မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 14 december 2010

လယ်သိမ်းသည့်ဇေကမ္ဘာဦးခင်ရွှေကိုဗိုလ်ချုပ်မှူးကြီးထံတိုင်မည်

ခင်ဦးသာ Tuesday, 14 December 2010 16:24
.မွန်ပြည်နယ်ကျိုက်မရောမြို့နယ်အတွင်းရှိလယ်မြေဧက၄၀၀ ခန့်ကို ဇေကမ္ဘာကုမ္ပဏီက သိမ်းယူထားသည့် အတွက် ဒေသခံများက ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တိုင်ကြားရန် ပြင်ဆင် နေကြောင်း သိရသည်။
ဘိလပ်မြေစက်ရုံတည်ရန်ဇေကမ္ဘာကုမ္ပဏီကသိမ်းယူထားသည့်မွန်ပြည်နယ်ကျိုက်မရောမြို့နယ်အတွင်းရှိ ပျားတောင်ပတ်ဝန်းကျင်ဒေသ(ဓာတ်ပုံ-ကောင်းဝါ)
အဆိုပါ လယ်မြေများအား ဇေကမ္ဘာကုမ္ပဏီ ပိုင်ရှင်ဦးခင်ရွှေက ဘိလပ်မြေ စက်ရုံတည်ရန် လွန်ခဲ့သည့် လအနည်းက သိမ်းယူခဲ့သည်။
“ဗိုလ်ချုပ်မှူးကြီးကို တိုင်တော့ ပိုတောင်ကောင်းပါသေးတယ်။ ကျနော် အလုပ် လုပ်နေတာ သိသွားတာပေါ့။ ဒီလယ်မြေတွေကို အတင်းသိမ်းတာ မဟုတ်ပါဘူး၊ လျော်ကြေးပေးပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံမှာ အကြီးဆုံး ဘိလပ်မြေ စက်ရုံတခု ဖြစ်လာမှာပါ။ အလုပ်အကိုင်တွေ ရလာကြမှာပါ” ဟု ဦးခင်ရွှေက ဧရာဝတီကို ပြောသည်။
သိမ်းယူချိန်တွင် ငွေကြေး တစုံတရာမပေးခဲ့သဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော်ရှိ စစ်အစိုးရ အဖွဲ့ တာဝန်ရှိသူများထံ လယ်သမားများက တိုင်ကြားခဲ့ရာ လယ်တဧကလျှင် ကျပ် ၃ သိန်း လျော်ကြေးပေးကြောင်း၊ သို့သော် အဆိုပါလယ်မြေမှာ တဧကလျှင် ကျပ် ၁၀ သိန်းခန့်တန်ကြောင်း၊ လယ်မြေများ အဆုံးခံခဲ့ရသည့်အပြင် တန်ရာတန်ကြေး မရကြ၍ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ယခု ရက်ပိုင်းအတွင်း ထပ်မံတိုင်ကြား သွားမည်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“ပထမတကြိမ် နေပြည်တော်တိုင်တော့ တဧကကို ကျပ် ၃ သိန်း လာလျော်တယ်။ ကျနော်တို့က ငွေကို မလိုချင်ပါဘူး။ ဘိုးစဉ်ဘောင်ဆက် လုပ်စားလာတဲ့ ကိုယ့်လယ်မြေတွေပဲ လိုချင်တာပါ။ တသက်စာအတွက် နစ်နာတယ်လို့ ခံစားရပါတယ်” ဟု လယ်သိမ်း ခံထားရသည့် ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။
ဦးခင်ရွှေက၎င်းသိမ်းယူထားသည့်လယ်မြေများသည်စပါးစိုက်ပျိုး၍ကောင်းမွန်သည့် လယ်မြေများမဟုတ်ကြောင်း၊ တောင်ကုန်း တောင်တန်းများသာ ဖြစ်ကြောင်းလည်း ဆက်ပြောသည်။
“လယ်တဧကလုပ်ရင် မိသားစု ထမင်းမ၀ဘူးလေ၊ စက်ရုံဆောက်တော့ လူတွေအများကြီး အလုပ်ရတာပေါ့” ဟု သူက ဆိုသည်။
ဦးခင်ရွှေ သိမ်းယူထားသည့် မြေများထဲတွင် စပါး စိုက်ပျိုးနိုင်သည့် လယ်ဧက များစွာပါရှိကြောင်း၊ လယ်မြေဖြင့် သားစဉ် မြေးဆက် လုပ်ကိုင်စားသောက်နိုင်ကြောင်း၊ စက်ရုံ၌ အလုပ်ရမည် ဆိုသော်လည်း လယ်ပိုင်ရှင်ဘ၀မှ တပါးသူ လက်အောက်ခံ အလုပ်သမားဘ၀ကို မရောက်လိုကြောင်း ဒေသခံ တဦးက ရှင်းပြသည်။
လယ်သိမ်းခံရသည့် လယ်သမား ၃၀ ၀န်းကျင်နှင့်မိသားစုများမှာ လယ်ယာမဲ့သည့် ဘ၀သို့ ရောက်ရှိသွားမည်ကို အထူး စိုးရိမ်နေကြကြောင်းလည်း သိရသည်။
ပထမ အကြိမ် သိမ်းယူထားသည့် လယ်မြေဧက ၄၀၀ ၀န်းကျင်အပြင် နောက်ထပ် ဧက ၂၀၀ ကျော်ကို ဒေသ အာဏာပိုင်များနှင့်ပေါင်း၍ သိမ်းယူထားသေးကြောင်း ဒေသခံများက ပြောသည်။
မြေသိမ်းခံရသည့် လယ်သမားများက ဗိုလ်ချုပ်မှူးကြီးထံ တိုင်ကြားရန် တရားဥပဒေ နားလည်သူ ရှေ့နေနှင့် ဆွေးနွေးနေပြီ ဖြစ်သကဲ့သို့ ဦးခင်ရွှေ ကလည်း ဘိလပ်မြေ စက်ရုံတည်ဆောက်ရေး စီမံကိန်းအတွက် လမ်းများ ဖောက်လုပ် ပြင်ဆင်နေပြီဟု သိရသည်။
အဆိုပါ စက်ရုံအား လက်ရှိတွင် ဇေကမ္ဘာကုမ္ပဏီ တခုတည်းက တာဝန်ယူ ဆောင်ရွက်နေပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း၊ ဗီယက်နမ်ကုမ္ပဏီ တခုကလည်း စိတ်ဝင်စားသည်ဟု ပြောဆိုနေ၍ ၎င်းတို့နှင့် ပူးပေါင်း လုပ်ဆောင်မည်ဆိုပါက ဒေါ်လာ သန်း ၂၀၀ အထိ ကုန်ကျရန် ခန့်မှန်းထားပြီး မြန်မာ တနိုင်ငံလုံး၌ အကြီးဆုံး ဘိလပ်မြေ စက်ရုံ တခု ဖြစ်လာမည်ဟု ဦးခင်ရွှေက ဆိုသည်။
စက်ရုံကိုအမြန်ဆုံးတည်ဆောက်၍ဒေသအတွက်စာသင်ကျောင်းများ၊ဆေးရုံဆေးခန်းများ၊ လူနေအဆောက်အအုံများ ဆောက်လုပ်ကာ စက်မှုဇုန်ကြီးတခုအဖြစ် လုပ်ဆောင် သွားမည်ဟုလည်း၎င်းက ပြောသည်။
ဘိလပ်မြေ စက်ရုံတွင် ၀န်ထမ်း ၂၀၀၀ ကျော်အထိ ခန့်ထားနိုင်မည် ဖြစ်ပြီး တရက်လျှင် ဘိလပ်မြေတန်ချိန် ၆၆၀၀ ခန့် ထုတ်လုပ်သွားမည်ဟု ဦးခင်ရွှေက ဆိုသည်။
စက်ရုံတည်ဆောက်မည့် နေရာသည် အချက်အချာကျသည့် နေရာဖြစ်ပြီး အာဆီယံ ဒေသတွင်း ဖောက်လုပ်နေသည့် လမ်း၏တစိတ်တပိုင်း နှင့်လည်း ဆက်စပ်နေသည့်အပြင် ဗီယက်နမ်နိုင်ငံနှင့် မြန်မာ ဆက်သွယ်မည့် လမ်းကြောင်းတွင် ပါဝင်နေ ကြောင်း သိရသည်။
ဇေကမ္ဘာ ဦးခင်ရွှေ၏အသံကို ဒီမှာ နားထောင်ပါ။
ဇေကမ္ဘာ ဦးခင်ရွှေသည် စစ်အစိုးရနှင့် နီးစပ်သည့် စီပွားရေး လုပ်ငန်းရှင်တဦး ဖြစ်သည့်အပြင် ၂၀၁၀ ရွေးကောက်ပွဲ၌လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)ကိုယ်စားပြု၍ တွံတေး ဒေသမှ ၀င်ရောက် အရွေးခံခဲ့ရာ အနိုင်ရ ထားသည့် ကိုယ်စားလှယ်တဦး ဖြစ်သည်။
ဇေကမ္ဘာဦးခင်ရွှေ သိမ်းယူထားသည့် ဒေသတွင် ဘိလပ်မြေ ထုတ်လုပ်ရန် ကောင်းမွန်သော ပျားတောင်ကြီး အပြင် တခြားသော ထုံးကျောက်တောင်များ ရှိနေကြောင်း၊ တောင်များကို ဖြိုဖျက်ပါက သဘာဝ ပတ်ဝန်းကျင်ပါ ပျက်စီးမှု ရှိလာမည် ဖြစ်ကြောင်း လေ့လာသူများက ပြောကြသည်။
ဦးခင်ရွှေ ဆောက်လုပ်မည့် ဘိလပ်မြေ စက်ရုံစီမံကိန်းကို လုပ်ကိုင်ရန် ၁၉၉၆ ခုနှစ် ၀န်းကျင်က အင်ဒိုးနီးရှား အစိုးရနှင့် မြန်မာ စစ်အစိုးရတို့ သဘောတူခဲ့ကြပြီး နောက်ပိုင်းတွင် စီမံကိန်း ပျက်သွားခဲ့ကြောင်း မွန်သတင်းအေဂျင်စီ တခုဖြစ်သော ကောင်းဝါ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
အလားတူ စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင် ယုဇန ဦးဌေးမြင့်သည်လည်း ကချင်ပြည်နယ်၌ လယ်မြေဧက များစွာ သိမ်းယူထားရာ ဒေသခံများက မကျေနပ်၍ တရားစွဲဆိုထားခြင်းကို ခံနေရသည်။ ယုဇန ဦးဌေးမြင့်သည် တနင်္သာရီ ဒေသတွင် ကြံ့ဖွံ့ပါတီ ကိုယ်စားပြု အနိုင်ရထားသူဖြစ်သည်။



Geen opmerkingen: