မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 6 december 2010

ဒေါ်အောင်ဆန်းစုကြည်လက်ရာပန်းချီကားပို့စ်ကတ်များရောင်းပြီးလူမှုရေးတွင်သုံးမည်

ဧရာဝတီ Monday, 06 December 2010 16:09 .
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေရှာ ဖွေသည့် အနေဖြင့် ၎င်းရေးဆွဲထားသော ပန်းချီကား ၇ ကားကို ပို့စ်ကတ်ထုတ်၍ ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ကမ္ဘာ့AIDSနေ့ကNLDရုံးချုပ်တွင်ဝေဒနာရှင်ကလေးများကြားတွင်ဒေါ်အောင်ဆန်းစုကြည်ကိုဤသို့ တွေ့ရသည်(ဓာတ်ပုံ-GettyImages)
နိုင်ငံရေး အကျဉ်းသားမိသားစုများနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ပြုစုစောင့်ရှောက် ထားသော HIV/AIDS ဝေဒနာရှင်များကို ကူညီရန် အပါအ၀င် လူမှုရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် လိုအပ်သော ရန်ပုံငွေရရှိရန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကွန်ပျူတာဖြင့် ရေးဆွဲထားသော ပန်းချီကားများကို ပို့စ်ကတ်ထုတ် ရောင်းချမည် ဖြစ်ကြောင်း NLDလူငယ်တာဝန်ခံ တဦးဖြစ်သူ မဖြူဖြူသင်းက ပြောသည်။
“အန်တီ (ဒေါ်အောင်ဆန်းစုကြည်) အကျယ်ချုပ် ကျခံနေရတဲ့အချိန်မှာ ကွန်ပျူတာထဲမှာ ရေးထားတဲ့ ပန်းချီကား ၇ ကားကို ပို့စ်ကတ်ထုတ် ရောင်းမှာပါ။ ပြည်တွင်းမှာကော၊ ပြည်ပမှာပါ ကျယ်ကျယ်ပြန့်ပြန့် ရောင်းဖို့ရှိတယ်” ဟု မဖြူဖြူသင်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ရေးဆွဲထားသော ပန်းချီကားများထဲတွင် ရာသီဥတုနှင့် သက်ဆိုင်သော ပန်းချီကားတချို့ ပါဝင်ပြီး နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းရာသီ ဟူ၍ အမည်များ ပေးထားကာ အဆိုပါ ပို့စ်ကတ်များတွင် ၎င်းကိုယ်တိုင် လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
ဒဂုံမြို့သစ် တောင်ပိုင်း နှင့်ဒဂုံမြို့သစ်မြောက်ပိုင်းရှိNLDလူမှု အထောက်အကူပြု အဖွဲ့က စောင့်ရှောက်ထားသော HIV/AIDS ဝေဒနာရှင်များ ထားရှိသည့်ဂေဟာတွင် လူနာရှင် ၁၀၀ ကျော်ပုံမှန်ရှိနေပြီး ဆေးဝါးစရိတ်၊ စားစရိတ်အပါအ၀င် လစဉ် သိန်း ဆယ်ဂဏန်းချီ ကုန်ကျကြောင်း၊ မဖြူဖြူသင်း ဦးဆောင်သော NLDလူငယ်များအနေဖြင့် လူနာများအတွက် လစဉ် အခက်အခဲများ ရှိနေကြောင်း ကြားသိရသည်။
“လူနာ ၁၀၀ ဆိုတာက ဆေးရတဲ့သူက ပြန်၊ နောက်ထပ် အသစ်ထပ်ရောက်လာ၊ သက်သာသွားတဲ့ သူက နေရပ်ပြန်၊ ဝေဒနာရှင် အသစ်တွေက ထပ်ပြီး ရောက်လာဆိုတဲ့ ပုံစံမျိုးနဲ့ ပုံမှန် အမြဲတန်းရှိနေတဲ့ အရေအတွက်ပါ။ အထူးသဖြင့် နယ်တွေက လာကြတယ်” ဟု တောင်ဒဂုံမြို့နယ်ရှိ ဂေဟာမှ NLD လူငယ် တဦးက ပြောသည်။
NLD အနေနှင့် ၂၀၀၂ ခုနှစ်ကတည်းက HIV/AIDS ဝေဒနာရှင်များအား ကူညီစောင့်ရှောက်ရေး ဆောင်ရွက်ခဲ့ရာ ယခုအချိန်အထိ လူနာပေါင်း ၃၀၀၀ ကျော်ကို ကူညီစောင့်ရှောက်မှုများ ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
NLD သည် နိုင်ငံရေး အဖွဲ့အစည်း ဖြစ်သည့်အတွက် INGO၊ NGO များထံမှ ငွေကြေးအကူအညီ မရယူနိုင်ဘဲ ကိုယ်ထူကိုယ်ထ စနစ်ဖြင့်သာ ငွေကြေးရှာဖွေပြီး ဝေဒနာရှင်များကို ကူညီစောင့်ရှောက် နေရကြောင်း၊ ဝေဒနာရှင် များအတွက် လိုအပ်သည့် ARV ဆေးကိုမူ INGOနှင့် NGOများက အခမဲ့ပေးကြောင်း NLD လူမှု အထောက်အကူပြု အဖွဲ့ဝင်များက ပြောသည်။
“ကျမတို့ဆီ ရောက်လာတဲ့ လူနာတွေကို AZG နယ်စည်းမခြား ဆရာဝန်များအဖွဲ့လို နိုင်ငံတကာ INGO တွေ၊ နားခိုရာတို့ ရတနာ့မေတ္တာတို့လို ပြည်တွင်း NGO တွေဆီက ARV ဆေးရအောင် သက်ဆိုင်ရာ ဆေးခန်းကို လိုက်ပို့ပေးတာကနေ Counseling ၀င်တဲ့အဆုံး လိုက်ပြီး အကူအညီ ပေးပါတယ်။ ကျမတို့က နိုင်ငံရေး အဖွဲ့ဖြစ်နေ တော့ 3DFundလို အဖွဲ့အစည်းတွေဆီက ရန်ပုံငွေရဖို့ မဖြစ်နိုင်ဘူး”ဟု မဖြူဖြူသင်းက ပြောသည်။
INGOနှင့်NGOများထံမှ ARV ဆေးဝါးရရှိရန် စောင့်ဆိုင်းနေသည့် ဝေဒနာရှင်များအနေနှင့် အမှန်တကယ် ဆေး သောက်သုံးရန် လိုအပ်နေပါက NLD က အကုန်အကျခံကာ ဆေးတိုက်ကျွေးကြောင်း သိရှိရသည်။
“တချို့လူနာတွေက ဆေးသောက်ဖို့ တအား လိုအပ်နေပြီ၊ တခြားတဘက်မှာလည်း NGO တွေဆီက ဆေးရဖို့ စောင့်နေတယ် ဆိုရင်တော့ ကျမတို့ကပဲ လောလောဆယ် ဆေးသောက်ဖို့ အဆင်ပြေအောင် မရှိ၊ ရှိတဲ့ကြားက ရှာဖွေပြီး ဆေးတိုက်ပါတယ်” ဟု မဖြူဖြူသင်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် တောင်ဒဂုံမြို့သစ်ရှိ NLDက စောင့်ရှောက်ထားသော HIV/AIDS ဝေဒနာရှင်များ ဂေဟာသို့ သွားရောက်လည်ပတ်ခဲ့ရာ စစ်အစိုးရက လူနာများကို ဧည့်စာရင်း မပေးကြောင်း ပြောဆို၍ ရွှေ့ဆိုင်းခိုင်းခြင်း၊ ဂေဟာသို့ လာရောက် လည်ပတ်သော အနုပညာရှင်များကိုလည်း အနုပညာ ဆိုင်ရာ တားဆီး ပိတ်ပင်မှုများ ပြုလုပ်ခြင်း အပါအ၀င် ဖိနှိပ်မှုများ ပြုလုပ်ခဲ့သည်။

Geen opmerkingen: