မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 13 december 2010

မြန်မာတွင်နျူကလီးယားလက်နက်အစီအစဉ်မရှိဟုထိုင်းဝန်ကြီးချုပ်ပြော

ရန်ပိုင် Monday, 13 December 2010 18:54
.မြန်မာစစ်အစိုးရက နျူကလီးယား လက်နက်အစီအစဉ် လုပ်ဆောင်နေသည်ဆိုသော သတင်းကို ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက မယုံကြည်ကြောင်း ပြောဆိုလိုက်သည်။

ယခုနှစ်အောက်တိုဘာလအတွင်းကနေပြည်တော်သို့အလည်အပတ်သွားရောက်ခဲ့သောထိုင်းဝန်ကြီးချုပ် အဖိဆစ်ကိုဗိုလ်ချုပ်မှူးကြီးသန်းရွှေကကြိုဆိုနှုတ်ဆက်နေစဉ်။(ဓာတ်ပုံ-ThaiGovernmentHouse)
ဝီကီလိစ်မှပေါက်ကြားသကဲသို့မြန်မာစစ်အစိုးရသည်မြောက်ကိုရီးယားအကူအညီဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင် နေသည် သို့မဟုတ် ထုတ်လုပ်နေသည်ဟု ပြောဆိုနေမှုများသည် သက်သေအထောက်အထား မရှိဘဲ စွပ်စွဲခြင်းသာ ဖြစ်ကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများတွင် မည်သည့်နိုင်ငံမှ နျူကလီးယားလက်နက် ပိုင်ဆိုင်ရန် ရည်ရွယ်ချက်မရှိကြောင်း မစ္စတာ အဖိဆစ်က ယမန်နေ့ကထုတ်ဝေသည့် ဘန်ကောက်ပို့စ် သတင်းစာတွင် ပြောထားသည်။
“အာဆီယံနဲ့ အမေရိကန် ထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံကို နျူကလီးယား ကင်းမဲ့ဇုန်အဖြစ် မြန်မာပြည်က မြင်ချင်ပါတယ်လို့ ပြောတာ ကျနော်မှတ်မိပါတယ်” ဟု ၎င်းကဆိုသည်။
ထို့အပြင်ထိုင်းနိုင်ငံလုံခြုံရေးအတွက်အိမ်နီးချင်းနိုင်ငံများ၏လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့ကြောင်းလည်း ဆက်လက် ပြောဆိုသည်။
စစ်အစိုးရ၏ နျူကလီးယား စီမံကိန်းများနှင့် ပတ်သက်ပြီး ဒုံးလက်နက် ဆိုင်ရာကိစ္စများကို တာဝန်ယူခဲ့ဖူးသည့် ဗိုလ်မှူး စိုင်းသိန်းဝင်းက ပြီးခဲ့သည့် ဇွန်လအတွင်းက ဒီမိုကရက်တစ် မြန်မာ့အသံနှင့် ပူးပေါင်း၍ အယ်လ်ဂျာဇီးရား ရုပ်သံ သတင်းဌာနတဆင့် နိုင်ငံတကာသို့ ဖွင့်ချခဲ့သည်။
စစ်အစိုးရတွင် နျူကလီယားလက်နက်စီမံကိန်း မရှိကြောင်း မစ္စတာ အဖိဆစ်၏ ခုခံပြောဆိုမှုနှင့် ပတ်သက်၍ ဗိုလ်မှူး စိုင်းသိန်းဝင်းက “ဘယ်လို သက်သေအထာက်အထားနဲ့ ပြောသလဲ၊ မြန်မာပြည်ထဲမှာရှိတဲ့ ထိုင်း ထောက်လှမ်းရေးတွေ ဆီကလား၊ ဒါမှမဟုတ် နအဖက သပိတ်ကျင်းမှာရှိတဲ့ သူတို့ စီမံကိန်းကို ခေါ်ပြလို့လားဆိုတာကို ထိုင်း ၀န်ကြီးချုပ်ကို ပြန်ပြီး မေးခွန်းထုတ်ချင်ပါတယ်”ဟု ဆိုသည်။
မြန်မာ့နျူကလီးယားနှင့်ဒုံးလက်နက်စီမံကိန်းများနှင့်ပတ်သက်ပြီး၂၀၀၄ခုနှစ်ကတည်းက အမေရိကန်အစိုးရကသံသယရှိနေကြောင်းဝီကီလိစ်ကပြီးခဲ့သည့်သီတင်းပတ်က ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။
စစ်အစိုးရက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မကွေးတိုင်းအတွင်း မြောက်ကိုရီးယား အကူအညီဖြင့် မြေအောက်ဥမင်လိုဏ် ခေါင်းများ တည်ဆောက်နေကြောင်း၊ ထို့အပြင် ကြီးမားသည့် ကိရိယာများကို တွဲသင်္ဘောများဖြင့် သယ်ယူနေကြောင်း၊ ထိုသို့ သယ်ယူနေခြင်းသည် ကြီးမားသော စီမံကိန်း၊ အထူးသဖြင့် မကွေးတိုင်း မင်းဘူးမြို့အနီးတွင် တည်ဆောက်နေသည်ဆိုသော နျူကလီးယား စီမံကိန်းစက်ရုံအတွက် ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ပေးပို့သည့် လျှို့ဝှက် အစီရင်ခံစာများတွင် ဖော်ပြထားခြင်းဖြစ်သည်။
အဆိုပါ သံသယဖြစ်ဖွယ် ဥမင်များကို စစ်အစိုးရက မင်းဘူး-အမ်း ကားလမ်းနံဘေးရှိ မကွေးတိုင်း ပဒါန်းမြို့နယ် အနောက်ဘက် မိုင် ၅၀ ခန့် အကွာရှိ ရခိုင်ရိုးမတွင် မြောက်ကိုရီးယားအကူအညီဖြင့် ဖောက်လုပ်နေခြင်းဖြစ်ကြောင်း၊ ထို့အပြင် မင်းတုန်း၊ ပဒါန်း၊ ပွင့်ဖြူ၊ စေတုတ္တရာ၊ စလင်း ဒေသနှင့် ဆိပ်ဖြူမြို့အနောက်ဘက် ဒေသများ၊ ပခုက္ကူ၊ လောင်းရှည်၊ ဆောနယ်များတွင် စစ်အစိုးရက စစ်ရေးလျှို့ဝှက်စီမံကိန်းများ လုပ်ကိုင်နေကြောင်း စောင့်ကြည့်လေ့လာသူ ဒေသခံတဦးကလည်း ဧရာဝတီသို့ ပြောသည်။
စစ်အစိုးရက ပြည်ပမှ နျူကလီးယားနှင့် ပတ်သက်သည့် ပညာရှင်များကို ဖိတ်ခေါ်ပြီး စာတမ်းဖတ်ပွဲများ ပြုလုပ်နေကြောင်း၊ ရရှိသည့် အချက်အလက်များကို သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ ဦးဆောင်ပြီး ရူပဗေဒပညာရပ်နှင့် ပါရဂူဘွဲ့ရထားသည့် မြန်မာပညာရှင်များနှင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့ အနီးတွင် ယူရေနီယမ် သန့်စင်ရန် ကြိုးစားနေသည်မှာ မည်သူမျှ မငြင်းနိုင်ကြောင်းလည်း ဗိုလ်မှူး စိုင်းသိန်းဝင်းက ဧရာဝတီသို့ ပြောသည်။

1 opmerking:

sv zei

သြော် စိုင်းသိန်းဝင်းရယ်...လေကုန်များခံနေရသေးတယ်....စစ်သားတွေကိုယ်တိုင်က သူတို.အစိုးရလုပ်နေတာ မှန်ပါတယ်...ဒါပေမယ့် မဖြစ်မြောက်သေးပါဘူးဆိုတာကို ထိုင်းက ဒီလိုပြောတာ တခုခုကြောင့်ဆိုတာ ဒီကလေး နားမလည်သေးဘူးကိုး....ဒီတခေါက်လာတာ ဒို.တိုင်းပြည်က ဘာတွေ များ ကဲ့ ဥိးဖို.ပါလိမ့်နော်...

လေးစားစွာဖြင့်
simple views