မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 17 december 2010

နိုင်ငံရေးအကျဉ်းသား၉ဦးလွတ်မြောက်

မင်းနိုင်သူ Friday, 17 December 2010 17:41
.မြန်မာနိုင်ငံတ၀န်းရှိ ထောင်အသီးသီးမှ လွတ်ရက်စေ့နေသည့် နိုင်ငံရေး အကျဉ်းသား ၉ ဦး ယနေ့ ပြန်လည် လွတ်မြောက် လာကြောင်း သိရသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)မှ ကိုဟန်ဝင်းအောင်နှင့် ကိုကျော်ကျော် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှရှေ့နေရောဘတ်စန်းအောင်၊ဦးချစ်ခင်၊ကိုကျော်ဆန်း၊ ကိုအောင်မင်းနိုင်နှင့်ကိုလွင်ကိုလတ်၊ကိုမောင်မောင်သိန်း၊ကိုထွန်းမြင့်စသည်တို့ ပြန်လည်လွတ်မြောက်လာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ပြောသည်။
“လွတ်ရက်စေ့လို့ လွတ်လာတာပါ။ အန်တီတို့က မနက်ဖြန်မှ သွားကြိုဖို့ စီစဉ်ထားတာ။ မနက်ဖြန်က ရုံးပိတ်ရက်ဆိုတော့ ဒီကနေ့ပဲ လွှတ်လိုက်တယ်လို့ သူမနက်က အန်တီ့ဆီကို ထောင်ဘူးဝကနေ ဖုန်းဆက်အကြောင်းကြားပါတယ်”ဟု ကိုဟန်ဝင်းအောင် ၏ မိခင်က ပြောသည်။
ကိုဟန်ဝင်းအောင်သည် အင်းစိန်ထောင်အတွင်း အဆုတ်ရောဂါ ခံစားနေခဲ့ရပြီး တခါတရံတွင် သွေးအန်သည်အထိ ဖြစ်တတ် ကြောင်း သိရသည်။
ကိုဟန်ဝင်းအောင်နှင့် ကိုကျော်ကျော်သည် အမှုတွဲတတွဲတည်းဖြစ်ပြီး ၄င်းတို့ ၂ ဦးစလုံးသည် နိုင်ငံရေး အကျဉ်းသားဟောင်းများ ဖြစ်သည်။ စစ်အစိုးရက၂၀၀၃ ခုနှစ်အတွင်း ပြန်လည်ဖမ်းဆီးကာ ကိုဟန်ဝင်းအောင်အား ထောင်ဒဏ် ၇ နှစ်နှင့် ကိုကျော်ကျော် ကို ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။
“သူတို့ကို စပြီးဖမ်းကတည်းက မတရားဖမ်းဆီးခံခဲ့ကြရတာပါ။ ကျောင်းသား အခွင့်အရေး ၊ လူ့အခွင့်အရေး ရရှိအောင် လှုပ်ရှား ဆောင်ရွက်တဲ့ သူတို့ကို ဖမ်းဆီးဖို့ မသင့်ပါဘူး။ ဘယ်ကာလမှာပဲဖြစ်ဖြစ် သူတို့ရဲ့အခွင့်အရေးတွေအတွက် လှုပ်ရှားတဲ့သူတွေဖြစ် လို့ ထောင်ထဲမှာ ထိန်းသိမ်းမထားသင့်တဲ့ ကျောင်းသားလူငယ်တွေဖြစ်တယ်။ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တိုက်တွန်းပါတယ်”ဟု ဗကသ နိုင်ငံခြားရေးရာတာဝန်ခံ ကိုမင်းနိုင်က ပြောသည်။
မြန်မာနိုင်ငံအတွင်းရှိအကျဉ်းထောင်များအတွင်းဗကသအဖွဲ့ဝင်၃၀ဆက်လက် ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း AAPP က ထုတ်ပြန်ထားသော စာရင်းတွင် တွေ့ရသည်။
ယနေ့ ပြန်လည်လွတ်မြောက် လာသည့် NLDပါတီဝင် ရှေ့နေဦးရောဘတ်စန်းအောင်နှင့် ဦးချစ်ခိုင်တို့သည် ၂၀၀၈ ခုနှစ် ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့က စွမ်းအားရှင်နှင့်ကြံ့ဖွံ့တို့၏ ရိုက်နှက် ဖမ်းဆီးခြင်း ခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။
၎င်းတို့ ၂ ဦးသည် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲမှ အပြန် စွမ်းအားရှင်နှင့်ကြံ့ဖွံ့တို့၏ ၀ိုင်းဝန်းရိုက်နှက်ခြင်းခံခဲ့ရသော်လည်း ဆူပူ အုံကြွသည်ဟုဆိုကာ ရန်ကုန်မြို့ကျောက်တံတားမြို့နယ်ရှိ စုပေါင်း တရားရုံးက ၅၀၅ (ခ)၊ ပုဒ်မ (၁၄၃) တို့ဖြင့် ထောင်ဒဏ်၂ နှစ်စီ အပြစ်ပေးခဲ့သည်။
မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားပေါင်း၂၂၀၃ ဦးရှိကြောင်းAAPPက နိုဝင်ဘာလ အတွင်း၌ ထုတ်ပြန် ထားသည်။

Geen opmerkingen: