မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 24 december 2010

ကရင်ပြည်နယ်တွင်ကုန်တင်ကားများချောဆွဲနေ

သန်းထိုက်ဦး Friday, 24 December 2010 17:59
ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စစ်အစိုးရက ကားချောဆွဲမှုများ ရှိသဖြင့် အဝေးပြေးလမ်းမကြီးတွင် ပြေးဆွဲနေသော ကုန်တင်ကား ပိုင်ရှင်နှင့် ကားသမားများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။
နအဖတပ်နှင့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA)တပ်မဟာ (၅)မှတပ်ဖွဲ့ဝင်များ ကရင်ပြည်နယ်ရှိ နယ်စပ်ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ယခုကဲ့သို့ ကားချောဆွဲခြင်းကို စိုးရိမ်နေခြင်း ဖြစ်သည်။
“ကားချောဆွဲတာကမလုပ်တာကြာပြီဆိုပေမယ့်အခုတော့ပြန်ပေါ်လာပြီးကရင်ပြည်နယ်ကကုန်တင်ကားတွေ အ၀င်နည်းလာတယ်” ဟု ရန်ကုန်မြို့ ဘုရင့်နောင် အခြေစိုက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းပိုင်ရှင်တဦးက ပြောသည်။
နိုင်ငံတော်က လိုအပ်လာပါက သယ်ယူပို့ဆောင်ပေးရန်ဟူသော အချက်ကို သက်ဆိုင်ရာမြို့နယ် ယာဉ်ကြီး၊ ယာဉ်ငယ် အသင်းနှင့် ကားပိုင်ရှင်များက သဘောတူထားရကြောင်း သိရသည်။
ပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စစ်တပ်အရာရှိများက လမ်းပေါ်တွင် ပြေးဆွဲနေသော ကားများကို လမ်းဆုံများ၊ တံတားများတွင် ရပ်တန့်စေပြီး ချောဆွဲလေ့ရှိကြောင်းလည်း ကားမောင်းသမားများက ဆိုသည်။
ချောအဆွဲခံရဖူးသောကုန်တင် ကားမောင်းသမားတဦးက“စစ်တပ်အတွက် ချောပို့ပေးတယ်ဆိုတာ ဘာမှမရဘူး၊ စစ်တပ်က ကားတန်းနဲ့အတူ သွားလို့ ကံမကောင်းရင် တိုက်ပွဲနဲ့ ရင်ဆိုင်ရတတ်တယ်”ဟု ပြောသည်။
ချောဆွဲရာတွင်လည်းသွားရောက်ရမည့်ခရီးအတွက် စက်သုံးဆီကို အလုံအလောက် ထုတ်မပေးသည့်အပြင် တပ်သားများ၏ ရိုင်းစိုင်းစွာ ဆက်ဆံမှုကိုလည်း ခံရကြောင်း ၎င်းက ဆိုသည်။
ဘားအံနှင့် ရန်ကုန်သို့ ကုန်တင်ကား တစီးသည် တလလျှင် ၅ ခေါက်ခန့် အစုန်အဆန် ပြေးဆွဲနေကြောင်း၊ ကားမောင်းသမားတဦးကို ခရီးစဉ် တခေါက်လျှင် စရိတ်ငြိမ်း ကျပ် ၅ သောင်း၊ ယာဉ်နောက်လိုက်မှာ ၃ သောင်းခန့် ရရှိကြောင်း သိရသည်။
စစ်အစိုးရက ကားများကို ချောဆွဲသည့်အပြင် တိုက်ပွဲဖြစ်ပွားရာ ဒေသများသို့ ရိက္ခာသယ်ပို့ခိုင်းရန် ဒေသခံပြည်သူများကိုလည်း ပေါ်တာဆွဲနေကြောင်း သိရသည်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ ၀န်းထော၊ ကြာအင်း၊ ၀ါးခုတ်တော စသည့် ကျေးရွာမှ ဒေသခံများကို စစ်အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် လက်ခံထားသော DKBAပူးပေါင်းတပ်များက မာနယ်ပလောဒေသသို့ ရိက္ခာပို့ရန်ပေါ်တာဆွဲနေကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU)ဘားအံခရိုင်ဥက္ကဋ္ဌဖဒို စောအောင်မော်အေးက မကြာသေး ခင်ရက်ပိုင်းက ဧရာဝတီသို့ ပြောကြားခဲ့သည်။
ပေါ်တာဆွဲနေသောတပ်ရင်းမှာနအဖ၏ခြေမြန်တပ်ရင်း(ခမရ)၆၁နှင့်ဗိုလ်ဘိဦးဆောင်သော နယ်ခြားစောင့်တပ် လက်ခံထားသည့် DKBA တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင်စစ်အစိုးရတပ်နှင့်DKBAတပ်မဟာ(၅)တို့တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

Geen opmerkingen: