မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 15 december 2010

ဆူဇူကီးဖလားပြိုင်ပွဲရှုံး၍မြန်မာအသင်းနည်းပြချုပ်ပြောင်းမည်

ဟိန်းသူ Wednesday, 15 December 2010 18:56
.ဆူဇူကီးဖလား ၂၀၁၀ ပြိုင်ပွဲတွင် အောင်မြင်မှု မရသည့်အတွက် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ် ဦးတင်မြင့်အောင် နေရာတွင် နိုင်ငံခြားသား နည်းပြတဦး ငှားရမ်း၍ အမြန်ဆုံး အစားထိုး ပြောင်းလဲရန် စီစဉ်နေကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့ဆူဇူကီးဖလား၂၀၁၀ပြိုင်ပွဲ၌ဒီဇင်ဘာ၂ရက်နေ့ကအိမ်ရှင်ဗီယက်နမ်အသင်းနှင့် မြန်မာအသင်းမှခင်မောင်ထွန်း(အလယ်၊၀တ်စုံဖြူနှင့်)အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေစဉ်(ဓာတ်ပုံ-Getty Images)
မြန်မာ အသင်းမှာ ပြီးခဲ့သည့် ဆူဇူကီး ဖလားပြိုင်ပွဲတွင် နိုင်ပွဲတပွဲမှ မရရှိခဲ့ဘဲ အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရသည့် အတွက် ယခုကဲ့သို့ နိုင်ငံခြားသား နည်းပြခန့်အပ်ရန် စီစဉ်နေသည်ဟု မြန်မာ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးကျော်က ပြောသည်။
“လက်ရှိအချိန်မှာ မြန်မာ့လက်ရွေးစင် နည်းပြချုပ် ရာထူးအတွက် လျှောက်ထားတဲ့ နိုင်ငံခြားသား နည်းပြတွေ အများကြီး ရှိပါတယ်။ အမြန်ဆုံး ခန့်အပ်သွားမှာပါ”ဟု ၎င်းက ဆိုသည်။
မြန်မာအသင်းမှာ ဆူဇူကီးဖလား အုပ်စုအဖွင့်ပွဲစဉ်တွင် ဗီယက်နမ် အသင်းအား ၇-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီး ဒုတိယပွဲစဉ်တွင် စင်္ကာပူ အသင်းကို၂-၁ဂိုးဖြင့် ရှုံးနိမ့်ကာ နောက်ဆုံး ပွဲစဉ်တွင် ဖီလစ်ပိုင်အား ဂိုးမရှိ သရေရလဒ်သာ ရရှိခဲ့သည့်အတွက် အုပ်စုနောက်ဆုံးဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်း ဖြစ်သည်။
“အခု အသင်းမှာ လူဟောင်းတွေ သုံးတာများတယ်။ အခြား ပြိုင်ဘက် ၃ သင်းစလုံး လူငယ်တွေ ချည်းပဲ။ ပြီးတော့ နည်းပြပိုင်းလည်း နိုင်ငံတကာအတွေ့အကြုံနည်းတာ ပါတယ်။ လေ့ကျင့်ချိန် ရက်ကောင်းကောင်း မရခဲ့ဘူး။ ခြေစမ်းပွဲ ကောင်းကောင်း မကစားခဲ့ရဘူး။ ဒါတွေကြောင့် ပြိုင်ပွဲက ထွက်ခဲ့ရတာပါ”ဟု ၀ါရင့် အားကစား ကလောင်ရှင် ခင်မောင်ထွေး (ပျဉ်းမနား) က ပြောသည်။
မြန်မာအသင်းတိုးတက်ကောင်းမွန်လာရန်အတွက်လက်ရှိရွေးချယ်ထားသော လက်ရွေးစင်ကစားသမားများကိုလူငယ်ကစားသမားများဖြင့်အစားထိုးသင့်ကြောင်း၊အဖွဲ့ချုပ်မှမြန်မာ့ လက်ရွေးစင်အသင်းအတွက်စနစ်တကျရေရှည်စီမံကိန်းများချမှတ်သင့်ကြောင်း၊ ကြိုတင်ပြင်ဆင်မှုများပြုလုပ်၍ အသင်းကောင်းများဖြင့် နိုင်ငံတကာခြေစမ်းပွဲများ ကစားသင့်ကြောင်း ဦးခင်မောင်ထွေးက သုံးသပ်သည်။
မြန်မာ့လက်ရွေးစင်ကစားသမားများမှာ ပြီးခဲ့သည့် ဆူဇူကီးဖလား ပြိုင်ပွဲတွင် စည်းကမ်းပိုင်းလိုက်နာမှုမရှိဘဲ အရက်သေစာ သောက် စားမှုများ ပြုလုပ်ခဲ့သည့် သတင်းများ ကြားရကြောင်းနှင့် ပြင်းပြင်းထန်ထန် အရေးယူသင့်ကြောင်းလည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က မြန်မာ့လက်ရွေးစင်အသင်းအတွက် နိုင်ငံခြားသားနည်းပြချုပ်နှင့် နိုင်ငံခြားသား နည်းစနစ် ဒါရိုက်တာ တို့ကို တလအတွင်း စာချုပ်ချုပ် ခေါ်ယူသွားမည်ဖြစ်ကြောင်း ဦးစိုးမိုးကျော်က ပြောပြသည်။
မြန်မာအသင်း နည်းစနစ်ဒါရိုက်တာ ရာထူးအတွက် စင်္ကာပူ အသင်း နည်းစနစ်ဒါရိုက်တာဟောင်း ဂျန် ဘော်ဂီ ပေါလ်ဆင် အား ခေါ်ယူမည်ဆိုသည့် သတင်းများထွက်ပေါ်ခဲ့သော်လည်း ဦးစိုးမိုးကျော် က ငြင်းဆိုသည်။
မြန်မာ့ဘောလုံးအဖွဲ့ချုပ်မှာ လက်ရွေးစင်အသင်းအတွက် အရည်အချင်းပြည့်ဝသော နိုင်ငံခြားသားနည်းပြကို ရေရှည် ခန့်အပ်ခြင်း မရှိဘဲ ပြိုင်ပွဲနီးမှ ခန့်လေ့ရှိသည့်အတွက် ပြည်တွင်းမီဒီယာများ၏ ဝေဖန်မှုများကိုလည်း ခံနေရသည်။
“မြန်မာအသင်းအနေနဲ့ အရည်အချင်းရှိတဲ့ နိုင်ငံခြားသားနည်းပြကို နှစ်ရှည်စာချုပ်နဲ့ ခန့်အပ်သင့်ပါတယ်”ဟု ဆူဇူကီး ဖလား ပြိုင်ပွဲ သို့ လိုက်ပါ သတင်းယူခဲ့သည့် အားကစားဝက်ဘ်ဆိုဒ် အယ်ဒီတာ တဦးဖြစ်သော ဇင်သော်နိုင်က ပြောသည်။
လက်ရှိ နည်းပြချုပ် ဦးတင်မြင့်အောင်မှာ ပြီးခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲပြီးနောက် ထုတ်ပယ်ခံရသည့် ဒရာဂိုမာမစ် ၏ နေရာတွင် အစား ထိုး ၀င်ရောက်ကာ မြန်မာ့လက်ရွေးစင် အသင်း နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။
ဆူဇူကီးဖလား ၂၀၁၀ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် အင်ဒိုနီးရှားနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့က ပူးတွဲ တာဝန်ယူခဲ့ခြင်းဖြစ်ပြီး အုပ်စု နှစ်စု ခွဲကာ ယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။ မြန်မာ အသင်းမှာ အုပ်စု (ခ) တွင်ပါဝင်ပြီး အိမ်ရှင် ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင် တို့နှင့် ယှဉ်ပြိုင်ကစားရသည်။ အုပ်စု (က)တွင်မူ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှားနှင့် လာအိုတို့ ပါဝင်ခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်း ကဲ့သို့ အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရသော ထိုင်းအသင်းမှာလည်း အုပ်စုအတွင်း နိုင်ပွဲတပွဲမှ မရရှိသည့် အပြင် လာအိုနိုင်ငံအား သရေကျခြင်း၊ အင်ဒိုနီးရှားအား ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ထိုကဲ့သို့ အခြေအနေမျိုးနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ထိုင်းနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ၀ူရာဝီ မာကူဒီအား ရာထူးမှ နုတ်ထွက် ပေးရန် ပရိသတ်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း ထိုင်းအခြေစိုက် www.thaifootball.com တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း အောင်မြင်စေရန် ရည်ရွယ်၍ အပျော်တမ်း အဆင့်မှ ဆုကြေးစား အဆင့်သို့ ငွေကြေးအမြောက်အမြား အကုန်ခံပြီး အသွင်ကူးပြောင်းခဲ့သည်မှာ ၂ နှစ် ရှိပြီဖြစ်သည်။
သို့သော် မြန်မာ့လက်ရွေးစင်အသင်း ၏ အဓိက ပြိုင်ပွဲများဖြစ်သော လာအို နိုင်ငံ၌ ကျင်းပသည့် ၂၅ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲနှင့် ဆူဇူကီးဖလား၂၀၁၀ ပြိုင်ပွဲတို့တွင် အောင်မြင်မှုမရရှိခဲ့ဘဲ အုပ်စုအဆင့်မှပင် လှည့်ပြန်ခဲ့ရသည်။
မြန်မာ့လက်ရွေးစင်အသင်းမှာ လက်ရှိအချိန်၌ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ၏ အာရှအဆင့် သတ်မှတ်ချက်တွင် အဆင့် ၂၄ နေရာ ရောက်နေပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ၁၄၄ နေရာ ရောက်ရှိနေကြောင်း သိရသည်။

Geen opmerkingen: