မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 23 december 2010

စစ်အစိုးရနှင့် ပတ်သက်သည့် ဝက်ဘ်ဆိုဒ်များကို မြန်မာဟက်ကာများ ဆက်တိုက်ခိုက်

ခက်ထန် Thursday, 23 December 2010 14:30
.ရတနာပုံဝက်ဘ်ပေါ်တယ်လ်အပါအဝင်စစ်အစိုးရနှင့်နီးစပ်သည့်စီးပွားရေးလုပ်ငန်းရှင်များ၏ဝက်ဘ်ဆိုဒ်များ ဆက်လက် တိုက်ခိုက်ခြင်း၊ ဟက် (Hack) ခြင်း ခံနေရဆဲ ဖြစ်သည်။
အောက်တိုဘာလနှောင်းပိုင်းမှစ၍DistributedDenialofService(DDoS) ဖြင့် စတင်တိုက်ခိုက်ခံနေရသော ရတနာပုံ တယ်လီပို့သည် ရွေးကောက်ပွဲ မတိုင်မီ အဆိုးဆုံးအဆင့်သို့ ရောက်ရှိလာပြီး ဝက်ဘ်ဆိုဒ် ပိတ်ရသည်အထိ ဖြစ်ခဲ့သည်။
      RedLinkကုမ္ပဏီဆိုဒ်ကို ထိုးဖောက်ဝင်ရောက်မှုအား ဘလင့် ဟက်ကာ အဖွဲ့က မှတ်တမ်းတင်ထားစဉ်။
ရတနာပုံ တယ်လီပို့ကို တိုက်ခိုက်ရာတွင် ပါဝင်ကြောင်း မြန်မာဟက်ကာ အဖွဲ့တခု ဖြစ်သည့် ဘလင့် ဟက်ကာ အဖွဲ့ (BlinkHackerGroup–BGH)က ဒီဇင်ဘာလ အစောပိုင်းတွင် ဘလော့ဂ်မှ တဆင့် ကြေညာခဲ့သည်။
ဖွင့်မရတော့သော ရတနာပုံ ဝက်ဘ်ဆိုဒ်သည် ယမန်နေ့ နေ့လယ်တွင် ပြန်ကောင်း လာကြောင်း တွေ့ရပြီး ရတနာပုံ ဝက်ဘ်ပေါ်တယ်လ်ကို တို့မြှင့် ပြောင်းလဲနေ၍ အဆင် မပြေမှုများကို သည်းခံပါရန် ယခုလ အစောပိုင်း ကတည်းက ကြေညာထားသည်ကို တွေ့ရသည်။
မကြာသေးမီက စစ်အစိုးရနှင့် နီးစပ်သည့် RedLinkဆက်သွယ်ရေး ကုမ္ပဏီ၏ ဝက်ဘ်ဆိုဒ် ကိုလည်း ဘလင့် ဟက်ကာ အဖွဲ့က ထိုးဖောက် တိုက်ခိုက်ခဲ့ရာ ယခုအထိ ဝက်ဘ်ဆိုဒ် ပြန်လည် စတင်နိုင်ခြင်း မရှိသေးပေ။
အင်တာနက် လုံခြုံရေးဆိုင်ရာ လေ့လာနေသည့် မြန်မာ ပညာရှင်တဦးက “သူတို့ တဖွဲ့တည်းတော့ မဖြစ်နိုင်ဘူး။ ၁၄ ဂစ်နဲ့ တိုက်တာ နည်းတာ မဟုတ်ဘူး။ သူတို့က တိုက်ကြတဲ့ အထဲက တဖွဲ့ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
ဟက်ကာ အဖွဲ့များတွင် ပြည်တွင်းမှ ပူးပေါင်းပါဝင်သူများလည်း ရှိနေပြီး ရတနာပုံ ဝက်ဘ်ပေါ်တယ်လ်သည် လာမည့် တလအတွင်း ထပ်မံတိုက်ခိုက်ခံနိုင်ဖွယ်ရှိသည်ဟု ဟက်ကာများထံမှ သိရကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဘလင့် ဟက်ကာ အဖွဲ့က ကြေးမုံ သတင်းစာ ဝက်ဘ်ဆိုဒ်ကို ထိုးဖောက်တိုက်ခိုက်မှုအား သုံးသပ်ပြီးနောက် နောက်ထပ်တိုက်ခိုက်မည့် ပစ်မှတ်များကို ကြေညာမည်ဟု ၎င်းတို့၏ ဘလော့ဂ်မှတဆင့် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ပြောဆိုပြီးနောက် ပထမဆုံးအနေဖြင့် RedLinkဆက်သွယ်ရေး ကုမ္ပဏီ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
RedLinkဆက်သွယ်ရေးကုမ္ပဏီသည်ဦးတေဇပိုင်E-Liteကုမ္ပဏီ၏ ဖိုက်ဘာ ဆက်ကြောင်းဖြင့် အင်တာနက်၊ ရုပ်မြင်သံကြားလိုင်း၊ တယ်လီဖုန်းလိုင်း ၃ မျိုး အသုံးပြုနိုင်သော အွန်လိုင်း ၀န်ဆောင်မှုစနစ် (FTTx)ကို ရောင်းချခွင့်ရထားပြီး ချယ်ရီ FM ကိုလည်း ထုတ်လွှင့်နေသည်။
မြေအောက် ဟက်ကာများနှင့် လက်တွဲပြီး DDoSတိုက်ခိုက်မှုများကို ဆက်လုပ်မည်ဟု ဆိုထားသည့် ဘလင့် ဟက်ကာ အဖွဲ့သည် ဝက်ဘ်ဆိုဒ်နှင့် ဘလော့ဂ်ပေါင်း ၇ ခုကို ဝင်ရောက်ထိုးဖောက်ခဲ့ကြောင်း တွေ့ရသည်။ မှတ်တမ်းမှတ်ရာ မကျန်ရှိသော တိုက်ခိုက်မှုပေါင်းများစွာကိုလည်း လုပ်ဆောင်ခဲ့သည်ဟု ၎င်းတို့ ဘလော့ဂ်တွင် ဝန်ခံထားသည်။
ဘလင့် ဟက်ကာ အဖွဲ့၏ တိုက်ခိုက်မှု ကြေညာချက်နှင့် ပတ်သက်၍ အင်တာနက်လိုင်းများ ပိတ်သွားမည်၊ နှေးသွားမည်၊ စစ်အစိုးရက ပိတ်ပစ်မည်ကို စိုးရိမ်ပြီး ပြည်တွင်းမှ အင်တာနက် သုံးစွဲသူများက ကန့်ကွက် ပြောဆိုမှုများရှိကြောင်း သိရသည်။
ပြည်ပအခြေစိုက် ကွန်ပျူတာ ပညာရှင် တဦးကမူ “DDoSနဲ့ တိုက်တာနဲ့ ဝက်ဘ်ဆိုဒ် တခုကို ဟက်တာ မတူပါဘူး၊ ဝက်ဘ်ဆိုဒ်ကို ဟက်ရုံနဲ့ အင်တာနက်တွေ မကျပါဘူး။ အခုက နေပြည်တော်နဲ့ ပြင်ဦးလွင်မှာ ကောင်းကောင်း သုံးလို့ရနေတယ်။ ၁ ဂစ်လောက် သုံးရမယ့် ဖိုင်မျိုးတောင် ပို့နေကြတယ်။ ဖြစ်တာက ရန်ကုန်က အပါအဝင် သာမန် အသုံးပြုသူတွေသာ အင်တာနက်မရတာ” ဟု ပြောသည်။
စစ်အစိုးရနှင့် ဆက်နွှယ်သော ဆိုဒ်များ DDoS ဖြင့် တိုက်ခိုက်ခံရခြင်းမှာ စစ်အစိုးရကိုယ်တိုင်က ဆိုဒ်များနှေးသွား၊ ပိတ်သွားစေရန် တိုက်ခိုက်မှုများကို တမင် ဖွင့်ပေးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ယင်းတို့နှင့် နီးစပ်သည့် ကွန်ပျူတာပညာရှင်တဦးက ဧရာဝတီသို့ ပြောခဲ့သည်။
အမေရိကန် အခြေစိုက် အင်တာနက်လုံခြုံရေး ပညာရှင် အဖွဲ့ဖြစ်သော ArborNetworksအဖွဲ့ အင်တာနက်စာမျက်နှာတွင် စစ်အစိုးရ၏ အင်တာနက်ကို တိုက်ခိုက်မှုအား စောင့်ကြည့်လေ့လာကာ 14 Gbps ရှိသည်ဟု အတည်ပြုထားပြီး ၂၀၀၇ ခုနှစ်တွင် ဂျော်ဂျီယာနှင့် အက်စတိုးနီးယား နိုင်ငံများရှိ နိုင်ငံပိုင် အင်တာနက်အား တိုက်ခိုက်ခဲ့မှုထက် မြင့်နေကြောင်း ဖော်ပြထားသည်။
မကြာသေးမီက ဟားဗတ်တက္ကသိုလ် ဘာ့ခ်မန်း စင်တာ (BerkmanCenter)၏ “လွတ်လပ်သော မီဒီယာနှင့် လူ့အခွင့်အရေးဆိုဒ်များကိုDDoSဖြင့်တိုက်ခိုက်ခြင်း”ဟူသောသုတေသနစာတမ်းတွင် ထိုးဖောက်ဝင်ရောက်ကာ ဟက်သည့် နည်းပညာကို တကမ္ဘာလုံးတွင် ပစ်မှတ်အမျိုးမျိုးဖြင့် သုံးနေကြကြောင်း၊ အချို့တိုက်ခိုက်မှုများမှာ နိုင်ငံရေးကိစ္စမျိုးနှင့်လည်း ဆက်စပ်ခြင်း မရှိကြောင်း ဖော်ပြထားသည်။
ဝီကီလိစ်ကို ထောက်ခံသည့် ဟက်ကာများက ဗီဇာနှင့် မာစတာကတ် အွန်လိုင်း ငွေကြေးဝန်ဆောင်မှု ဆိုဒ်များကို ထိုးဖောက်တိုက်ခိုက်ပြီးနောက် ဟားဗတ်တက္ကသိုလ်က ဟက်ကာများအကြောင်း လေ့လာသုတေသနပြုခဲ့ခြင်း ဖြစ်သည်။
ဒေသတွင်း လူ့အခွင့်အရေး ဝက်ဘ်ဆိုဒ်များနှင့် နိုင်ငံရေးဇောင်းပေးသည့် လွတ်လပ်သော မီဒီယာများ အတိုက်ခံနေရသည့် နိုင်ငံ ၉ ခုကို ရွေးကောက်၍ ဘာ့ခ်မန်း စင်တာက သုတေသနပြုရာတွင် မြန်မာ၊ တရုတ်၊ ရုရှ၊ အီရန်၊ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်၊ အီဂျစ်၊ တူနီးရှားနှင့် ဗီယက်နမ်တို့ ပါဝင်သည်။
အင်တာနက် ပုံမှန် တိုက်ခိုက်မှု အမြင့်ဆုံးထဲတွင် မြန်မာ၊ အီရန်၊ ဗီယက်နမ်၊ တူနီးရှား၊ တရုတ်နှင့် ရုရှတို့ပါဝင်သည်ဟု သုတေသနစာတမ်းက ဖော်ပြသည်။
ယခုနှစ်ထဲတွင်ပင် မီဒီယာများက ရေးသားဖော်ပြရသော ပြင်းထန်သည့် DDoSတိုက်ခိုက်မှု ရာကျော်ရှိကြောင်း၊ အစ္စရေး လူ့အခွင့်အရေး အဖွဲ့မှသည် မာလာဝီနိုင်ငံရှိ သတင်းဆိုဒ်များအထိ ပစ်မှတ်ထားခံရကြောင်း၊ လူ့အခွင့်အရေးဆိုဒ်များနှင့် မီဒီယာများကို တိုက်ခိုက်မှုမှာ ပုံမှန်တိုက်ခိုက်မှု သဘောရှိနေပြီး ရွေးကောက်ပွဲလွန်ကာလ၊ ဆန္ဒပြပွဲ၊ စစ်ရေးစစ်ရာ ကိစ္စများမရှိသည့် ကာလများတွင်လည်း တိုက်ခိုက်မှုများရှိနေကြောင်း သိရသည်။
အမေရိကန် ဟက်ကာတဦးဖြစ်ပြီး ဝီကီလိစ် အဖွဲ့ဝင်တဦးလည်း ဖြစ်သည့် ဂျက်ကော့ အက်ပဲလ်ဘမ်း (JacobApplebaum) က ၎င်းရေးသားထားသော ဆော့ဖ်ဝဲလ်ဖြင့် မြန်မာပြည်မှ အိုင်ပီလိပ်စာများကို ဝင်ရောက်ထိုးဖောက်ကြည့်ခဲ့ကြောင်း မကြာသေးမီက ဆောင်းပါးတပုဒ်တွင် ဖော်ပြထားသည်။
မြန်မာပြည် အိုင်ပီလိပ်စာ ၁၂၂၈၄ ခုအနက် ၁၁၈ ခုသာ တုံ့ပြန်မှုရှိသည်ဟု မစ္စတာ အက်ပဲလ်ဘမ်းက ဆိုသည်။ ၎င်းက “ဒါက ဘာကို ဆိုလိုသလဲဆိုတော့ မြန်မာပြည်က ကွန်ရက်တိုင်းဟာ ပြင်ပကမ္ဘာကို မထွက်နိုင်အောင် ပိတ်ဆို့ထားတယ်။ တုံ့ပြန်မှုရှိတဲ့ အိုင်ပီလိပ်စာ ၁၁၈ ခုမှ အပပေါ့” ဟု ပြောထားသည်။
ယခုနှစ်လယ်ပိုင်းအထိ ဧရာဝတီ သတင်းဌာန အပါအဝင် ပြည်ပအခြေစိုက် မြန်မာ မီဒီယာ ဝက်ဘ်ဆိုဒ်များ တောက်လျှောက် တိုက်ခိုက်ခံခဲ့ရပြီး နှစ်လယ်နောက်ပိုင်းမှစ၍ စစ်အစိုးရပိုင်နှင့် စစ်အစိုးရနှင့် ဆက်နွှယ်သော ဝက်ဘ်ဆိုဒ်များ စတင် ထိုးဖောက် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

Geen opmerkingen: