မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 11 december 2010

မဲမသမာမှုတိုင်ကြားချက်များကိုတရားရုံးမတင်ဘဲအချိန်ဆွဲ

မင်းနိုင်သူ Saturday, 11 December 2010 16:48
.သက်ဆိုင်ရာ ရဲစခန်းများတွင် တိုင်ကြားထားသည့် မဲမသမာမှုများအား ရဲစခန်းက ကိုင်တွယ် စစ်ဆေးပြီး သော်လည်း တရားရုံးသို့ တရားစွဲတင်ခြင်း မပြုသေးဘဲ အချိန်ဆွဲ နေကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ပါတီက ပြောသည်။
၂၀၁၀နိုဝင်ဘာ၇ရက်နေ့ကမဲရုံတခုတွင်ဖိတ်ကြားထားသောစာနယ်ဇင်းသမားများနှင့် သံတမန်တချို့ရှေ့တွင်မဲရေတွက်ပြနေသောကော်မရှင်အဖွဲ့ဝင်တဦး။ကြံ့ဖွံ့ပါတီ၏ပြိုင်ဘက်ပါတီများနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းများသည်ရွေးကောက်ပွဲတွင်စစ်အစိုးရ၏ကြိုတင်မဲများကြောင်း ရှုံးနိမ့်ကြခြင်းဖြစ်သည်။(ဓာတ်ပုံ-AP)
“ပြည်ခရိုင် အတွင်းမှာရှိတဲ့ ၁၂ မှုကို သူတို့ စစ်ဆေးလို့ ပြီးပြီ။ ဒါပေမယ့် ခရိုင်ကနေ ရဲချုပ်အထိ အဆင့်ဆင့် တင်ပြနေတယ်။ အခုအထိ တရားရုံးကို အမှုတွဲ မရောက်သေးဘူး။ အပေါ်က အမိန့်စောင့် နေတယ်လို့ ပြောနေတယ်” ဟု ယင်းပါတီမှ ဥက္ကဋ္ဌ ကိုအေးလွင်က ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲအတွင်း မဲမသမာမှု များစွာရှိခဲ့သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)နှင့်ပြိုင်ဘက်နိုင်ငံရေးပါတီများကထုတ်ဖော်ပြောဆိုခဲ့ကြပြီးပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီအင်အားစု(NDF)တို့က နိုဝင်ဘာလဆန်းပိုင်း၌ ရွေးကောက်ပွဲဥပဒေအခန်း၁၃ပါပုဒ်မ၅၇မှ၆၅အထိရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများအရ သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့်ခဲ့ကြခြင်း ဖြစ်သည်။
ရန်ကုန်တိုင်း သုံးခွမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော NDF လွှတ်တော်ကိုယ်စားလှယ်လောင်း ရှေ့နေ ဦးသိန်းဇော်ညွှန့်ကလည်း “ကျနော်တင်ထားတဲ့အမှုမှာ ရွေးကောက်ပွဲကော်မရှင် ၀န်ထမ်းတွေကိုလည်း စစ်ပြီးပြီ။ ကျနော့်ဘက်က သက်သေတွေကိုလည်း စစ်ပြီးပြီ။ ဒါပေမယ့် ဒီစစ်ချက်တွေကို တိုင်းရုံးကို တင်ပြထားဆဲလို့သာ သိရတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲဥပဒေတွင် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများကို ရွေးကောက်ပွဲကျင်းပသောနေ့မှ ၁၅ ရက်အတွင်း သက်ဆိုင်ရာ ရဲစခန်းများတွင် တိုင်တန်းကြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
“ဒီဥပဒေကဒီရွေးကောက်ပွဲဖြစ်လာမှပေါ်လာတာဆိုတော့လူတွေအနေနဲ့ကမကျေညက်ဘူး။ တချို့ကိုယ်စားလှယ်လောင်းတွေ ကျတော့လည်းမညီမျှတဲ့ဥပဒေတွေကို ကြောက်ပြီး အမှုမဖွင့်ရဲကြပြန်ဘူး” ဟု ဦးသိန်းဇော်ညွှန့်က ဆိုသည်။
ရွေးကောက်ပွဲဥပဒေတွင် တိုင်တန်းခံရ၍ ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူကို ၁ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားပြီး လိမ်လည် စွပ်စွဲတိုင်တန်းသည်ဟု ယူဆရပါက ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟုလည်း ဖော်ပြထားသည်။
ရွေးကောက်ပွဲဝင်ခဲ့ကြသော ပါတီ ကိုယ်စားလှယ်လောင်းများအနေဖြင့် တခြားနိုင်ငံများ၏ ရွေးကောက်ပွဲ ဥပဒေများကို လေ့လာခွင့် နည်းခဲ့ကြခြင်းကြောင့် တဖက်စောင်းနင်းရေးဆွဲထားသော ဥပဒေများကို မမြင်နိုင်ခဲ့ကြကြောင်း ဦးသိန်းဇော်ညွှန့်က ပြောသည်။
ကိုအေးလွင်က “ဥပဒေကတော့ အမျိုးမျိုးဖြစ်နေတယ်ဗျာ။ ရွေးကောက်ပွဲ အကြိုကာလက မကွေးတိုင်းထဲမှာ ကျနော်တို့ လက်ကမ်းစာစောင်တွေ ဝေတာကို မလုပ်ရဘူးဆိုပြီး ပိတ်လို့ တိုင်တာကို လက်မခံခဲ့ဘဲ အခု ရွေးကောက်ပွဲပြီးလို့ မဲသမာမှုတွေကို တိုင်တော့မှ အဲဒီအမှုကိုလည်း ရဲစခန်းက ပြန်လက်ခံပြီး စစ်နေပြန်တယ်” ဟု ပြောသည်။
မဲမသမာမှုများစွာရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆို နေကြသော်လည်း နအဖစစ်အစိုးရ ၀န်ကြီးများ ဦးဆောင်သည့် ကြံ့ဖွံ့ပါတီကမူ လွှတ်တော်သုံးရပ်၏ မဲဆန္ဒနယ် ၁၁၅၄ နေရာတွင် ၈၈၂ နေရာ အနိုင်ရခဲ့ကြောင်း၊ ၎င်းတို့အား ထောက်ခံခဲ့ကြသည့် ပြည်သူလူထုကြီးအား ကျေးဇူး ဥပကာရ တင်ရှိပါကြောင်း ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် သတင်းစာများ၌ ရေးသားထားသည်။

Geen opmerkingen: