မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 7 december 2010

မြဝတီနှင့်ရွှေသံလွင်ပေါင်း၍အခပေးရုပ်သံလိုင်းများလွှင့်မည်

နရီလင်းလက် Tuesday, 07 December 2010 19:09
.မြ၀တီ ရုပ်မြင်သံကြားနှင့် ရွှေသံလွင် မီဒီယာတို့ ပူးပေါင်း ထုတ်လွှင့်မည့် ရုပ်သံလိုင်းသစ်များ အတွက် ဒေါ်လာ ၄၈ သန်း (ကျပ်သန်း ၄၈ ၀၀၀) ခန့် အကုန်အကျခံ၍ စက်ပစ္စည်းများ ၀ယ်ယူရန် စီစဉ်နေကြောင်း မြ၀တီ ရုပ်မြင်သံကြား နှင့်နီးစပ်သူများထံမှ သိရသည်။
                                                                                              မြ၀တီရုပ်မြင်သံကြား(MWD)
ယင်းကဲ့သို့ လုပ်ဆောင်နိုင်ရန် ပြီးခဲ့သည့် လက စစ်တပ်ပိုင် ရုပ်သံလိုင်းတခု ဖြစ်သည့် မြ၀တီ ရုပ်မြင်သံကြား (MWD) အဆောက်အအုံနှင့် စက်ပစ္စည်းများကို ရွှေသံလွင် ကုမ္ပဏီသို့ ရောင်းချခဲ့ကြောင်း အဆိုပါ နီးစပ်သူများက ပြောသည်။
“အာဏာပိုင်တွေက လှမ်းမှာပြီး နိုင်ငံတော်ကနေ အကုန်အကျခံ တင်သွင်းဖို့ စီစဉ်ပေးမယ်။ ကုမ္ပဏီက ၀န်ဆောင်မှု ပိုင်းဖြစ်တဲ့ လိုင်းထုတ်လွှင့်တာတို့၊ လိုင်းဖမ်းတဲ့အခါမှာ လိုအပ်တဲ့ စက်တွေ ရောင်းချပေးတာတို့ တာဝန်ယူရမှာပေါ့။ အကျိုးအမြတ် ကိုတော့ ခွဲယူကြမယ်။ ကုမ္ပဏီက ကိုယ့်ဘာသာလျှောက်မယ်ဆိုရင် ဌာနဆိုင်ရာ ခွင့်ပြုချက်တွေ လျှောက်ရမှာနဲ့ အလုပ် ရှုပ်မယ်လေ။ အခုလို အကျိုးတူ ပေါင်းလုပ်မယ်ဆိုပြီး အာဏာပိုင်တွေကို လိုအပ်တဲ့ ပစ္စည်း သွင်းခိုင်းတော့ ပိုကောင်း သွားတာပေါ့။ အခုနောက်ပိုင်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေကို ၀န်ဆောင်မှု အပိုင်းမှာ လုပ်ပိုင်ခွင့် ပေးပြီး အကျိုးတူ ပေါင်း လုပ်တာတွေ ပိုများလာတယ်” ဟု မြ၀တီ ရုပ်မြင်သံကြားမှ အသံဖမ်း အင်ဂျင်နီယာတဦးက ပြောသည်။
၎င်းက ဆက်လက်၍ “လူကြီးတွေ အပြောအရဆို MWD ကနေ MWD2၊ MWD3 လိုင်းတွေ ထပ်ချဲ့မယ်။ ဒါက အခမဲ့ လိုင်းပေါ့။ ဆက်စပ်လိုင်းဆိုပြီး လွှင့်မယ့်ဟာ အတွက်ကတော့ ရွှေသံလွင်မီဒီယာ အနေနဲ့ သွားမှာပေါ့။ လက်ရှိ MTRV4နဲ့ ဆက်စပ် ရုပ်သံလိုင်း ဆိုပြီး ရောင်းနေတဲ့ FamilyEntertainment ကုမ္ပဏီကို ရုပ်သံလိုင်း ရောင်းချခွင့် ပေးထားသလိုပါပဲ” ဟု သူက ဆိုသည်။
မြ၀တီရုပ်မြင်သံကြားဌာနသည် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ဌာန (ကက-ပြည်) ၏ ရုပ်သံလိုင်းတခုဖြစ်ပြီး ၁၉၉၅ မတ်လ ၂၇ ရက်နေ့တွင် စတင် ထုတ်လွှင့်ခဲ့သည်။
ယခု ရွှေသံလွင်နှင့် အကျိုးတူ ပူးပေါင်း လုပ်ဆောင်ရာတွင် မြ၀တီ ရုပ်သံလိုင်း အပါအ၀င် ဆက်စပ် ရုပ်သံလိုင်း ၇ လိုင်း ထုတ်လွှင့်မည်ဖြစ်ပြီး ၅ လိုင်းကို အခပေးလိုင်း အဖြစ် ရောင်းချသွားမည်ဟု သိရသည်။
အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ရွှေသံလွင် မီဒီယာသို့ ဧရာဝတီ သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ ဖြေကြားခြင်းမပြုပေ။
ရုပ်သံလိုင်းအတွက် ထုတ်လွှင့်ရန် လိုအပ်သည့် စက်ပစ္စည်းများကို အာဏာပိုင်များက တင်သွင်းပေးပြီး ကြားခံ ကုမ္ပဏီတခုမှ တာဝန်ယူကာ ပြည်ပမှ ၀ယ်ယူပေးခြင်းဖြစ်ကြောင်း၊ အဆိုပါ ကုမ္ပဏီမှ ရုပ်သံလိုင်းထုတ်လွှင့်မှုကို တာဝန်ယူကာ သက်ဆိုင်ရာ ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။
အသစ်ထုတ်လွှင့်မည့် ရုပ်သံလိုင်းအတွက် လက်ရှိ မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် အင်တာနာ များဖြင့် ဖမ်းယူမရနိုင်ဘဲ စလောင်း၊ ဖမ်းစက် (Receiver)၊ Set-top Box များ လိုအပ်မည်ဟု အဆိုပါ ဂျာနယ်တွင် ပါရှိသည်။
“ကုမ္ပဏီကရောင်းတဲ့ဖမ်းစက်တွေဝယ်မှကြည့်လို့ရမှာ ဆိုတော့ လက်ရှိ ရှိနေတဲ့ ဆက်စပ်လိုင်းရောင်းနေတဲ့ ကုမ္ပဏီတွေ လိုပဲ ဖြစ်မှာပေါ့။ ပြည်သူတွေအနေနဲ့ အပြိုင်အဆိုင်ဖြစ်လာတဲ့ ရုပ်သံလိုင်း ကုမ္ပဏီတွေကြောင့် ရွေးချယ်ခွင့်တွေ ပိုများလာ သလို တဘက်မှာလည်း စီးပွားရေးသမားတွေ ပိုအလုပ်ဖြစ်လာမယ်။ အခပေး ရုပ်သံလိုင်းတွေ များများပေါ်လာသလို၊ အခမဲ့ ရုပ်သံလိုင်းတွေ ပျောက်မသွားဖို့လည်း လိုတယ်”ဟု ပြည်တွင်း သတင်းထောက် တဦးက ပြောသည်။
မြဝတီ စပ်ဆက် ရုပ်သံလိုင်းများကို လာမည့် ၂၀၁၁ နှစ်ဆန်းတွင် ထုတ်လွှင့်သွားနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ ထို့အပြင် ရွှေသံလွင် ကုမ္ပဏီသည် မကြာမီကာလတွင် SKYNET ကွန်ရက်မှ DTH စနစ်ဖြင့် ရွှေရုပ်သံ အခမဲ့ရုပ်သံလိုင်း ၄ လိုင်းနှင့် အခပေးရုပ်သံလိုင်း ၃၈ လိုင်းကို ထုတ်လွှင့်မည် ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ လုပ်ငန်းများအတွက် လိုအပ်သည့် ပစ္စည်းများ ၀ယ်ယူရန် စီစဉ်နေလျက် ရှိသောကြောင့် ရွှေသံလွင် ကုမ္ပဏီမှနေ၍ မြ၀တီ ရုပ်မြင်သံကြား၊ မြန်မာ့ရုပ်မြင်သံကြားတို့နှင့် ပူးပေါင်းကာ အခပေးရုပ်သံလိုင်း အများအပြား ထွက်ပေါ်လာရန် ရှိကြောင်း အထက်ပါ သတင်းထောက်က ဆက်ပြောသည်။
ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်သော ForeverGroupနှင့် ပြန်ကြားရေး ၀န်ကြီးဌာနတို့ ပူးပေါင်းကာ MRTV4 အစီအစဉ်ကို ထုတ်လွှင့်ပေး နေသကဲ့သို့ MyanmarInternational(MI)ရုပ်သံ အစီအစဉ်ကို ရွှေသံလွင် ကုမ္ပဏီနှင့် ပူးပေါင်းဆောင် ရွက်နေကြောင်း သိရသည်။
ပုဂ္ဂလိက ရုပ်သံလိုင်းများ လုပ်ခွင့်ရထားသည့် ရွှေသံလွင်ကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်းသည် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သည်ဟု လူပြောများလျက်ရှိသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့ရုပ်မြင်သံကြားနှင့် ပုဂ္ဂလိက ကုမ္ပဏီ Familyentertainmentတို့ ပူးပေါင်းကာ 5Movie၊5Series၊ 5Sports၊ 5Musicစသည့် ဆက်စပ်အခပေး ရုပ်သံလိုင်းများ ရောင်းချလျက်ရှိသည်။

Geen opmerkingen: