မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 20 december 2010

စစ်အစိုးရနှင့်DKBAတိုက်ပွဲထပ်ဖြစ်၊၈ဦးကျဆုံး

သန်းထိုက်ဦး Monday, 20 December 2010 15:33
.နအဖစစ်တပ်နှင့်တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA)တပ်ဖွဲ့ဝင်များနှင့် ယမန်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့ရာနအဖဘက်မှ၇ဦး ကျဆုံး၍ ၁၃ ဦးခန့်ဒဏ်ရာရရှိပြီး DKBAက ၁ ဦး ကျဆုံး၍ တပ်မှူး တဦး အပါအ၀င် ၅ ဦးခန့် ဒဏ်ရာရရှိ သွားကြောင်း သိရှိရသည်။
ကရင်ပြည်နယ် မြ၀တီမြို့နယ် တောင်ဘက်ရှိ ဖလူးကျေးရွာ ဒေသတ၀ိုက်တွင် နအဖ ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း(ခမရ)၅၄၇ တပ်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု DKBA တပ်မဟာ ၅ မှ ဗိုလ်ကြီး စောသရီးထူး က ဧရာဝတီသို့ ပြောသည်။
ယမန်နေ့နံနက်၉နာရီခန့်ကဖလူးကျေးရွာထိပ်ရှိ နအဖတပ်စွဲ ထားသည့် တောင်ကုန်းတခုကို သိမ်းယူရရှိရန် ကရင်အမျိုးသား အစည်းအရုံး(KNU)၏ ပူးပေါင်း ပါဝင်မှုဖြင့်DKBAတပ်ဖွဲ့ဝင်များ က တိုက်ခိုက်ခြင်းဖြစ်ပြီး နှစ်ဘက် တပ်များ ပြန်လည် ဆုတ်ခွာခဲ့ကြကြောင်း၊ တိုက်ပွဲ ဖြစ်ပွားချိန်မှာ နံနက် ၉ နာရီမှ ၁၁ နာရီ ခန့်အထိဖြစ်ကြောင်း၊ ယနေ့တွင် နအဖတပ် (ခမရ)၅၄၇ တပ်နေရာ၌ (ခမရ)၃၀၆ တပ်ကို အစားထိုး ပြောင်းလဲ ထားကြောင်းလည်း သိရသည်။
တိုက်ပွဲ ဖြစ်ပွားမှုကြောင့် တချို့ဒေသခံ ရွာသားများသည် နီးစပ်ရာ တောထဲတွင် ပုန်းရှောင်နေရပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ နယ်ရှိ မဲ့ကိုးကင်း ကျေးရွာ ဘက်သို့ ရွာသား ၁၀၀ ခန့် ထွက်ပြေး တိမ်းရှောင်လာကြောင်း ဒုက္ခသည်များအား ကူညီ ဆောင်ရွက်ပေးနေသည့် မယ်တော်ဆေးခန်းမှ ဆေးမှူး စောနေဦးကလည်း ပြောဆိုသည်။
ထိုင်းဘက်သို့ တိမ်းရှောင်လာသော ဖလူး ဒေသခံ တဦးက“ငါတို့ ဖလူးနယ်မှာ တိုက်ပွဲတွေဖြစ်လို့ ပြေးရတာ တလကျော်ပြီ၊ လုပ်စား ရှာစားလို့လည်း မရတော့ဘူး၊ ပြေးလိုက် ပြန်လိုက်နဲ့ တခါမှကို ကောင်းကောင်း မနေရတော့ဘူး။ အခုတိုက်နေတဲ့ အဖွဲ့ထဲက ဘယ်အဖွဲ့ပဲ ဖြစ်ဖြစ် မြန်မြန်နိုင်လိုက်မှ အေးမယ်၊ မဟုတ်ရင် ရွာသားတွေပဲ ဒုက္ခရောက်တယ်”ဟု ပြောသည်။
တိမ်းရှောင်လာသော စစ်ပြေး ဒုက္ခသည်များကို မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း(MTC)အဖွဲ့၊ ကရင် လူ့အခွင့်အရေးလှုပ်ရှား နေသော အဖွဲ့များ အပါအ၀င် ထိုင်း-မြန်မာ နယ်စပ် တလျှောက် ကူညီစောင့် ရှောက်ရေး ညွန့်ပေါင်းအဖွဲ့(TBBC) တို့က ကူညီ ပေးထားသည်။
ယနေ့ ဖလူးကျေးရွာ ဒေသတွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသေးသော်လည်း လက်ရှိအခြေအနေအရ တိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်သောကြောင့် DKBAတပ်ဖွဲ့ဝင်များကိုလည်း တပ်လှန့်ထားကြောင်း ဗိုလ်ကြီး စောသရီးထူး က ပြောသည်။
“ရန်သူက ဒီနွေမှာ မြ၀တီ ခရိုင်နဲ့ ကော့ကရိတ်မြို့နယ်မှာ အခြေစိုက်တဲ့ DKBA နဲ့ KNU တပ်ဖွဲ့ဝင်တွေကို တိုက်ပြီး နယ်မြေ စိုးမိုးရေး ယူဖို့ တပ်ရင်းတွေ ထပ်ပြီး ပို့လာတာတွေ ရှိတယ်။ ဒါကြောင့် နယ်စပ်တိုက်ပွဲဟာ ဒီထက်ပိုပြီးများလာဖို့ပဲ ရှိမယ်”ဟု ၎င်းက ဆိုသည်။
အတည်မပြုနိုင်သော သတင်းများအရ ကော့ကရိတ်မြို့နယ် ဝေါ်လေ ဒေသတွင်လည်း ယနေ့ တိုက်ပွဲဖြစ်ပွားကြောင်း သိရ သည်။
ယခုရက်ပိုင်းအတွင်း ထိုင်း-မြန်မာ နယ်စပ် တလျှာက်တွင်လည်း ထိုင်း နယ်စပ် လုံခြုံရေးတပ်ဖွဲ့များ လုံခြုံရေး တိုးမြှင့် ချထားကြောင်း ထိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး တဦးက ပြောသည်။
ရွေးကောက်ပွဲ ကျင်းပနေစဉ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့် ကြာအင်း ဆိပ် ကြီးမြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBAတပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။
တိုက်ပွဲများသည် ကရင်ပြည်နယ် မြ၀တီနှင့် ကော့ကရိတ်မြို့နယ်ရှိ ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာလင်းမြိုင် စသည့်ကျေး ရွာ ဒေသများတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။

Geen opmerkingen: