေ။ မြွေပွေးများ၊ မြွေဟောက်များကို မိမိတို့ ခါးပိုက်ထဲ ပိုက်ထားမိလျှင်လည်းလူတို့ကြောက်ကြမည်မှာဓမ္မတာပင်ဖြစ်သည်။သို့သော် ကြောက်တိုင်းကောင်းသည်မဟုတ်။ ကြောက်တတ်လျှင် ၀န်မကင်းဘဲ၊ ၀န်ပိတတ်သည်ကို ဆင်ခြင်သင့်ပေသည်။ မတရားသော အမိန့်အာဏာဟူသမျှကို တာဝန်အရဖီဆန်မှသာ စစ်အစိုးရပြုတ်ကျပေမည်။ စစ်အာဏာရှင်စနစ်ကို မဖြိုဖျက်နိုင်လျှင် စစ်အာဏာရှင်စနစ်အောက်တွင် ထာဝစဉ်ဖိနှိပ်ခံကြရမည်ကို လူတိုင်း သတိမူသင့်ပေသည်။
နအဖစစ်အစိုးရခေတ်တွင် သတင်းစာလွတ်လပ်ခွင့်၊ လွတ်လပ်စွာရေးသားပြောဆိုခွင့် လုံးဝမရှိသည့်အပြင် ပြည်ပအသံလွှင့်ဌာနများဖြစ်ကြသော DVB, BBC, RFA, VOA တို့မှ ထုတ်လွှင့်နေသော ရေဒီယိုသတင်းများ၊ ရုပ်သံများကိုပင် နားမထောင်ရ၊ မကြည့်ရဟု ပိတ်ပင်ခြင်းခံနေသည်။ နအဖ၏ ထုတ်လွှင့်နေသော ၀ါဒဖြန့်သတင်းများကိုသာ တဖက်သတ် ကြားနေရသည်။ အာဏာဖြင့် ပိတ်ပင်ချုပ်ချယ်ထားသောကြောင့် သတင်းစာ၊ စာနယ်ဇင်းများ မလှုပ်ဝံ့ကြချေ။ သို့သော် နအဖ၏ မတရားဖိနှိပ်၊ နှိပ်စက်မှုများကို အစိုးရထုတ် မည်သည့်သတင်းစာတွင်မှ မရေးဘဲနှင့်ပင် လူတိုင်းသိနေကြသည်။ နအဖလက်အောက်တွင် စစ်အာဏာရှင်များကို စာနယ်ဇင်းသမားတိုင်း ကြောက်ရွံ့၍ မည်သို့ပင် အလိုက်သင့် ဖော်လံဖား ရေးသားနေကြစေကာမူ လူထုက “ခေါက်ချိုးပြော ဇောက်ထိုးနားလည်” ဟူသကဲ့သို့ ၎င်းတို့၏ လိမ်ညာဝါဒဖြန့်မှုကို နောကျေနေလေသည်။
မည်သို့ဆိုစေ သတင်းစာဆရာတိုင်း၏ တာဝန်မှာ ဖြစ်ပျက်သမျှတို့ကို လူထုအားတင်ပြ၍ လူထုကို ဆုံးဖြတ်စေရန်ဖြစ်သည်။ သတင်းစာဆရာသည် အစိုးရလက်ကိုင်တုတ်သဖွယ် အသုံးတော်ခံရန်မဟုတ်ဘဲ မျက်မြင်ဖြစ်ပျက်သမျှကို သမိုင်းဆရာကဲ့သို့ အရေးတကာ့အရေးတွင် အမှန်ကိုသာရှာဖွေပြီးလျှင် မျက်မြင်ဖြစ်ပျက်သမျှ ကိစ္စတို့ကို မထိမ်မချန် ဟုတ်တိုင်းမှန်စွာ လူထုအား သိကြားစေရန် ပစ္စုပ္ပန်ခေတ်သမိုင်းကို ရဲဝင့်စွာ မှတ်တမ်းတင်သူများသာ ဖြစ်သင့်သည်။
သတင်းစာဆရာတို့သည် လွတ်လပ်မှုကို ကာကွယ်ရန် သတိရှိသင့်သည်။ အာဏာရှင်တို့သည် ရှေးအခါကလည်း သတင်းစာတို့ကို ဖိနှိပ်ရန် ကြိုးစားခဲ့ကြသည်။ နောင်ကိုလည်း ကြိုးစားဦးမည်သာဖြစ်သည်။ သို့သော် “ငုတ်သည် တိုက်ပါများလျှင် လှုပ်၊ လှုပ်ပါများလျှင် ကျွတ်” ဆိုသကဲ့သို့ သတင်းစာများအားလုံး စည်းလုံးညီညွတ်စွာဖြင့် တိုက်ဖျက်လျှင် စစ်အာဏာရှင်စနစ်ဆိုးသည် မကြာခင် ပြုတ်ကျသွားပေမည်မဟုတ်ပါလော။ ။


Geen opmerkingen:
Een reactie posten