မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 8 december 2010

စစ်အစိုးရဖမ်းထားသည့်ကရင်ငြိမ်းတပ်ဖွဲ့ဝင်များအသတ်ခံရ

ဧရာဝတီ Wednesday, 08 December 2010 16:11
.စစ်အစိုးရက ဖမ်းဆီးထားသော ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သည့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး ၏ ရုပ်အလောင်းများကို မြ၀တီမြို့နယ် ပလောတပို့ ရွာရှိ ပြောင်းခင်း တနေရာ၌ ယမန်နေ့တွင် ဒေသခံများက တွေ့ရှိ ခဲ့သည်။
ယင်း အသတ်ခံခဲ့ရသည့် အလောင်းများ လက်ကို နောက်ပြန် ကြိုးချည်၍ လှံစွပ်ဖြင့် ထိုးသတ်ထားသည့် ဒဏ်ရာ များ ဖြင့် ဒေသခံများက တွေ့ရှိခဲ့ကြောင်း ငြိမ်းချမ်းရေး ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ စောတီမိုသီ (Timothy)က ဧရာဝတီ သို့ ပြောသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့က မြ၀တီမြို့နယ် ဖလူးကျေးရွာ အနီးတ၀ိုက်တွင် အခြေစိုက်သည့် ကရင် ငြိမ်းချမ်းရေး ကောင်စီ တပ်ရင်း (၇၇၇)၏ ကင်းစခန်းတခုကို စစ်အစိုးရ ခြေလျင်တပ်ရင်း (ခလရ)၂၃၀ တပ်က ၀င်ရောက် ပစ်ခတ် ခဲ့သဖြင့် တပ်ဖွဲ့ဝင် တဦးသေဆုံး၍ ၆ ဦး ဖမ်းဆီးခံရပြီးနောက် ယခုကဲ့သို့ အသတ်ခံရခြင်း ဖြစ်သည်။
သေဆုံးသူများမှာ စောနိုင်းနိုင်း၊ စောပီလင်း၊ စောအ၀င်း၊ စောရန်ကုန်၊ အ၀င်း၊ စောသံခဲ တို့ဖြစ်ပြီး အဖမ်းခံရသည့် နေ့ တွင်ပင် အသတ်ခံရခြင်း ဖြစ်နိုင်ကြောင်း ကရင် ငြိမ်းချမ်းရေး ကောင်စီအဖွဲ့က ပြောဆိုသည်။
ကရင် ငြိမ်းချမ်းရေး ကောင်စီမှ စစ်ရေးချုပ် ဗိုလ်ချုပ် ယဉ်နုက“ကျနော်တို့ တပ်ဖွဲ့ဝင် ၆ ဦး ရက်ရက် စက်စက် အသတ်ခံ ခဲ့ ရတယ်၊ အလောင်းတွေလည်း ပြန်တွေ့ပြီ၊ ဒီလို ဥပဒေမဲ့ အသတ်ခံရတဲ့ လုပ်ရပ်ကို သူတို့ မလုပ်သင့်ဘူး၊ ဒီလိုလုပ် ခြင်း အားဖြင့် ငြိမ်းချမ်းရေးကို ထိခိုက်စေတယ်"ဟု ၎င်းက ဆိုသည်။
ယင်းတပ်ဖွဲ့ဝင်များ အသတ်ခံရခြင်းနှင့် ပတ်သက်၍ ဖြေရှင်းချက်ပေးရန် အတွက် နအဖ စစ်အစိုးရထံ တောင်းဆိုမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ် ယဉ်နုက ဆက်လက်၍ ပြောသည်။
အပစ်အခတ် ရပ်စဲထားသော ကရင် ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ဝင်များကို ၃ နှစ်တာကာလ အတွင်း စစ်အစိုးရက ပထမဆုံး အကြိမ် ပြန်လည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ် ထိန်မောင်(စောဌေးမောင်)သည် ၂၀၀၇ ခု နှစ်ဆန်းပိုင်းက တပ်သား ၃၀၀ ခန့်နှင့်အတူ KNU မှ ခွဲထွက်ခဲ့ သည်။ ထို့နောက် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ၎င်း၏ အဖွဲ့ကို KNU/KNLAငြိမ်းချမ်းရေး ကောင်စီ ဟု အမည်ပေး ခဲ့သည်။

Geen opmerkingen: