မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 15 december 2010

ဂီရိ မုန်တိုင်းသင့်ဒေသတွင် မိုးကြီး၍ လေပြင်းထပ်တိုက်

ခင်ဦးသာ Wednesday, 15 December 2010 19:02
.ရခိုင်ပြည်နယ်အတွင်း ဂီရိဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသော မြို့နယ်တချို့၌ ယခုရက်ပိုင်း အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်ခဲ့၍ အနည်းငယ် ကျန်ရှိခဲ့သည့် စပါးခင်းများ၊ နေအိမ်များ ထပ်မံပျက်စီး ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
“ပုံမှန်ဆိုရင် စပါး တင်း ၁၀၀ ထွက်မယ့်ဟာက ဂီရိဖြစ်တော့ ၁၀ တင်းလောက်ပဲ ရနိုင်တော့မှာ။ အခုဆို ၅ တင်းတောင် ရနိုင်မယ် မထင်တော့ဘူး” ဟု မြေပုံဒေသခံ တဦးက ဧရာဝတီကို ပြောသည်။
ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ မိုးဆက်တိုက် ရွာသွန်းခဲ့ပြီး တနာရီလျှင် မိုင် ၇၀ ၀န်းကျင်ဖြင့် လေ တိုက်ခတ် သွားသောကြောင့် ရိတ်သိမ်းပြီး စပါးများ ရေစိုသွားခြင်း၊ လယ်ကွက်ထဲမှ စပါးများ ရေလုံးဝ မြုပ်သွားခြင်းတို့ ဖြစ်ခဲ့ ကြောင်းသိရသည်။
အောက်တိုဘာလ ၂၂ ရက်နေ့တွင် တနာရီ မိုင် ၁၂၀ ၀န်းကျင်ဖြင့် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်း မုန်တိုင်းကြောင့် မြေပုံ၊ မင်းပြား၊ ကျောက်ဖြူ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မာန်အောင်၊ ရမ်းဗြဲ၊ စစ်တွေ စသည့်မြို့နယ်များ၌ ပျက်စီးဆုံးရှုံးမှု ပမာဏ ကြီးမားခဲ့သည့် အပြင် လူပေါင်း ၂ သိန်း ၆ သောင်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ပြီး လူ ၁၀၀ ကျော်သေဆုံးခဲ့သည်ဟု စာရင်းများအရ သိရသည်။
“လာမယ့်နှစ် ရခိုင်ပြည်နယ်မှာ ဆန်ရှားပါးမှု ဖြစ်မယ့်အပြင် မျိုးစပါးတွေလည်း လုံးဝ မရှိကြတော့ဘူး။ နောင်နှစ်တွေ အတွက်လည်း ဆန်ရှားပါးမှု ဖြစ်လာနိုင်သေးတယ်။ စားစရာ မရှိသေးတော့ တာတမံတွေကိုလည်း ပြန်မပြင်နိုင်ကြသေးဘူး”ဟု ကျောက်ဖြူမြို့နယ်၌ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ကျောက်ဖြူမြို့နယ်မှ အနိုင်ရ ကိုယ်စားလှယ် ဦးဘရှင် က ဧရာဝတီကို ပြောသည်။
ကျောက်ဖြူမြို့နယ်ရှိ တာတမံ အားလုံးနီးပါးမှာ ဂီရိဆိုင်ကလုန်းကြောင့် ပျက်စီးသွားပြီး အချိန်မီ မပြုပြင်နိုင်ပါက စပါး စိုက်ပျိုးရန် ခက်ခဲသွားမည် ဖြစ်ကြောင်း၊ ကျောက်ဖြူမြို့နယ်သည် တာတမံများကိုသာ အားကိုး စိုက်ပျိုးရခြင်းကြောင့် လာမည့်နှစ်တွင် စပါးထွက်နှုန်း သိသာစွာ လျော့ကျမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တာတမံတခု ပြန်လည်ပြုပြင်ရန် ကျပ် သိန်းဆယ်ဂဏန်းမှ သိန်း ၂၀၀ ၀န်းကျင်အထိ ကုန်ကျမည်ဟု သိရသည်။
ဒုတိယ အကြိမ် လေပြင်းကြောင့် စပါးခင်းအများစုမှာ ရာနှုန်းပြည့်နီးပါး ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။
ဂီရိကြောင့် ပျက်စီးသွားသည့် နေအိမ်များအား ပလတ်စတစ် အမိုးအကာများဖြင့် ယာယီ ဆောက်လုပ် နေထိုင်လျက်ရှိရာ ဒုတိယအကြိမ် လေပြင်းထပ်မံတိုက်ခတ်သောကြောင့် အားလုံးနီးပါး ပျက်စီး သွားကြကြောင်း သိရသည်။
မြေပုံမြို့နယ် ပြင်ချောင်းရွာသား တဦးက “ဆန်ကတော့ မိသားတစုအတွက် ရက် ၂၀ စာကို WFP(ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်)နဲ့စေတနာရှင်တချို့ကဒီဇင်ဘာ၁၁ရက်နေ့က လာပေးကြတယ်။ အာဏာပိုင်တွေ ဘက်ကတော့ အခုထိ လုပ်ပေးတာ မတွေ့ရသေးပါဘူး” ဟုဆိုသည်။
ဂီရိဒေသများဖြစ်သော မြေပုံ၊ ကျောက်ဖြူ၊ မာန်အောင်၊ စစ်တွေ၊ မင်းပြား စသည့်မြို့နယ်များတွင် မိုးကြီးခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်းများ အဓိက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဂီရိ လေဘေးသင့် ဒေသများရှိ ဒုက္ခသည်များမှာ ဂီရိဖြစ်ပြီး ၂ လ နီးပါး ရှိသည့်တိုင် စားဝတ်နေရေး ပြဿနာများအတွက် အခက်ကြုံနေရချိန်တွင် ယခုကဲ့သို့ လေပြင်းတိုက်ခြင်း၊ မိုးကြီးခြင်းတို့နှင့် ထပ်မံ ကြုံတွေ့ကြရသည်။
ဒုက္ခသည်များအားစစ်အစိုးရနှင့်သက်ဆိုင်ရာအာဏာပိုင်များကထိရောက်သောကူညီမှု၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ယနေ့အထိ ထိရောက်စွာလုပ်ဆောင်ပေးခြင်း မရှိသေးသော်လည်း စေတနာရှင်များ၊ လူမှုရေးအဖွဲ့များ၊ ပြည်တွင်းပြည်ပNGOအဖွဲ့များက တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးနေကြောင်း ဒေသခံများက ပြောသည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလည်း ပြီးခဲ့သည့်တပတ်က ကျပ်ငွေ ၃၉ သိန်းလှူခဲ့ပြီးဖြစ်ကာ ယခုထပ်မံ၍ ကျပ်သိန်း ၁၀၀ လှူဒါန်းကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPP)၏ အတွင်းရေးမှူးနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဖြစ်သူ ဦးအေးသာအောင်သည်လည်း ဂီရိဒေသများသို့ ဒုတိယအကြိမ် သွားရောက်ကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။
ဦးအေးသာအောင် နှင့်အတူ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးထောင်ခိုထန်း၊NLDအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးကြည်ဝင်း၊ ဒေါက်တာ ဒေါ်မေ၀င်းမြင့်နှင့် ဒလမြို့နယ်မှ တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးဝင်းချို တို့ ပါဝင်ကြောင်း သိရသည်။
“ဒီတခေါက်မှာတော့ ကယ်ဆယ်ရေး လုံးဝမရသေးတဲ့ ရွာတွေကို ဆန်၊ အမိုးအကာ၊ ဆေးဝါးတွေ၊ ရေတွင်းရေကန် တူးဖော်ဖို့ လိုအပ်တာတွေကို အဓိက လှူသွားမှာပါ” ဟု ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။
ယနေ့တွင် ကျောက်ဖြူမြို့နယ်အတွင်းရှိ မင်းပြင်ရွာ၌ ဆန်အိတ် ၅၀ နှင့်အမိုးအကာများ၊ ဆေးဝါးများ လှူဒါန်းပြီး တခြားဒေသများသို့လည်း သွားလှူဦးမည်ဟု ၎င်းက ဆက်ပြောသည်။ ဦးအေးသာအောင်နှင့် အဖွဲ့သည် ကျောက်ဖြူ၊ မြေပုံနှင့် တခြားမြို့နယ် တချို့ကို သွားမည်ဟု သိရသည်။
ကမ္ဘာ့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး ကွပ်ကဲမှုရုံး (UNOCHA)၏ ထုတ်ပြန်သည့် အစီရင် ခံစာတွင် ဂီရိ လေဘေးသင့် ဒေသများရှိ စပါးခင်းများ၏ ၅၀ ရာခိုင်နှုန်းနှင့် ငါးကန်၊ ပုစွန်ကန် ဧက ၅ သောင်းကျော်မှာ လုံးဝ ပျက်စီး သွားကြောင်း၊ ထိုဒေသများ၌ လာမည့် ၂ လ၊ ၃ လ တွင် အလုပ်လက်မဲ့ လူဦးရေ များပြား လာနိုင်ကြောင်းလည်းအစီရင်ခံစာက ဆိုသည်။

Geen opmerkingen: