မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 24 december 2010

ဒေါ်အောင်ဆန်းစုကြည်ကိုရုရှားသံအမတ်ကြီးတွေ့ဆုံ

ရန်ပိုင် Friday, 24 December 2010 18:24
ဒေါ်အောင်ဆန်းစုကြည်ကိုမြန်မာနိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီးကယမန်နေ့ နေ့လယ်၌ လာရောက်တွေ့ဆုံကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကပြောသည်။
မည်သည့် အကြောင်းအရာများ ဆွေးနွေးသည်ကိုသတင်းထုတ်ပြန်ခြင်းမရှိသော်လည်းယခုကဲ့သို့ ရုရှားနိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံမှုမှာထူးခြားတိုးတက်မှုတခုဟု ယူဆကြောင်းNLDပါတီ ခေါင်းဆောင်တဦး ဖြစ်သည့် ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။
“NLDပါတီမှာအခမ်းအနားလုပ်တိုင်းရုရှားသံရုံးကိုဖိတ်ပါတယ်။တခါမှမတက်ဘူး။အခုလာတာထူးခြားမှုပေါ့” ဟု ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက် ရုရှားသံအမတ်ကြီး လာရောက်တွေ့ဆုံသည်မှာ နှစ်ကြိမ်ရှိပြီ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးစကလည်း ပထမအကြိမ် လာရောက်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံသည်မြန်မာနိုင်ငံအရေးကိစ္စများကိုကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်ဆွေးနွေးပါက တရုတ်နိုင်ငံနည်းတူ အမြဲတမ်း မြန်မာစစ်အစိုးရဘက်မှ ရပ်တည် အကာအကွယ်ပေးနေသည်။
ထိုသို့သဘောထားရှိသောနိုင်ငံတနိုင်ငံမှစစ်အစိုးရ၏အတိုက်အခံဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားလာရောက်တွေ့ဆုံခြင်းကိုကြည့်လျှင်ဒီမိုကရေစီဘက်သို့ တိမ်းညွှတ်လာသည်ဟု စဉ်းစရာရှိကြောင်း ဦးအုန်းကြိုင်က ဆိုသည်။
ယခင်ဆိုဗီယက်ယူနီယံမပြိုကွဲမီကာလကဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)အစိုးရကို မလိုလားသည့် တိုးတက်သောအယူအဆရှိသည်ဆိုသောလူငယ်တချို့ရန်ကုန်မြို့ရှိဆိုဗီယက်သံရုံးနှင့် အဆက်အသွယ်ရှိခဲ့ကြသည်။ဆိုဗီယက်သံရုံးယဉ်ကျေးမှုဌာနက၎င်းတို့နှင့်ပတ်သက်သည့် စာအုပ်စာတမ်းများစွာကို ထုတ်ဝေခဲ့သည်။
သို့သော်၁၉၉၁ခုနှစ်တွင် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီး ရုရှားနိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံတွင် ဆက်လက်ရပ်တည်ချိန်၌ မြန်မာစစ်အစိုးရနှင့် အနီးကပ်ဆက်ဆံခဲ့ပြီး ဒီမိုကရေစီလိုလားသည့် အတိုက်အခံများနှင့် ဆက်ဆံရေးမှာမူ လုံးဝနီးပါး ရပ်တန့်သွားခဲ့သည်။
စစ်အစိုးရအားMIG-29တိုက်လေယာဉ်များ၊ရဟတ်ယာဉ်များ၊တင့်ကား၊အမြောက်စသည့် စစ်လက်နက်ပစ္စည်းများကိုရောင်းချခြင်း၊နျူကလီးယားနည်းပညာအတွက်စစ်အစိုးရကမြန်မာ အရာရှိများကို ရုရှားနိုင်ငံသို့ ပညာသင်စေလွှတ်ခြင်း စသည့် ဆက်ဆံမှုများ ပြုလုပ်ခဲ့သည်။
ရုရှားနိုင်ငံသည် စစ်အစိုးရအား ၁၀ မီဂါဝပ်ရှိသည့် အသေးစား သုတေသနသုံး နျုကလီးယား ဓာတ်ပေါင်းဖိုတခု တည်ဆောက်ပေးရန် ၂၀၀၁ ခုနှစ်က သဘောတူခဲ့သည်၊ သို့သော် နောက်ပိုင်းတွင် တည်ဆောက်မည့် အစီအစဉ် ပျက်သွားကြောင်းကို စစ်အစိုးရက ထုတ်ဖော်ပြောကြားခဲ့သည်။
နျူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်လိုခြင်းမှာ ဆေးပညာနှင့် ငြိမ်းချမ်းစွာ အသုံးပြုရန်သာဖြစ်သည်ဟု ယခုနှစ် ဇွန်လအတွင်းက စစ်အစိုးရ သတင်းစာတွင် ကာကွယ်ရေးသားထားသည်။
ရုရှား ရေနံကုမ္ပဏီတခုဖြစ်သည့် NobleOilကုမ္ပဏီနှင့် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ထူးကုမ္ပဏီတို့ပူးပေါင်းပြီးစစ်ကိုင်းတိုင်းဟုမ္မလင်းမြို့နယ်အတွင်းရှိ ဥရုချောင်းဖျားတွင် ရေနံရှာဖွေမှုများ ပြုလုပ်နေသည်ဟုပြီးခဲ့သည့် နိုဝင်ဘာလက ဆင်ဟွာသတင်းတပုဒ်တွင် ဖော်ပြထားသည်။
ရုရှားကုမ္ပဏီတခုဖြစ်သည့်JSCZarubezhneftIteraawsကုမ္ပဏီသည် မုတ္တမပင်လယ်ကွေ့ရှိ လုပ်ကွက်အမှတ်M-8တွင်၂၀၀၆ခုနှစ်ကတည်းစတင်လုပ်ကိုင်နေပြီးတခြားသောရုရှားကုမ္ပဏီ၂ ခုသည်လည်း စစ်ကိုင်းတိုင်း ပင်လယ်ဘူးဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင်နေသည်။
ထို့အပြင် ရှမ်းပြည်နယ် တောင်ကြီးမြို့အနီးရှိ ပင်းပက်ဒေသတွင် သတ္တုတူးဖော်ရေး လုပ်ငန်းကို လုပ်ကိုင်နေသည့် ရုရှားကုမ္ပဏီတခုလည်း ရှိသေးသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး ၁ လကျော်အတွင်း၌ အမေရိကန် အပါအ၀င် အနောက်နိုင်ငံများမှ သံအမတ်ကြီးများ၊ အာရှ၊ အာဖရိက နိုင်ငံများမှ သံအမတ်ကြီးများ လာရောက်တွေ့ဆုံခဲ့ကြပြီး ဗြိတိန်ဝန်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ် အပါအ၀င် နိုင်ငံခေါင်းဆောင်များနှင့် ၎င်းတို့၏ ဇနီးများကလည်း ဖုန်းဖြင့် ဆက်သွယ်ပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် အားပေးခဲ့ကြသည်။

Geen opmerkingen: