မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 11 december 2010

ဝီကီလိစ်တွင်မြန်မာ့နျူကလီးယားအရေးများပေါက်ကြား

ရန်ပိုင် Saturday, 11 December 2010 17:41
.အမေရိကန် အစိုးရသည် မြန်မာ့ နျူကလီးယားနှင့် ဒုံးလက်နက် စီမံကိန်းများ ပတ်သက်ပြီး ၂၀၀၄ ခုနှစ် ကတည်းက သံသယ ရှိနေကြောင်း ၀ီကီလိစ်က ယမန်နေ့က ဖော်ထုတ်လိုက်သည်။
ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ မြန်မာစစ်အစိုးရ၏ နျူကလီယားနှင့် ပတ်သက်သော လျှို့ဝှက် အစီရင်ခံစာတွင် စစ်အစိုးရသည် မြောက်ကိုရီးယားနိုင်ငံ၏ အကူအညီဖြင့် မြေအောက် ဥမင်လိုဏ်ခေါင်းများ တည်ဆောက်လုပ်ကိုင်နေကြောင်း၊ လုပ်ငန်းခွင်တွင် မြောက်ကိုရီးယားနိုင်ငံသား ၃၀၀ ခန့် လုပ်ကိုင်နေသည်ဟု မျက်မြင်သက်သေတဦးက ပြောကြောင်း ဖော်ပြထားသည်။
ဝီကီလိစ်စာမျက်နှာတွင်ပေါက်ကြားနေသောရန်ကုန်ရှိအမေရိကန်သံရုံးမှ မြန်မာနိုင်ငံနျူကလီးယားဆိုင်ရာ လျှို့ဝှက်ပေးစာ
အဆိုပါကွန်ကရစ်မြေအောက်လိုဏ်ခေါင်းများသည်ပေ၅၀၀(၇၅မီတာ)ခန့်မြင့်ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံသားများ အကူအညီဖြင့် မြန်မာအလုပ်သမားများက ဆောက်လုပ်နေခြင်းဖြစ်ကြောင်း၊ ထို့အပြင် မည်သည့်နိုင်ငံမှ ထုတ်လုပ်သည်ဟု မသိရသော ဒုံးလက်နက်များကိုလည်း ယင်းမြောက်ကိုရီးယားများက တပ်ဆင်နေသည်ဟုလည်း အစီရင်ခံစာတွင် ပါရှိသည်။
ထို့အပြင် ပြည်ပရောက် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တဦးက စစ်အစိုးရသည် သာမန်စက်ရုံတရုံတွင် အသုံးပြုရန်ထက် ကြီးမားသည့် စက်ပစ္စည်းများကို တွဲသင်္ဘောကြီးများဖြင့် သယ်ယူမှုများရှိကြောင်း၊ ယင်းပစ္စည်းများသည် မကွေးတိုင်းအတွင်း တည်ဆောက်နေသည်ဆိုသော နျူကလီးယား စီမံကိန်းအတွက် ဖြစ်နိုင်သည်ဟု အမေရိကန်သံရုံးသို့ ပြောဆိုမှုများလည်း ဖော်ပြပါရှိသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာစစ်အစိုးရနှင့် မြောက်ကိုရီယားအကြား နျူကလီးယား အစီအစဉ်များနှင့် ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ရသည်ဟု ယခုနှစ် ဇူလိုင်လအတွင်းက ပြောကြားခဲဖူးသည်။
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် မြန်မာ၊ အီရန်၊ ဆီးရီးယား စသည့် နိုင်ငံများသို့ နျူကလီးယားနှင့် ဒုံးလက်နက်ဆိုင်ရာ အစိတ်အပိုင်းများကို ပေးပို့ခြင်းမပြုရန် တားမြစ်သည့် အစီရင်ခံစာကို ကုလသမဂ္ဂမှ ပြီးခဲ့သည့်လအတွင်းက ထုတ်ပြန်ခဲ့သည်။
မြန်မာ့နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ ထပ်မံထွက်ပေါ်လာသည့် ၀ီကီလိစ် သတင်းတပုဒ်မှာ ၂၀၀၈ ခုနှစ်က မြန်မာစီးပွားရေး လုပ်ငန်းရှင်တဦးက ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသို့ ပုလင်းတလုံးအတွင်းထည့်ထားသည့် ယူရေနီယံများကို လာရောက်ရောင်းချကြောင်း၊ ယင်း ယူရေနီယံသည် ရေဒီယို သတ္တိကြွအမှုန့်များဖြစ်ကြောင်း တရုတ်နိုင်ငံရှိ တက္ကသိုလ်တခုမှ ၁၉၉၂ ခုနှစ်က ထောက်ခံထားသည့် လက်မှတ်မိတ္တူ တစောင်လည်း ပါရှိကြောင်း၊ ထိုပစ္စည်းကို အမေရိကန်သံရုံးက စိတ်မ၀င်စားလျှင် ထိုင်းနိုင်ငံ သို့မဟုတ် တခြားသောနိုင်ငံများသို့ ရောင်းချရန် ကြိုးစားမည်ဟုလည်း ပြောဆိုသည့်အတွက် အမေရိကန်သံရုံးမှ ၀ယ်ယူထားရကြောင်းလည်း ပါရှိသည်။
မြန်မာနိုင်ငံတွင် ထွက်နေသည့် ယူရေနီယံသတ္တုများကို စီးပွားရေးလုပ်ငန်းရှင်များက ပြည်ပသို့ ရောင်းချရန် ကြိုးစားမှုများနှင့် ပတ်သက်၍ စီပွားရေးလုပ်ငန်းရှင်တဦးဖြစ်ခဲ့သူ ဦးမင်းဒင်၏ မင်းဒင်ရဲ့သက်ခိုင် စာအုပ်တွင်လည်း ယခုကဲ့သို့ ရေးသားဖော်ပြခဲ့ဖူးသည်။
၁၉၉၅ ခုနှစ်ခန့်ကဦးစံလင်းဆိုသူကHostingFlagဟုအမည်ပေးထားသည့် သတ္တု ရှာဖွေရေး ကုမ္ပဏီတခုကို တည်ထောင်ပြီး အစိုးရနှင့် ဖက်စပ်အကျိုးတူ ပူးပေါင်း၍ မန္တလေးတိုင်း သပိတ်ကျင်းဒေသ တ၀ိုက်တွင်ရှာဖွေရာ ဓာတ်သတ္ထုတမျိုးကို တူးဖော်ရရှိကြောင်း၊ ယင်းနမူနာကို သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာန၏ ဓာတ်ခွဲခန်းသို့ ပို့ပြီး စစ်ဆေးခဲ့ရာ ရွှေ၊ အလျူမီနီယမ်၊ ယူရေနီယမ်၊ တိုက်တေနီယမ်နှင့် ပလူတိုနီယမ် စသည့် အမျိုးအစား ရှစ်မျိုးပါဝင်သည်ဟု အဖြေထွက်ကြောင်း၊ ယင်းသတ္တုများကို ဦးစံလင်းက ပါကစ္စတန်နိုင်ငံမှ ကုန်သည်တဦးသို့ ရောင်းချရန် ကြိုးစားဖူးကြောင်း ဦးမင်းဒင်၏ စာအုပ်တွင် ရေးသားထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာတွင် ဦးမင်းဒင်က နောက်ပိုင်းတွင် ထိပ်ပိုင်း အာဏာပိုင်များက ယင်းတူးဖော်ရေး စီမံကိန်းကို သတ္တုတွင်း ဝန်ကြီးဌာသို့ လွှဲပြောင်းပေးရန် ညွှန်ကြားစာထွက်လာသဖြင့် ဦးစံလင်းက လုပ်ငန်းကို ရပ်ပြီး လွှဲပေးလိုက်ရကြောင်း ဖြေကြားသည်။
ယခုရက်ပိုင်း ရန်ကုန်ရှိ အမေရိကန်သံရုံး၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော လျှို့ဝှက်ချက်အစီရင်ခံ ပေးစာများ ဆက်တိုက် ထွက်ပေါ်နေရာ မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူထားစဉ်က အစိုးရနှင့် အတိုက်အခံတို့အကြား တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်စေရေး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးစသည့် အရေးကြီးသည့် ကိစ္စများတွင် တိုးတက်အောင် မဆောင်ရွက်နိုင်သည့်အတွက် မစ္စတာ ဂမ်ဘာရီကို ထိုရာထူးမှ ဖယ်ရှားရန် ထိုစဉ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ကွန်ဒိုလီဇာရိုက်က ၂၀၀၈ ခုနှစ်တွင် ပြောဆိုခဲ့ကြောင်းလည်း ထွက်ပေါ်ခဲ့သည်။
ထို့အပြင် တရုတ်အစိုးရ အနေဖြင့် မြန်မာစစ်အစိုးရ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ နှေးကွေးနေခြင်းကို စိတ်ပျက်မိကြောင်း ပြောဆိုသည်ဟုလည်း ပေါက်ကြားလာသည့် ပေးစာများတွင် ပါရှိသည်။
ဝီကီလိစ်၏ ပေါက်ကြားချက်များတွင် မြန်မာစစ်အစိုးရကို ယူကရိန်းနိုင်ငံမှ စစ်လက်နက်ပစ္စည်း ထောက်ပံနေအပေါ် အမေရိကန်က ဖိအားပေးခြင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ဗဟိုအလုပ် အမှုဆောင်များအား “ပါတီကို အမြဲထိန်းချုပ်ထားချင်သည့် အလုပ်မဖြစ်သော အန်ကယ်ကြီးများ” စသည်ဖြင့် အမေရိကန်သံရုံး၏ ဝေဖန်မှု၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အင်္ဂလန် ပရီးမီးယားလိဂ်မှ နာမည်ကြီး မန်ချက်စတာ ယူနိုက်တက်အသင်းကို ၀ယ်ယူရန် စိတ်ကူးရှိခဲ့ခြင်း၊ စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုက မြန်မာ၊ လာအို၊ ကမ္ဘောဒီယားနိုင်ငံများသည် အာဆီယံ အတွင်းမှ လျှို့ဝှက်ချက်များကို တရုတ်နိုင်ငံသို့ လက်ထောက်ချနေခြင်း စသည့် အကြောင်းများ ပါဝင်သည်။
ဝီကီလိစ်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အချက်အလက် ပေါင်း ၁၈၆၄ ခု ရှိထားကြောင်း သိရသည်။
ဝီကီလိစ်သည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းမှ စတင်ပြီး နိုင်ငံတကာအစိုးရများ၏ သံတမန်ရေးဆိုင်ရာ သတင်းပို့သည့် လျှို့ဝှက်ချက်များကို ဖွင့်ချလာခဲ့ရာ ယခုအခါတွင် ဘာသာရေးခေါင်ဆောင်တဦးဖြစ်သည့် ပုပ်ရဟန်းမင်းကြီးနှင့် ပတ်သက်သည့် အချက်အလက်များအထိ ဖွင့်ချလာသည်ကို တွေ့ရသည်။

Geen opmerkingen: