မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 17 december 2010

စစ်အစိုးရ၀ါဒဖြန့်ရုပ်ရှင်မီဒီယာကိုဝေဖန်မည်

နရီလင်းလက် Friday, 17 December 2010 13:02
.၆၆ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ရိုက်ကူးမည့် ၀ါဒဖြန့် ဇာတ်ကားတွင် ပြည်တွင်း သတင်း မီဒီယာများကို ဝေဖန် ထားသည့် အကြောင်းအရာများ ထည့်သွင်း ရိုက်ကူးမည်ဟု သိရှိရသည်။
“အရုဏ်ဦးမှာဖူးသည့်ကြာ”ရုပ်ရှင်နှင့်ပါဝင်သူများကိုဆန္ဒပြနေကြသည့်လန်ဒန်ရောက်မြန်မာများ(ဓာတ်ပုံ-ဧရာဝတီ)
အဆိုပါ ဇာတ်ကားကို “တုနှိုင်းမဲ့ သစ္စာ”ဟု အမည်ပေးထားပြီး ကာကွယ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ဆက်ဆံရေး နှင့် စိတ်ဓာတ်စစ်ဆင်ရေး(ကက-ပြည်)မှ တာဝန်ယူ ရိုက်ကူးမည်ဟု စစ်ဘက်ဆိုင်ရာ အသိုင်းအ၀န်းက ပြောသည်။
နာမည်ကြီး သရုပ်ဆောင်များဖြစ်သည့် ကျော်ရဲအောင်၊ ရဲအောင်၊ နေတိုး၊ ဟိန်းဝေယံ၊ ထွန်းထွန်း၊ နေမင်း၊ နေအောင်၊ ကောင်း ခန့်၊ မင်းသွေး၊ ထွန်းအိန္ဒြာဗို၊ မေသဉ္ဖာဦး၊ န၀ရတ်၊ ၀တ်မှုန်ရွှေရည်၊ မိုးယုစံ၊ ခေမီကို၊ မယ်လိုဒီ စသည့် သရုပ်ဆောင်များစွာ ပါဝင် မည်ဟု သိရသည်။
“၀တ်မှုန်ရွှေရည်ကသတင်းကြေညာတဲ့သူအနေနဲ့သရုပ်ဆောင်မှာ။မီဒီယာနဲ့ပတ်သက်ပြီးဝေဖန်ချင်တာတွေပါသလို စစ်သား တွေကို အထင်မကြီးတဲ့ ပြည်သူတွေနဲ့ မြန်မာပြည်ကို အထင်မကြီးတဲ့ နိုင်ငံခြားပြန်တွေအကြောင်း ပါမယ်လို့ ပြော တယ်။ တပ်မတော်နေ့ အထိမ်းအမှတ်ဆိုပေမယ့် စစ်တိုက်တာတွေချည်းပဲ ပြသွားမှာ မဟုတ်ဘဲနဲ့ စီးပွားရေးနဲ့ ပတ်သက်တာ တွေလည်း ပါမယ်”ဟု အဆိုပါ ဇာတ်ကားတွင် ပါဝင်မည့် အမျိုးသမီး သရုပ်ဆောင်တဦးက ပြောသည်။
ဒု ဗိုလ်မှူးကြီးဟောင်း ဒါရိုက်တာ တင်သန်းဦးက ယခုနှစ်အတွင်း ရေးသားရိုက်ကူးခဲ့သည့် “အရုဏ်ဦးမှာ ဖူးသည့်ကြာ”အစိုးရ ၀ါဒဖြန့် ဇာတ်ကားသည်လည်း သမိုင်းအမှားကို ရိုက်ကူးထားသည့် ဇာတ်လမ်းအဖြစ် ဝေဖန်ပြောဆိုမှုများ ခံခဲ့ရပြီး အဆိုပါ ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သည့် အနုပညာရှင်များသည် ပြည်ပ ခရီးစဉ်များ၌ ကန့်ကွက်ဆန္ဒပြမှုများ ကြုံခဲ့ရသည်။
“တုနှိုင်းမဲ့သစ္စာ”ဇာတ်ကားကိုရေးသားရိုက်ကူးမည့်ဗိုလ်ကြီးတင်အောင်စိုး(ပန်းမြို့တော်)သည် “ကြယ်စင်မော်ကွန်း” တပ်မတော် သမိုင်း ရုပ်ရှင်ကား ဇာတ်လမ်းကို ရေးသားခဲ့သူဖြစ်ပြီး တခြား ၀ါဒဖြန့် ဇာတ်ကားများကိုလည်း ရိုက်ကူးခဲ့ကြောင်း တပ်မတော် ကွန်ပျူတာ ကွန်ရက်များ ညွန်ကြားရေးမှူးရုံး(ကက-ကွန်) နှင့် နီးစပ်သူတဦးက ဆိုသည်။
၎င်းက“ဂျာနယ်တွေရဲ့အခန်းကဏ္ဍကပြည်သူလူထုဆီတော်တော်တာသွားတယ်ဆိုတာ ရွေးကောက်ပွဲကာလ၊ ဒေါ်အောင် ဆန်းစုကြည် လွတ်ပြီးအချိန်တွေမှာအာဏာပိုင်တွေဘက်က လွှတ်ပေးလို့ မရတော့ဘူးဆိုတာ ပိုသိလာတယ်။ ပိုပြီး သတိ ထား လာတယ်။ ပြည်တွင်းမီဒီယာတွေ သတင်းဌာနတွေနဲ့ ပတ်သက်ပြီး ပြောချင်တာတွေကို ဇာတ်ကားမှာ ထည့်ထားတယ်လို့ ပြောတယ်”ဟု ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်မှလွတ်မြောက်ချိန်တွင်ဓာတ်ပုံနှင့်စာသားများ သတ်မှတ်ချက်ထက် ကျော်လွန် ဖော်ပြသောကြောင့် စာပေစိစစ်ရေးက ဂျာနယ် ၉ စောင်ကို ထုတ်ဝေခွင့် ခေတ္တ ရပ်ဆိုင်းခဲ့သည်။
“ရွေးကောက်ပွဲအပြီးမှာ သတင်းဂျာနယ်ကြီးတချို့ကို သတင်းစာ ထုတ်ဝေခွင့်ပြုမယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့သလို ပြန်ကြားရေးကနေ ကက-ပြည်ကို အကြောင်းကြားထားတာတွေ ရှိတယ်။ အဲဒီတုန်းက ပဏာမအနေနဲ့ ခွင့်ပြုပေးတဲ့အထိ ဖြစ်ခဲ့ပေမယ့် ရွေးကောက်ပွဲကာလ အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အချိန်၊ မထင်မှတ်ထားတဲ့ လုပ်ရပ်တွေ ဖြစ် ခဲ့တာရှိခဲ့တယ်။ ဂျာနယ်အတွင်း မျက်နှာဖုံးတွေမှာ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ဖော်ပြတာမျိုးတွေပေါ့။ ဒီအခြေအနေတွေကို သုံးသပ်ပြီး သတင်းစာတွေ ထုတ်ခွင့်ပေးဖို့ မဖြစ်တော့ဘူး ဆုံးဖြတ်လိုက်တာ”ဟု အဆိုပါ ကက-ကွန်နှင့် နီးစပ်သည့် အရာရှိက ဆိုသည်။
အာဏာပိုင်များနှင့်၎င်းတို့၏မိသားစုဝင်များနှင့်နီးစပ်သည့်ပြည်တွင်းဂျာနယ်ကြီး၅ စောင်ခန့်ကို ပြန်ကြားရေး ဝန်ကြီးဌာနကပဏာမအနေဖြင့်သတင်းစာထုတ်ဝေခွင့်ပြုရန်စီစဉ်ခဲ့သော်လည်း၊ စိတ်မချရတော့ဟုဆိုကာ ခွင့်မပြုတော့ကြောင်း၊ဂျာနယ်ကြီးတစောင်ကိုမူပုဂ္ဂလိကတ၀က်၊စစ်ဘက်အုပ်ချုပ်မှုတ၀က်လုပ်လိုပါက ခွင့်ပြုပေးမည်ဟု သိရကြောင်း ပြန်ကြားရေး ၀န်ကြီး ဌာန နှင့် နီးစပ်သူတဦးက ပြောသည်။
စစ်အစိုးရကကာကွယ်ရေးဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့်“နေပြည်တော်သတင်းစာ”နှင့် “မြ၀တီ သတင်းစာ”ကိုထပ်မံထုတ်ဝေသွားမည်ဖြစ်ကြောင်း၊ထုတ်ဝေဆဲကြေးမုံနှင့်မြန်မာ့အလင်း သတင်းစာများအပြင် ရန်ကုန်မြို့တော်စည်ပင်မှ ထုတ် ဝေနေသည့် “မြို့တော် သတင်းစာ”၊ မန္တလေးတွင် ထုတ်ဝေနေသော “ရတနာပုံ သတင်းစာ” တို့ကို လက်ရှိထက် တိုးချဲ့၍ သတင်းစာကြီးများအနေနှင့် ထုတ်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။

Geen opmerkingen: