မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 25 december 2010

ကြေးမုံသတင်းစာပုံစံပြောင်းထုတ်မည်ဟုဆို

နရီလင်းလက် Saturday, 25 December 2010 12:57
စစ်အစိုးရထိန်းချုပ်ထားသည့်နေ့စဉ်ထုတ် ကြေးမုံ သတင်းစာကို လာမည့် ၂၀၁၁ ခုနှစ်တွင် ယခုထက်ပိုမို၍ စိတ်ဝင်စားဖွယ် ကောင်းသည့် သတင်းစာ တစောင်အဖြစ် ပြောင်းလဲ သွားမည် ဟု သိရသည်။
ယင်းသို့ ပြောင်းလဲရန်အတွက် လုပ်ငန်းလမ်းညွှန်နှင့် အနာဂတ်လမ်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၇ ရက်နေ့က နေပြည်တော် တပ်ကုန်း၊ ခရေပင်လမ်းခွဲရှိ ကြေးမုံ သတင်းစာတိုက်တွင် ကျင်းပခဲ့သည်ဟု နေပြည်တော် အသိုင်းအ၀န်းမှ သိရသည်။
“၂၀၁၁ ထဲမှာ အစိုးရပိုင် သတင်းစာတွေ ထပ်ထွက်လာမှာဆိုတော့ လက်ရှိထုတ်ဝေနေတဲ့ သတင်းစာကို ပုံစံပြောင်းချင်တာလည်း ပါတယ်။ နောက်တချက်က အစိုးရသတင်းစာနဲ့ ပတ်သက်ပြီး အနှစ်သာရ မရှိဘူး၊ ပေါ်လစီတွေ ပါတယ်လို့ ဝေဖန်နေတာတွေကို ပြန်တုံ့ပြန်ချင်တာကြောင့်လည်း ပါတယ်” ဟု ပြန်ကြားရေး ၀န်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။
အဆိုပါ သတင်းစာကို ခေတ်စနစ်နှင့် ညီသည့် အသွင်သဏ္ဌာန်ရော အနှစ်သာရ ပါဝင်စေရန်၊ သတင်းစာ ပုံစံပြောင်း၍ ရေးသားချက်များ ပြောင်းလဲကာ သတင်းဓာတ်ပုံများဖြင့် ဝေေ၀ဆာဆာ ထုတ်ဝေသွားရန် ဆေးနွေးကြောင်း၊ လာမည့်နှစ်အတွင်း အကောင်အထည် ပေါ်လာမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် သဘာဝ ဘေးအန္တရာယ်များဖြစ်သော ရေဘေး၊ လေဘေး၊ မီးဘေးနှင့် လူမှုရေး သတင်း၊ မှုခင်းသတင်းများကိုလည်း ထည့်သွင်းဖော်ပြရန် စီစဉ်ထားကြောင်း ကြေးမုံ သတင်းစာမှ ၀န်ထမ်းတဦးက ပြောသည်။
“သတင်းစာမှာ အာဏာပိုင်တွေ သွားတဲ့ မှတ်တမ်းတွေပဲ ဖော်ပြတာမျိုးမဟုတ်ဘဲ ပြည်တွင်းထုတ် ဂျာနယ်တွေလို သဘာဝ ဘေးအန္တရာယ်ဆိုလည်း ဖြစ်တာနဲ့ ဖော်ပြနိုင်အောင် လုပ်သွားမယ်လို့ ပြောတယ်။ မီဒီယာနဲ့ပတ်သက်ပြီး အစိုးရထုတ် သတင်းစာအပေါ်မှာ ပြောင်းလဲတဲ့အမြင်တခု၊ နေရာတနေရာ ပေးလာတာမျိုး ဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ထားတယ်”ဟု ၎င်းက ဆိုသည်။
စစ်အစိုးရက ကာကွယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် “နေပြည်တော် သတင်းစာ”နှင့် “မြ၀တီ သတင်းစာ” ကို ထပ်မံ ထုတ်ဝေသွားရန်လည်း စီစဉ်ထားသည်။
ယခုလက်ရှိတွင် ပြန်ကြားရေးဝန်ကြီးဌာနက ကြေးမုံ သတင်းစာ၊ မြန်မာ့အလင်း သတင်းစာနှင့် TheNew LightofMyanmarတို့ကိုထုတ်ဝေနေပြီးအင်တာနက်စာမျက်နှာများတွင်ပါတင်၍နေ့စဉ် ဖော်ပြပေးနေသည်။
အဆိုပါ သတင်းစာများတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်များ၏ ခရီးစဉ်များ၊ အတိုက်အခံ အင်အားစုများကို ဝေဖန် တိုက်ခိုက်ပြီး စစ်အစိုးရ၏ မူဝါဒကို ထင်ဟပ်စေသည့် ဆောင်းပါးများကိုသာ အဓိက ထားဖော်ပြ နေသည်။
ပြည်ပ သတင်းနှင့် ပတ်သက်၍လည်း အီရတ်စစ်ပွဲများ၊ အမေရိကန်နိုင်ငံ၏ ၀င်ရောက်တိုက်ခိုက်မှုကြောင့် အရပ်သားမည်မျှ သေဆုံးသွားရသည်များကို ဓာတ်ပုံများဖြင့် ဝေေ၀ဆာဆာ အမြဲမပြတ်ဖော်ပြသည်။
“အာဏာပိုင်တွေ ခရီးသွားတဲ့ အကြောင်း၊ ဘယ်နိုင်ငံက သံအမတ်နဲ့တွေ့တယ်။ နောက် သူတို့ မိသားစုလိုက် အလည်သွားတာကို ဖော်ပြပေးတယ်။ ပြည်သူတွေ တကယ်သိချင်တဲ့ လူမှုရေး၊ စီးပွားရေးအခြေအနေတွေ တခုမှ မပါဘူး” ဟု ပြည်တွင်း ဂျာနယ် အယ်ဒီတာ တဦးက ဆိုသည်။
အာဏာပိုင်များဘက်မှ အနှစ်သာရပြည့်ဝပြီး ခေတ်စနစ်နှင့်အညီ သတင်းစာတစောင်ဖြစ်လာရန် အကောင်အထည်ဖော်မည့် အပိုင်းတွင် သတင်းစာတစောင်၏ ရပ်တည်ချက်ဖြစ်သော မှန်ကန်မှု၊ မြန်ဆန်မှုနှင့် ဘက်လိုက်မှုမရှိသော အရေးအသားများ ထည့်သွင်းဖော်ပြမှုမရှိလျှင် ထူးခြားပြောင်းလဲသော သတင်းစာတစောင် ဖြစ်လာမည်မဟုတ်ဟု လေ့လာသူများက ပြောဆိုကြသည်။
“မူပြောင်းတဲ့ကိစ္စမှာ အားနည်းချက်တွေကတော့ ရှိနိုင်တယ်။ စစ်အစိုးရဲ့ လုပ်ရပ်တွေ၊ ပြောချင်တဲ့ အကြောင်းအရာတွေ တဖက်သတ် တင်ပြမယ်ဆိုရင်တော့ ဘာမှ မထူးဘူး။ အဲဒီလို မဟုတ်ဘဲ တကယ်ပြောင်းလဲ ဖြစ်မယ်ဆိုရင်တော့ မီဒီယာ အနည်းငယ် လွတ်လပ်လာပြီလို့ ပြောရမယ်။ တခြား ပုဂ္ဂလိက ဂျာနယ်တွေကို စာပေစိစစ်ရေးက ဖြတ်တောက်တယ် ဆိုပေမယ့် အစိုးရ မီဒီယာကတော့ အနည်းငယ် လွတ်လပ်လာတယ် ဆိုရင်ပဲ ဟုတ်နေပြီ” ဟု မြ၀တီ စာပေတိုက်မှ ဝန်ထမ်းတဦးက ဆိုသည်။
ထုတ်ဝေနေသည့် သတင်းစာများအနက် ကြေးမုံသတင်းစာ တစောင်သာ ယင်းကဲ့သို့ ပြောင်းလဲရန် စီစဉ်နေခြင်း ဖြစ်သည်။
ကြေးမုံ သတင်းစာကို လက်ရှိ စောင်ရေ တသိန်းကျော် ထုတ်ဝေနေပြီး ဈေးနှုန်း ၁၀၀ ကျပ်ဖြင့် ဖြန့်ချိ ရောင်းချနေကြောင်း သိရသည်။
ကြေးမုံ သတင်းစာကို ၁၉၅၇ ခုနှစ်တွင် စတင် ထုတ်ဝေခဲ့ရာ နှစ်ပေါင်း ၅၀ ကျော် သက်တမ်း ရှိပြီဖြစ်သည်။
ကြေးမုံ သတင်းစာကို ကြေးမုံ ဦးသောင်း၊ ဦးဝင်းတင်၊ ဇ၀န အစရှိသည့် သတင်းစာ ဆရာကြီးများက စတင် တည်ထောင် လုပ်ကိုင်ခဲ့ကြပြီး အရည်အသွေးရှိ သတင်းစာ တစောင်ဖြစ်ခဲ့ သော်လည်း ဗိုလ်ချုပ်ကြီး နေ၀င်း ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး နောက် ကြေမုံ သတင်းစာသည်လည်း ပြည်သူပိုင် အသိမ်းခံခဲ့ရသည်။ ထိုနောက်ပိုင်းမှ စတင်၍ ကြေးမုံ သတင်းစာမှာ အစိုးရသတင်း ဦစားပေး ဖော်ပြရသည့် သတင်းစာ တစာင်၊ ဝါဒဖြန့် သတင်းစာ တစောင်အဖြစ် အသုံးပြုခံခဲ့ရပြီး အရည်သွေးလည်း ကျဆင်းသွားသည်။

Geen opmerkingen: