မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 15 december 2010

တရုတ်ရေကာတာကြောင့်ရှမ်းလူထုဒုက္ခဖြစ်

ဧရာဝတီ Wednesday, 15 December 2010 17:13
.တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြစ်ရိုးပေါ်တွင် တည်ဆောက်ထားသော ရေကာတာ စီမံကိန်းကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း၌ ဒေသခံများ သောင်းနှင့်ချီ၍ အခက်အခဲ ဒုက္ခများနှင့် ရင်ဆိုင်နေရ သည်ဟု ယမန်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။
                                           “မြင့်တချီခန်းတလှည့်”(HighandDry)အမည်ရှိအစီရင်ခံစာမျက်နှာဖုံး
ရွှေလီမြစ် (တရုတ် အခေါ် လောင်ဂျန်းမြစ်) ရေကာတာကြောင့် ဒေသကုန်သွယ်ရေး နှင့် ခရီးသွားလာမှုများ ထိခိုက်နစ်နာနေရ ကြောင်း ရှမ်း သဘာဝ ပတ်ဝန်းကျင် ရေးရာ အဖွဲ့နှင့် ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေး အသင်း တို့ ပူးပေါင်း ထုတ်ဝေသော“မြင့်တချီ ခန်းတလှည့်”(High andDry ) အမည်ရှိ အစီရင်ခံစာတွင် ဖော်ပြထားခြင်း ဖြစ်သည်။
၂၀၁၀ ခုနှစ် နှစ်လယ်တွင် မီတာ ၁၁၀ အမြင့်ရှိသော လောင်ဂျန်း ရေကာတာ ဆောက်လုပ်ပြီးချိန်မှ စတင်၍ မူဆယ်နှင့် နမ့် ခမ်း မြို့ အနီးတွင် တွက်ဆမရသည့် ရေအတက် အကျများ နေ့စဉ် ဖြစ်ပေါ်နေရာ မြစ်ကို အဓိက မှီခိုနေရသော ရွာသူ ရွာသား ခန့်မှန်းခြေ ၁၆၀၀၀ ကျော်သည် ၀င်ငွေများ သိသိသာသာ ကျဆင်းသွားကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။
“ကျနော်တို့ ရွာသားတွေက ဒီမြစ်မှာနေ၊ ဒီမြစ်မှာစား၊ ဒီမြစ်မှာ အလုပ်လုပ်နေကြရတဲ့ သူတွေပါ။ အခုလို မြစ်ရေ ချက်ချင်းကြီး တက် လာလိုက်ကျလိုက် ဖြစ်နေတော့ ကျနော်တို့ လုပ်ကိုင် စားသောက်လို့ မရတော့ဘူး”ဟု ၎င်း မြစ်ပေါ်တွင် မှီခို ရပ်တည် နေသူ ရွာသား တဦးက ဆိုသည်။
ရေကာတာ စီမံကိန်းကို တရုတ်ပြည်၏ အကြီးဆုံး ရေအားလျှပ်စစ် ကုမ္ပဏီဖြစ်သော စီနိုဟိုက်ဒရို ကော်ပိုရေးရှင်း(SinohydroCorporation)ကအကောင် အထည် ဖော်ခဲ့သည်။ ယင်း ရေကာတာကို တရုတ် - မြန်မာနယ်နိမိတ်ရွှေလီမြစ်အထက်ပိုင်းကီလိုမီတာ၃၀ ခန့် အကွာအဝေးတွင် တည် ဆောက်ထားကြောင်း သိရသည်။ ယင်း မြစ်သည် ယူနန်ပြည် နယ် မြောက်ပိုင်း တွင် မြစ်ဖျားခံသည်။
အစီရင်ခံစာတွင် ဖော်ပြချက်အရ လောင်ဂျန်း ရေကာတာကို ၂၀၀၆ ခုနှစ် နိုဝင်ဘာတွင် စတင် တည်ဆောက်ခဲ့ပြီး ပထမဦးဆုံး ဓာတ်အားပေး တာဘိုင်စက်ကို ၂၀၁၀ ခုနှစ် ဇူလိုင်လတွင် စတင်လည်ပတ်ခဲ့ပြီး လျှပ်စစ် ဓာတ်အား စုစုပေါင်း ၂၄၀ မီဂါဝပ် ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း ဆိုသည်။
ဒေသခံရွာသားများကလည်း ယခု ရေကာတာကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှုများကို စုံစမ်း စစ်ဆေးပေးရေးနှင့် ထိခိုက် မှုများ နည်းပါးစွာ လုပ်ဆောင်ပေးရန် တရုတ် အစိုးရ အာဏာပိုင်များထံသို့ တောင်းဆိုထားကြောင်း ၎င်း အစီရင်ခံစာက ဆို သည်။
“ရေကာတာကြောင့် ဖြစ်လာမယ့် ရိုက်ခတ်မှုဆိုင်ရာ ဆန်းစစ်လေ့လာချက်တွေကို နိုင်ငံနယ်နိမိတ်ကို မကြည့်ဘဲ မြစ်ကြောင်း တလျှောက်လုံး အတွက် လုပ်ဆောင်သင့်ပါတယ်။ လောင်ဂျန်း ဖြစ်ဖြစ်၊ မဲခေါင် ဖြစ်ဖြစ်၊ သံလွင် ဖြစ်ဖြစ် တရုတ်နိုင်ငံ အနေနဲ့ ဒီမြစ်တွေအပေါ်မှာ အမှီပြုနေရတဲ့ လူမူအသိုင်းအ၀န်းတွေ အပြင် ကျနော်တို့တွေအားလုံး မျှဝေပိုင်ဆိုင်ကြတဲ့ ဒီမြစ်တွေရဲ့ ဇီဝ ပြည့်စုံမှုကိုလည်း ထည့်သွင်းစဉ်းစား သင့်ပါတယ်”ဟု ရှမ်း သဘာဝ ပတ်ဝန်းကျင် ရေးရာ အဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ကိုစိုင်း စိုင်းက ပြောသည်။
တရုတ်နိုင်ငံအတွင်းရှိ မြန်မာအခေါ် သံလွင်မြစ်ပေါ်တွင် ရေကာတာ ၁၃ ခု တည်ဆောက်ရန် စီစဉ်ထားကြောင်းလည်း ၎င်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Geen opmerkingen: