မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 6 december 2010

ကြံ့ဖွံ့ပါတီ၏ “ပြည်သူများသို့ကျေးဇူးတင်လွှာ”ကိုနိုင်ငံရေးပါတီများဝေဖန်

ခင်ဦးသာ Monday, 06 December 2010 17:57
.ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် စစ်အစိုးရသတင်းစာများတွင် ဖော်ပြထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)၏ ပြည်သူသို့ ကျေးဇူးတင်လွှာသည် ရွေးကောက်ပွဲရလဒ် ၏ မတရားမှုကို ဖုံးကွယ်ရန် ကြိုးပမ်းမှုသာ ဖြစ်သည်ဟု ရွေးကောက်ပွဲ ၀င်ခဲ့သော ပါတီ ခေါင်းဆောင်များက ပြောသည်။
“မတရားတဲ့ အရာကို တရားဝင်အောင်၊ ပြည်သူတွေကို ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်တဲ့သဘောပါ။ ဒီလိုလုပ်ရုံနဲ့ တရားဝင်လာမှာလည်း မဟုတ်ပါဘူး။ ပြည်တွင်း ပြည်ပကလည်း အသိအမှတ်မပြုဘူး”ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ဧရာဝတီသို့ ပြောသည်။
စစ်အစိုးရသည် နိုင်ငံပိုင် မီဒီယာများအား နည်းမျိုးစုံဖြင့် အသုံးချကာ ၎င်းတို့ ကိုယ်ကျိုးအတွက် အသုံးပြုနေကြောင်း၊ ၎င်းတို့၏ လုပ်ရပ်သည် ဥပဒေနှင့် ညီညွတ်မှု မရှိကြောင်းလည်း ဦးသုဝေက ဆိုသည်။
စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲ၌ နည်းလမ်းစုံဖြင့် အနိုင်ယူသွားခြင်းကို ပြည်သူများက ၎င်းတို့ပါတီအား ယုံကြည်အားကိုးစွာ ထောက်ခံမဲ ပေးခဲ့ကြ၍ လွှတ်တော်သုံးရပ်၏ မဲဆန္ဒနယ် ၁၁၅၄ နေရာတွင် ၈၈၂ နေရာ အနိုင်ရခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းတို့အား ထောက်ခံခဲ့ကြသည့် ပြည်သူလူထုကြီးအား ကျေးဇူး ဥပကာရ တင်ရှိ ပါကြောင်း ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် သတင်းစာများ၌ ရေးသားထားသည်။
“ဒါက ကမ္ဘာကျော်လောက်တဲ့ ဟာသတခုပဲ။ နိုင်ငံပိုင် မီဒီယာတွေကို သူတို့ပိုင် မီဒီယာ လုပ်ပြီးတော့ ပြောချင်ရာပြော၊ ရေးချင်တာရေး လုပ်နေကြတယ်။ သူတို့ဘယ်လိုပဲ ပြောနေ၊ ရေးနေပါစေ ပြည်သူက မယုံကြည်ပါဘူး။ ပြည်သူတွေက ထောက်ခံလို့ နိုင်တာမှ မဟုတ်ဘဲ၊ ဒီကိစ္စကို လူတိုင်းသိတယ်။ ကြိုတင်မဲတွေ အိတ်လိုက် ယူလာပေး သူတွေကိုလည်း ကျေးဇူး တင်သင့် တယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။
ရွေးကောက်ပွဲ၌ ပြည်သူအများစု၏ ထောက်ခံမဲကို ရရှိခဲ့သော်လည်း ကော်မရှင်က ရှုံးသည်ဟု ကြေညာ ခံခဲ့ရသည့်တိုင် ပြည်သူများကို ကျေးဇူးတင်လိုသည့် အတွက် ရွေးကောက်ပွဲ အပြီး နောက်တနေ့တွင် ပြည်သူသို့ကျေးဇူးတင်လွှာ တစောင်ထည့်ရန် သတင်းစာတိုက်၌ လျှောက်ထားသော်လည်း ခွင့်မပြုနိုင်ဟု ဆိုကာ ပယ်ချခဲ့ကြောင်း၊ ထိုသို့ ပြောခဲ့ပြီးမှ ယခုအခါ ကြံ့ဖွံ့၏ ပြည်သူသို့ ကျေးဇူးတင်လွှာ ပေါ်ထွက်လာခြင်း ဖြစ်ကြောင်း ဦးသုဝေက ဆိုသည်။
“ကျနော်တို့ တင်တုန်းက ပယ်ခဲ့ပေမယ့် ကြံ့ဖွံ့ကြေညာမယ့်ရက် မတိုင်ခင်ညမှာ ကျနော်တို့ပါတီကို တလေးတစားပဲ ဖုန်းဆက်ပြီးတော့ ခင်ဗျားတို့တင်တာ ခွင့်ပြုတယ်၊ ကျနော်တို့ အကုန်အဆင်ပြေအောင် လုပ်ထားပြီးပြီ၊ ထည့်ပေးလိုက်မယ်၊ ပိုက်ဆံပေးစရာလည်းပဲ မလိုသေးဘူးဆိုပြီးပြောလာတယ်။ ဒီတော့ အတော်အံ့သြသွားတယ်၊ တယ် သဘောကောင်း နေပါလား၊ အပြောင်းအလဲ တွေဖြစ်သွားတာလို့ စဉ်းစားမိတယ်” ဟု ဦးသုဝေ က ရှင်းပြသည်။
ကြံ့ဖွံ့ပါတီ၏ ကျေးဇူးတင်လွှာအား ဖော်ပြခဲ့သဖြင့် ၎င်းတို့ပါတီ၏ ကြေညာချက်အား ထည့်မပေးပါက မကောင်းတတ်သည့် သဘောဖြင့်သာ ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ဟု ဦးသုဝေ က ဆိုသည်။
စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပြည်သူသို့ ပေးပို့သော နှစ် ၉၀ ပြည့်အမျိုးသားနေ့ သ၀ဏ်လွှာ၌လည်း နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ တခုဖြစ်ကြောင်း၊ ချမှတ်ထားသည့် လမ်းစဉ် ၇ ရပ်တွင် ၅ ခုပြီးစီးနေပြီဖြစ်၍ ကျန်၂ ခုအား အကောင်အထည် ဖော်ပြီးပါက ပြည်သူက ရွေးကောက်ထားသည့် အစိုးရတရပ် ဖွဲ့ပြီး ပြည်သူများထံ အာဏာလွှဲပြောင်း ပေးသွားမည်ဟု ဆိုသည်။
“ကြံ့ဖွံ့ပါတီရဲ့ပြည်သူသို့ကျေးဇူးတင်လွှာ ဆိုတာက ပြည်သူတွေကို တိုက်ရိုက်စော်ကားလိုက်သလို၊ သူတို့လုပ်ချင်တာ လုပ်လို့ ရတယ်ဆိုတာ ပြသလိုက်တဲ့ သဘောပဲ”ဟု ပြည်ထောင်စုဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌဟောင်းတဦး ဖြစ်သူ ဦးသိန်းဌေးက ပြောသည်။
ကြံ့ဖွံ့ပါတီသည် ၎င်းတို့ ဘက်သားများဖြစ်သော ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် ပေါင်း၍ ရွေးကောက်ပွဲ၌ ၎င်းတို့ချမှတ်ထားသည့် ဥပဒေကို တိုက်ရိုက်ချိုးဖောက် မသမာမှုများ ပြုလုပ်အနိုင်ယူခဲ့ခြင်းအပေါ် ပြည်သူများက ထောက်ခံသည်ဟု မရေးသင့်ကြောင်း၊ ရွေးကောက်ပွဲရလဒ်ကိုလည်း ရက်ပေါင်း ၆၀ ပြည့်မှာသာ တရားဝင်ဖြစ်ကြောင်း ကြေညာရမည်ဟု ကော်မရှင်က ပြဌာန်းထားကြောင်း၊ ထိုဥပဒေကိုပါ ယခုထပ်မံ ဖောက်ဖျက်ခြင်းဖြစ်ကြောင်း ဦးသိန်းဌေးက ဆက်ပြောသည်။
“ကြံ့ဖွံ့က သူတို့ရဲ့မတရားမှုကို ဘယ်သူမှ အသိအမှတ်မပြုသေးတော့ တိုင်းရင်းသားပါတီတွေကို စည်းရုံးလိုက်၊ တခြားအနိုင်ရသူတွေကို စည်းရုံးလိုက်၊ နည်းလမ်းစုံနဲ့ တရားဝင် ဖြစ်ရေး လုပ်နေတယ်။ သူတို့က အဲဒီလိုလုပ်နေလည်းပဲ တရားဝင်လာမှာ မဟုတ်ဘူး” ဟု သူက ဆိုသည်။
ကြံ့ဖွံ့ပါတီသည် အင်အားသုံး၍ တဘက်သတ်အနိုင်ယူနေသောကြောင့် ဒီမိုကရက်တစ် အင်အားစုများ အနေဖြင့် အပြောမဟုတ်ဘဲ အလုပ်ဖြင့် အင်အားကောင်းသည့် အဖွဲ့အစည်း ဖြစ်ရေးကို လုပ်ဆောင်နေကြောင်း၊ တဘက်မှအင်အားကောင်း လာပါက တခြား တဘက်သည် အင်အားနည်းတတ်သည့် သဘောရှိ၍ ဒီမိုကရက်တစ်များက စုစည်းညီညွတ်မှု ရှိစေရန် လုပ်ဆောင်ရေးသည် အရေးကြီးနေကြောင်းလည်း ၎င်းက ပြောသည်။
“ကြံ့ဖွံ့လုပ်ရပ်တွေက ဒီမိုကရက်တစ် အင်အားစုတွေ၊ နိုင်ငံရေး အင်အားစုတွေကို အားနည်းသွားအောင်၊ ညှိုးနွမ်းသေးသိမ်သွားအောင် တမင် လုပ်နေတာပါ။ ဒါကိုတွန်းလှန်နိုင်ရေးဟာ အရေးကြီးတယ်”ဟု ဦးသိန်းဌေးက ပြောသည်။
အားလုံးပါဝင်သည့် အမျိုးသား ရင်ကြားစေ့ရေး မလုပ်နိုင်သေးသရွေ့ ဒီမိုကရေစီ မရနိုင်သေးဟုလည်း ၎င်းက ဆက်ပြောသည်။
ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာ အများအပြားနှင့်ရင်ဆိုင်နေရသော်လည်း ကြံ့ဖွံ့ပါတီသည် ရှေ့ဆက်သွားမည့် လမ်းစဉ်များကိုသာ တခုပြီးတခု လုပ်ဆောင်နေပြီး မကြာမီလွှတ်တော် ခေါ်ယူနိုင်ရေးကို လုပ်ဆောင်နေကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံနှင့်ရွေးကောက်ပွဲ ရလဒ်အရ လာမည့်လွှတ်တော်၌ စစ်သားကိုယ်စားလှယ်နှင့် ကြံ့ဖွံ့ကိုယ်စားလှယ် အရေအတွက်သည် ပြည်သူ့လွှတ်တော်တွင် ၈၅ ရာခိုင်နှုန်းနီးပါး၊ အမျိုးသားလွှတ်တော်တွင် ၈၂ ဒသမ ၅၈ နှင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် ၈၀ ရာခိုင်နှုန်းကျော် နေရာ ရရှိမည်ဖြစ်သောကြောင့် လွှတ်တော် ၃ ရပ်စလုံး၌ ကြံ့ဖွံ့နှင့် စစ်တပ် ကိုယ်စားလှယ်များသည် ၈၂ ရာခိုင်နှုန်းခန့် လွှမ်းမိုးထားမည် ဖြစ်ကြောင်း သိရသည်။

Geen opmerkingen: