မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 17 december 2010

အိန္ဒိယပြည်ထဲရေးဝန်ကြီးနှင့်ဇိုမီးတော်လှန်ရေးအဖွဲ့တွေ့ဆုံ

ဇာနည်မာန် Friday, 17 December 2010 14:14
.အိန္ဒိယပြည်ထဲရေးဝန်ကြီးမစ္စတာပီချီဒမ်ဘရမ်ကအိန္ဒိယ-မြန်မာနယ်စပ်မဏိပူရ်ပြည်နယ်ချူရာချန်ပူခရိုင်ရှိ မူဗမ်းလိုင် အရပ် အခြေစိုက် ဇိုမီးတော်လှန်ရေးတပ်မတော်တပ်ရင်း၁၉၃နှင့်၂၀၃ကိုပထမဆုံးအကြိမ် အဖြစ် ဗုဒ္ဓဟူးနေ့က သွားရောက် တွေ့ဆုံ ဆွေးနွေးကြောင်း သိရသည်။
ဒီဇင်ဘာ၁၅ရက်နေ့ကZRO,ZRAအခြေစိုက်မူဗန်းလိုင်စခန်းသို့ရောက်လာသောအိန္ဒိယပြည်ထဲရေးဝန်ကြီး ပီချီဒမ်ဘရမ်ကိုZROတာဝန်ရှိသူတဦးကဇိုမီးရိုးရာအင်္ကျီလက်ဆောင်ဝတ်ဆင်ပေးနေစဉ်(ဓာတ်ပုံ-tongsan.org)
မိနစ် ၅၀ နီးပါးကြာ ထိုတွေ့ဆုံမှုတွင် ဇိုမီး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ အရေးတွင် ငြိမ်းချမ်းစွာ ပူးပေါင်းဖြေရှင်းရေးအတွက် ဆွေးနွေးပြောဆို ကြကြောင်း ဇိုမီး အမျိုးသား ပြန်လည်သွေးစည်း ညီညွတ်ရေးအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဒယ်နီက ဆိုသည်။
“သူကZRO၊ZRAအနေနဲ့ဒေသန္တရပြည်တွင်းငြိမ်းချမ်းရေးကို ထိန်းသိမ်းပေးတဲ့အတွက် အသိမှတ်ပြုကြောင်း၊ ဆက်လက်ပြီး လက်တွဲ ကူညီပေးပါဆိုပြီး မေတ္တာရပ်ခံသွားပါတယ်။ ကတိက၀တ်တွေလည်း အများကြီးပေးသွားတယ်။ ကျနော်တို့အတွက် စိတ်ဓာတ်ခွန်အား အများကြီး ရပါတယ်”ဟုလည်း ၎င်းကပြောသည်။
ပြည်ထဲရေးဝန်ကြီး ချီဒမ်ဘရမ်နှင့်အတူ ပြည်နယ်ရဲချုပ်နှင့် ထိပ်တန်းအရာရှိများပါဝင်သည့် အဖွဲ့သည် ဇိုမီး အမျိုးသားပြန်လည် သွေးစည်းညီညွတ်ရေးအဖွဲ့(ZRO)နှင့်မြန်မာနှင့်အိန္ဒိယနိုင်ငံသား ဇိုမီး တိုင်းရင်းသားများ ပါဝင်သည့် ဇိုမီး တော်လှန်ရေး တပ် မတော် (ZRA) မှ အရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ဦးဒယ်နီ က ဆက်၍ “မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ZRO၊ZRAရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ ထောက်ခံတဲ့သဘောမျိုးပြောတယ်။အကြမ်းမဖက်တဲ့နည်းနဲ့ပြည်တွင်းကိုထိုးဖောက်ပြီး ပညာပေးမှုလုပ်တာကို ချီးမွမ်းပြောဆိုသွားတယ်”ဟု ပြော သည်။
ဇိုမီး အမျိုးသား ပြန်လည်သွေးစည်းညီညွတ်ရေးအဖွဲ့နှင့် ဇိုမီး တော်လှန်ရေး တပ်မတော်ဆိုသည်မှာ အိန္ဒိယနိုင်ငံ မဏိပူရ်၊ မီဇိုရမ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်ပေါ်ဒေသနှင့် မြန်မာနိုင်ငံ ချင်းတောင်တန်း ဒေသများတွင် နေထိုင်ကြသည့် ဇိုမီး တိုင်းရင်းသား မျိုးနွယ်စုများနေထိုင်ရာ ဒေသများကို ဇိုမီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအဖြစ်သတ်မှတ်ပေးရန်အိန္ဒိယ-မြန်မာနှစ်နိုင်ငံအစိုးရများသို့ တောင်းဆိုလှုပ်ရှားနေသူများဖြစ်သည်။
အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ အင်္ဂလိပ် ကိုလိုနီ လက်အောက်ခံအဖြစ်မှ သီးခြားနိုင်ငံများအဖြစ် ခွဲထွက်ကြရာတွင် ဇိုမီးတိုင်းရင်းသား မျိုးနွယ်စုများ အပါအ၀င် နာဂ၊ ကူကီး စသော တိုင်းရင်းသားများ နေထိုင်သည့် ချင်းတောင်တန်းနှင့် နာဂတောင်တန်းဒေသများမှာ အိန္ဒိယနှင့် မြန်မာနိုင်ငံပိုင် ဒေသများအဖြစ် ပိုင်းခြားသွားရာမှ အဆိုပါ တိုင်းရင်းသားမျိုးနွယ်စုများက မိမိတို့ ကိုယ်ပိုင်ဒေသများ ပျောက်ဆုံး သွားရခြင်းကြောင့် နှစ်ဘက် နိုင်ငံများမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသများကို အစဉ်တစိုက် တောင်းဆိုနေကြခြင်းဖြစ် သည်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အာသံ၊ မဏိပူရ်၊ နာဂ၊ ဇိုမီး စသည့် တိုင်းရင်းသားအဖွဲ့များ၏ ပြည်နယ် သီးခြားအုပ်ချုပ်ခွင့် အတွက် တောင်းဆိုနေမှုများ ဖြစ်သည်။
အိန္ဒိယ ပြည်ထဲရေးဝန်ကြီးအနေဖြင့် ယခုကဲ့သို့ ခွဲထွက်ရေး အဖွဲ့များ အခြေစိုက်ရာ ဒေသသို့ ကိုယ်တိုင်သွားရောက်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်၍ အိန္ဒိယ ခွဲထွက်ရေးကိစ္စများတွင် တိုးတက်ပြောင်းလဲမှုများ ရှိလာနိုင်သည်ဟု လေ့လာသူများက ပြောဆို ကြသည်။
အိန္ဒိယအခြေစိုက်နာဂအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဥက္ကဋ္ဌဦးစောဆ က“အရင်တုန်းက ဒီလို အခြေ အနေမျိုး မရှိဘူး။ အခုက ၀န်ကြီးအဆင့်က ဒီလိုမျိုးလာတွေ့တယ်ဆိုတော့ တော်လှန်းရေး အဖွဲ့အစည်းတွေနဲ့ ပူးတွဲပြီးတော့ မလုပ် သည့်တိုင်အောင် ကောင်းမွန်တဲ့ ငြိမ်းချမ်းမှုဖြစ်စေချင်တဲ့ လက္ခဏာလို့ ကျနော်က နားလည်တယ်”ဟု ပြောသည်။
အိန္ဒိယနိုင်ငံအနေဖြင့် မကြာမီနှစ်များအတွင်း ပြည်နယ်ခွဲထွက်ရေးပြဿနာများ ကင်းသောနိုင်ငံအဖြစ် ဦးတည်နေသောကြောင့် ဇိုမီးတိုင်းရင်းသားအဖွဲ့များအနေဖြင့်လည်း အစိုးရနှင့် ပူးပေါင်းပါဝင်ရန် စည်းရုံးသည့် ခရီးစဉ်ဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီး၏ ခရီးစဉ်သည် မြန်မာ့အရေးနှင့် တိုက်ရိုက်သက်ဆိုင်မှုမရှိနိုင်ဘဲ ခွဲထွက်ရေးအဖွဲ့များအကြား ငြိမ်းချမ်းရေးရလိုခြင်းသာ ဖြစ်နိုင် ကြောင်းလည်း ၎င်းက ဆိုသည်။
ဦးစောဆ က ဆက်လက်၍ “အိန္ဒိယကတော့ မြန်မာကို စီးပွားရေးအတွက်ပဲ အဓိကထား ဆက်ဆံတာဆိုတော့လေ၊ ဇိုမီးအဖွဲ့ထဲမှာ မြန်မာနိုင်ငံသားတွေလည်း ပါနေတယ်ဆိုပေမယ့် အခုခရီးစဉ်က မြန်မာ့အရေးနဲ့ တိုက်ရိုက်တော့ မသက်ဆိုင်ဘူးပေါ့။ အိန္ဒိယ-မြန် မာ နှစ်နိုင်ငံလုံးမှာက မြန်မာနိုင်ငံသားတွေရော အိန္ဒိယနိုင်ငံသားတွေရော ဒီလိုပဲ သွားလာနေထိုင်နေကြတာကို အားလုံးက နားလည် ထားကြတယ်”ဟု ပြောဆိုသည်။

Geen opmerkingen: