မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 17 december 2010

ဒေါ်အောင်ဆန်းစုကြည်သတင်းများမီဒီယာတွင်ပိတ်ပင်

ဧရာဝတီ Friday, 17 December 2010 17:23
စာပေစိစစ်ရေးက ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်းသတင်းဂျာနယ်များ၏ တွေ့ဆုံမေးမြန်းခန်းများ၊ သတင်းနှင့် ဓာတ်ပုံများကို ဖော်ပြခွင့်မပြုတော့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်စကပြည်တွင်းဂျာနယ်များတွင်၎င်း၏သတင်းများဓာတ်ပုံများကိုဤသို့ ဖော်ပြကြသည်။ယခုအခါဒေါ်အောင်ဆန်းစုကြည်သတင်းများဖော်ပြခွင့်ပိတ်ပင်ထားပြီဖြစ်သည်(ဓာတ်ပုံ-AP)
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သတင်းများကို ဖြုတ်ပယ်လျက် ရှိပြီး ထိုဖြုတ်ပယ်မှုများကို နေပြည်တော် ပြန်ကြားရေး ၀န်ကြီးဌာနက တိုက်ရိုက်ကိုင်တွယ် နေခြင်း ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်းများ ဖော်ပြရန် သတင်းဂျာနယ်များက စာပေစိစစ်ရေးသို့ တင်ပြနေသော်လည်း အဆိုပါ တွေ့ဆုံမေးမြန်း ခန်းများကို လုံးဝ ဖော်ပြခွင့်ပြုမည် မဟုတ်ကြောင်း စာစစ်မှူးတဦးကပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူးတွေကို မူကြမ်းတင်ပြတဲ့ ဂျာနယ်တွေရှိတယ်။ ဒါပေမယ့် လုံးဝ ဖော်ပြခွင့် ပြုမှာမဟုတ်ဘူး” ဟု အဆိုပါ စာစစ်မှူးက ရှင်းပြသည်။
ယခုအခါဒေါ်အောင်ဆန်းစုကြည်သည်ပြည်တွင်းပြည်ပမီဒီယာများကိုအလှည့်ကျတွေ့ဆုံမေးမြန်းခွင့်များ ပြုနေပြီဖြစ်ရာ လွန်ခဲ့သည့် ရက်ပိုင်းကVenusဂျာနယ်နှင့် ပြည်သူ့ခေတ်ဂျာနယ်တို့ကို လက်ခံတွေ့ဆုံခဲ့ပြီး ယနေ့တွင် 7DaysNewsဂျာနယ်၊TheVoiceဂျာနယ်၊APသတင်းဌာန၊TheYangonTimesဂျာနယ်နှင့် Flower News ဂျာနယ်တို့နှင့် တွေ့ဆုံကြောင်း သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ် အဲရစ္စ(ခေါ်)ကိုထိန်လင်း လာရောက်သည့် သတင်းနှင့် ပြန်သည့် သတင်းများ ကိုမူ ပြည်တွင်း သတင်းမီဒီယာများတွင် ဖော်ပြခွင့်ပြုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံခြားသားနှင့် လက်ထပ် ထား၍ နိုင်ငံခြားသားသွေးနှောသည့် သား ၂ ဦးရှိသည်ကို ပေါ်လွင်စေသဖြင့်သာ အဆိုပါ သတင်းများ ဖော်ပြခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ကိုထိန်လင်း မြန်မာပြည်မှ ပြန်လည် ထွက်ခွာခဲ့ပြီး နောက်တွင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနှင့် သတင်းများကို ပြန်လည် ဖြုတ်ပယ်စိစစ်နေပြီ ဖြစ်ကြောင်း စာပေစိစစ်ရေးဌာနက ပြောသည်။
“ဒုတိယပင်လုံ၊၂၁ရာစုပင်လုံဆိုတဲ့စကားလုံးတွေ၏ဒေါ်အောင်ဆန်းစုကြည်ပြောလိုက်ကတည်းက ဒေါ်အောင်ဆန်းစုကြည် သတင်းတွေကို ဖြုတ်ရမယ်ဆိုတဲ့ ညွှန်ကြားမှုတွေရှိလာတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံလည်း လုံးဝ မဖော်ပြရဘူးလို့ ညွှန်ကြားထားတယ်” ဟု စာစစ်မှူးတဦးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင်ယွန်းတို့ တွေ့ဆုံသော သတင်းကို ပြည်တွင်း ဂျာနယ်များက ဖော်ပြရန် ကြိုးစားကြသော်လည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ လာရောက်လည်ပတ်ခဲ့သည် ဆိုသော သတင်းကိုသာ ဖော်ပြခွင့်ပြု၍ ဒေါ်အောင်ဆန်းစုကြည်၏ အမည်နှင့် ဓာတ်ပုံများကို ဖော်ပြခွင့် မပေးခဲ့ပေ။
“ဂျိုးဇက်ဝိုင်ယွန်းနဲ့ဒေါ်အောင်ဆန်းစုကြည်တို့တက္ကသိုလ်ရိပ်သာလမ်းကအိမ်ပေါက်ဝမှာ အတူတွဲရိုက်ထားတဲ့ပုံကို စိစစ်ရေးတင်ပြတော့ စိစစ်ရေးက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ဖြုတ်ခိုင်းပြီး ဂျိုးဇက်ဝိုင်ယွန်း ပုံကိုပဲ ထည့်ခွင့်ပေးတယ်” ဟု သတင်းအယ်ဒီတာတဦးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် သတင်းနှင့် ဓာတ်ပုံများကို စိစစ်ရေးသို့မတင်ရန် ဂျာနယ်များကို ညွှန်ကြားခြင်း မရှိကြောင်း၊ သို့ရာတွင် တင်သည့် ဓာတ်ပုံများ၊ သတင်းများကိုလည်း လုံးဝ ဖော်ပြခွင့် မပေးတော့ကြောင်း ဂျာနယ်တစောင်မှ ထုတ်လုပ်ရေး အယ်ဒီတာ တဦးက ရှင်းပြသည်။
“သတင်းထောက်တွေကတော့လိုက်စရာရှိတာလိုက်တာပဲ။အယ်ဒီတာတွေကလည်း စိစစ်ရေးကို တင်တာပဲ။ စိစစ်ရေး ကလည်း ဖြုတ်ချင်တာ ဖြုတ်တာပဲ။ ဂျာနယ်တွေဘက်ကတော့ ပေးတဲ့အချိန်အမြတ်ပဲ ဆိုပြီး လုပ်နေကြတာ” ဟု ၎င်းက ဆိုသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သော ကမ္ဘာ့လူ့အခွင့်အရေးနေ့ အခမ်းအနားသတင်း၊ ဒေါ်အောင်ဆန်းစုကြည် ရေးဆွဲသည့် ပန်းချီကား ပို့စ်ကတ်များကို လူမှုရေးရန်ပုံငွေအတွက် ရောင်းချသည်ဆိုသော သတင်းများကို ပြည်တွင်းဂျာနယ် များက တင်ပြသော်လည်း စာပေစိစစ်ရေးက ခွင့်မပြုခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် သတင်းသာမက နိုင်ငံရေးပါတီများက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ မဲမသမာမှု ပြုလုပ်ကြောင်း သတင်းထုတ်ပြန်ချက်၊ တရားစွဲရန် ပြင်ဆင်မှု သတင်းများ အပါအ၀င် ကြံ့ဖွံ့ပါတီကို ထိခိုက်သည့် သတင်းများနှင့် အစိုးရကိုဝေဖန်သော နိုင်ငံရေးသမားများ၏ ပြောကြားချက် သတင်းများကိုလည်း စာပေစိစစ်ရေးက ဖြုတ်ပယ်လျက်ရှိကြောင်း ဂျာနယ် အယ်ဒီတာများက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ချိန်က ၎င်း သတင်းနှင့် ဓာတ်ပုံများကို ပုံကြီးချဲ့ အချပ်ပို ထုတ်ဝေ ဖော်ပြခဲ့မှုဖြင့်စာပေစိစစ်ရေးကပြည်တွင်းသတင်းဂျာနယ် ၉ စောင်ကို ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခြင်းဖြင့် အရေးယူခဲ့သည်။
ဇူလိုင်လထုတ် စတိုင်သစ်မဂ္ဂဇင်းကို စာမျက်နှာ ထက်ဝက်ခန့် ဖြုတ်ပယ်ခဲ့သောကြောင့် နောက်လတွင် အဆိုပါ မဂ္ဂဇင်းက စာဖတ်သူများထံ တောင်းပန်စာ ထည့်သွင်းခဲ့ရာ ယခု ထုတ်ဝေခွင့်လုံးဝ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
စာပေစိစစ်ရေးသည် မူဝါဒပုံသေမရှိဘဲ လိုသလို ပြောင်းလဲလေ့ရှိကြောင်း၊ ရွေးကောက်ပွဲ ပြီးသွားချိန်တွင် စာနယ်ဇင်းလွတ်လပ်ခွင့်အနည်းနှင့်အများရရှိလိမ့်မည်ဟုမျှော်လင့်မိသော်လည်း ပိုမိုတင်းကျပ်လာကြောင်း၊ ယခု လက်ရှိ အခြေအနေများကို ကြည့်ခြင်းဖြင့် စာနယ်ဇင်းလွတ်လပ်ခွင့် လုံးဝ ရရန် မလွယ်ကူနိုင်ကြောင်း သတင်းဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

Geen opmerkingen: