မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 6 december 2010

အိန္ဒိယက မြန်မာကို စစ်သုံး ပစ္စည်းများပေးအပ်

ဇာနည်မာန် Monday, 06 December 2010 17:16
.အိန္ဒိယအစိုးရက မြန်မာ စစ်အစိုးရကို စစ်ဘက်သုံး မြေထိုးစက်၊ ကရိန်းကား၊ ဆိုင်ကယ်၊ ကားများနှင့် ဆက်သွယ်ရေးသုံး ပစ္စည်းများကို အခမ်းအနားဖြင့် ယမန်နေ့နေ့လယ်က အိန္ဒိယ-မြန်မာ နယ်စပ် မဏိပူရ်ပြည်နယ်၊မိုးရေးမြို့တွင် ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။
“ကားတွေက အစိမ်းပုတ်ရောင်တွေ၊ ၁၀ စီးလောက်ရှိတယ်။ သေချာတော့ မမြင်ရဘူး။ မိုးရေး ဘောလုံးကွင်းမှာပေးတာ။ ကွင်းတခုလုံး ပိတ်တွေနဲ့ ကာထားတာ။ ဘင်ခရာဝိုင်းတွေ၊ ယဉ်ကျေးမှု အကအဖွဲ့တွေနဲ့ အခမ်းအနားလုပ်နေတယ်။ အနားကို မသွားရဘူး။ ကျနော်သွားကြည့်တော့ အိန္ဒိယ စစ်တပ် အစောင့်တွေက မောင်းထုတ်တယ်” ဟု မိုးရေးမြို့ခံတဦးက ပြောသည်။
စက်ပစ္စည်းများ ပေးအပ်သည့် အခမ်းအနား မတိုင်ခင် ၃ ရက်က မြန်မာအင်ဂျင်နီယာများကို အိန္ဒိယ အင်ဂျင်နီယာများက စက်များ အသုံးပြုပုံ ခေါ်ယူရှင်းပြခဲ့သေးသည်ဟု သိရသည်။
စက်ပစ္စည်းများကို အိန္ဒိယ အစိုးရကိုယ်စား မဏိပူရ်ပြည်နယ် အာသံရိုင်ဖယ်တပ်၏ အကြီးအကဲတဦးဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး N.K Singh က ပေးအပ်ခဲ့ပြီး မြန်မာဘက်မှ အနောက်မြောက်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလွင်က လက်ခံရယူခဲ့သည်။
ပေးအပ်ခဲ့သော ပစ္စည်းများမှာ ထရပ်ကား ၂ စီး၊ ဆိုင်ကယ် ၃ စီး၊ မြေတူး ဘူဒိုဇာစက် ၄ စီး၊ 6KV မီးစက်တလုံး၊ Bolero လူစီး မော်တော်ယာဉ်အသေး ၁ စီး၊ HCL အမှတ်တံဆိပ် ကွန်ပျူတာ ၃ လုံးနှင့် လမ်းလျှောက်စကားပြောစက် ၆ လုံး တို့ဖြစ်ကြောင်း၊ အဆိုပါ ပစ္စည်းများကို လမ်းဖောက်လုပ်ရေးများအတွက် အသုံးပြုမည်ဖြစ်ကြောင်း အိန္ဒိယအခြေစိုက် SangaiExpress သတင်းစာတွင် ဖော်ပြထားသည်။
လက်ခံရရှိသော ဗိုလ်မှူးချုပ်စိုးလွင်က အိန္ဒိယ အစိုးရ၏ ကူညီထောက်ပံ့မှုများကို ကျေးဇူးတင်ကြောင်း၊ ယခင်က ပေးအပ်ခဲ့ဖူးသော ပစ္စည်းများကိုလည်း မြန်မာစစ်တပ်တွင် အသုံးပြုလျက်ရှိကြောင်း၊ အိန္ဒိယ အစိုးရက မြန်မာစစ်တပ်သို့ အကူညီများ ပေးအပ်ခြင်း သည် မြန်မာပြည်သူလူထုကို ကူညီခြင်းပင် ဖြစ်ကြောင်း ပြောဆိုသည်ဟု အဆိုပါ သတင်းတွင်ပါရှိသည်။
အဆိုပါ စက်ပစ္စည်းများမှာ အိန္ဒိယနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းများ၏ စက်မှုပိုင်းဆိုင်ရာတွင် အသုံးပြုသည့် အ၀ါရောင်များ မဟုတ်ဘဲ စစ်တပ်သုံး အစိမ်းရောင်များ ဖြစ်နေသည့်အတွက် ရှေ့တန်းစစ်မျက်နှာပြင်တွင် အသုံးပြုရန် ဖြစ်နိုင်ကြောင်း လေ့လာသူ များကဆိုကြသည်။
“မြန်မာဘက်ကို ပေးတာက အရင်တခါကလည်း အစိမ်းရောင်ပဲ။ သူတို့က စစ်သုံးလို့လည်း ပြောတာကြားရတယ်။ အမြောက်တွေ ဘာတွေလည်း တပ်လို့ ရတယ်။ စီမံကိန်းအရ ပေးမယ်လို့ ပြောထားတာ အစီး ၅၀ လောက် သဘောတူထားတယ် ကြားတယ်” ဟု မိုးရေးမြို့ခံက ပြောသည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း စစ်သုံးမြေထိုးစက်၊ မြေကော်စက်များကို ယခုကဲ့သို့ပင် အခမ်းအနားဖြင့် ပေးအပ်ခဲ့ဖူးသည်။
နှစ်နိုင်ငံ နယ်စပ်အရေး လေ့လာသူတဦးက “အိန္ဒိယက ထမံသီ ရေကာတာ လုပ်ပေးတာမျိုး၊ လမ်းဖောက်ပေးတာမျိုးတွေ အခမဲ့ လုပ်ပေးနေတာ။ အခုကတော့ ခွဲထွက်ရေး သူပုန်တွေကို မြန်မာက ကူတိုက်ပေးဖို့ သဘောတူညီချက်တွေ အရ ရှေ့တန်းမှာ သုံးဖို့ပေးတာ တွေလည်း ဖြစ်နိုင်တယ်”ဟု သုံးသပ်သည်။
နှစ်နိုင်ငံ စစ်တပ်မှ အကြီးတန်း အရာရှိများသည် တနှစ်လျှင် အနည်းဆုံး ၄ ကြိမ်ခန့် စစ်ရေးအရ ဆွေးနွေးမှုများ ပြုလုပ်လေ့ရှိပြီး မဏိပူရ်ပြည်နယ် မိုးရေး၊ စစ်ကိုင်းတိုင်း ကလေးမြို့နှင့် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တို့တွင် တွေ့ဆုံဆွေးနွေးလေ့ရှိရာ ဆွေးနွေးပွဲများ အပြီးတွင် မြန်မာနိုင်ငံအား စစ်ရေးအရ ကူညီမှုများပေးရန်၊ မြန်မာဘက်မှလည်း အိန္ဒိယ-မြန်မာနယ်စပ်ဒေသရှိ အိန္ဒိယ ခွဲထွက်ရေး သူပုန်များကို ကူညီ တိုက်ထုတ်ပေးရန် ပြောဆိုလေ့ရှိကြောင်း သူကဆိုသည်။
သူကဆက်လက်၍ “နှစ်နိုင်ငံဆက်ဆံရေးအတွက် အဓိကပေါ့။ အိန္ဒိယ ခွဲထွက်ရေး သူပုန်တွေက စစ်ကိုင်းတိုင်း အထက်ပိုင်း ကဘော် ချိုင့်ဝှမ်းဘက်တွေမှာ ရှိနေတယ်ဆိုပြီး သတင်းတွေလည်း ဖြစ်နေတယ်။ မြန်မာအစိုးရကို ကူတိုက်ပေးဖို့ ပြောထားပေမယ့် ဒီသူပုန်တွေကို မြန်မာပြည်ထဲမှာ နေခွင့်ပေးထားတဲ့အတွက် တနှစ်ကို ရူပီး သိန်း ၁၀၀ (ကျပ် သိန်း ၂၀၀၀) လောက် ရတယ်ဆိုတာတွေ၊ တခါတလေ အဖမ်းပြ၊ နောက်မှ ငွေယူပြီး ပြန်လွှတ်ပေးတယ် ဆိုတာတွေကလည်း ရှိနေတော့ မြန်မာစစ်တပ် ဘက်ကတော့ ဒီကိစ္စမှာ ဟန်ပြ လောက် အိန္ဒိယအစိုးရကို လုပ်ပြနေတာပါ” ဟုပြောသည်။
အိန္ဒိယ အစိုးရသည် ၁၉၈၈ လူထုအုံကြွမှု ကာလများက မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးကို အားပေး ကူညီခဲ့ သော်လည်း ၁၉၉၀ နောက်ပိုင်းတွင်မူ နှစ်နိုင်ငံအစိုးရအကြား စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုများ တိုးမြှင့် လုပ်ဆောင် လာပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် တစုံတရာ ၀င်ရောက်ပြောဆိုခြင်း မရှိခဲ့ပေ။
အိန္ဒိယ ခွဲထွက်ရေး သူပုန်များကို ပူးပေါင်း တိုက်ခိုက်သည့် ရွှေငှက် စစ်ဆင်ရေး ပြုလုပ်နေသည့် ကာလတွင် အိန္ဒိယ အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား JawaharlalNehruဆုချီးမြှင့်လိုက် ချိန်မှစ၍ မြန်မာအစိုးရဘက်မှ စစ်ဆင်ရေးကို ရပ်နားလိုက်သည်။ သို့သော်လည်း နှစ်နိုင်ငံအစိုးရခြင်း ဒေသအလိုက် အပြန်အလှန် သတင်းဖလှယ်ခြင်းများမှာမူ ရှိနေဆဲဖြစ်သည်။
နှစ်နိုင်ငံ စစ်ဦးစီးချုပ်နှင့် စစ်ဘက်ဆိုင်ရာ အကြီးအကဲများ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ နောက်တွင် အိန္ဒိယ အစိုးရက စစ်လေယာဉ်၊ ကမ်းရိုးတန်းသွား ရေယာဉ်ငယ်များ၊ လေယာဉ်ပစ် လက်နက်များ၊ လက်နက်ခဲယမ်းများ အပါအ၀င် နည်းပညာ အကူအညီများ ပေးအပ်ခြင်း၊ နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်ခြင်းများ ရှိခဲ့ပြီး မြန်မာ စစ်အစိုးရထံမှလည်း အိန္ဒိယ ခွဲထွက်ရေး သူပုန်များကို တိုက်ထုတ်ရေးတွင် ကူညီဆောင်ရွက်ရန် ကမ်းလှမ်းချက်များကို သဘောတူညီမှုများ ရှိခဲ့သည်။
ဒီမိုကရေစီ အင်အားကြီး နိုင်ငံတခုဖြစ်သည့် အိန္ဒိယနိုင်ငံ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မူဝါဒအပေါ် နိုင်ငံတကာ အသိုင်းအ၀န်းက ဝေဖန်မှုများ ရှိနေသည်။

Geen opmerkingen: