မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 28 december 2010

ဒေါ်အောင်ဆန်းစုကြည်နှင့်လူငယ်၃၀၀ကျော်တွေ့ဆုံ

ဧရာဝတီ Tuesday, 28 December 2010 18:43
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်နယ်ပယ်အသီးသီးမှလူငယ်၃၀၀ကျော်တို့ယနေ့ တွေ့ဆုံကြရာလူငယ်၅၂ဦးက၎င်းတို့ကြုံတွေ့နေရသောပညာရေး၊စီးပွားရေး၊နိုင်ငံရေး၊လူမှုရေးနှင့် ဘာသာရေး အခက်အခဲများကို တင်ပြဆွေးနွေး ခဲ့ကြသည်။

NLDအဖွဲ့ချုပ်ရုံး၌ယနေ့လူငယ်များနှင့်တွေ့ဆုံရာတွင်ဒေါ်အောင်ဆန်းစုကြည်ကလူငယ်များ၏ မေးခွန်းများကို ဖြေကြားနေစဉ်(ဓာတ်ပုံ-ဧရာဝတီ)
“အကြောင်းအရာက တော်တော်စုံတယ်။ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေက တက္ကသိုလ်တွေမှာ ပညာရေးနဲ့ ပတ်သက်ပြီး မပြည့်စုံတဲ့ အကြောင်း၊ ပညာရေးစနစ် ချို့ယွင်း နေတဲ့အကြောင်း၊ ကျန်းမာရေးဝန်ထမ်း လူငယ်တွေနဲ့ တရားရုံးမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေက သူတို့အခက်အခဲတွေနဲ့ နိုင်ငံရေး စနစ် ပြောင်းလဲဖို့ လိုအပ်တဲ့ အကြောင်းတွေကို တော်တော် ပြည့်ပြည့်စုံစုံ တင်ပြတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်း ထုတ်ကြတယ်”ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သော လူငယ်တဦးက ဆိုသည်။
လူမှုရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လူငယ်အဖွဲ့အစည်းများ၊ ကျောင်းသားလူငယ်များ၊ ပြည်တွင်း သတင်းမီဒီယာများမှ လူငယ်များ၊ နိုင်ငံ့ ၀န်ထမ်း လူငယ်များ၊ ဥပဒေပညာရှင်လူငယ်များ၊ ကျန်းမာရေးဝန်ထမ်း လူငယ်များ၊ အခြေခံ လုပ်သား လူငယ်များ အပါအ၀င် ၃၀၀ ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး လူမှုကွန်ရက်တခုကို ထူထောင် သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။
အဆိုပါ ကွန်ရက်သည် ဆင်းရဲကျပ်တည်းလျက် ရှိသော မြန်မာနိုင်ငံတွင် ပညာရေး၊ လူမှုရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် လူငယ် အဖွဲ့အစည်းများ ချိတ်ဆက်ထားသည့် လူမှုကွန်ရက် တခုဖြစ်ကြောင်း သိရသည်။
“အခုဆွေးနွေးပွဲပြီးတာနဲ့ ကိုယ့်အဖွဲ့အစည်းနဲ့ ဘယ်လို ဆက်သွယ်ရမလဲဆိုတာ စာရင်း ပေးသွင်းပါ။ လက်တွေ့ကျကျ စပြီး အလုပ်လုပ်မယ်။ နောက် တလ၊ ခြောက်ပတ်လောက် အကြာ ဒီလုပ်ငန်းတွေ ဘယ်လောက်ထိရောက်သလဲ ဆိုတာ သုံးသပ်ဖို့ပြန်တွေ့ကြမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် လူငယ်များ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို “အမေ”ဟု ခေါ်ဝေါ် ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်က လူငယ်များနှင့် ထမင်းလက်ဆုံ စားခဲ့သည်။
တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် မီဒီယာသမား လူငယ်များက ဒေါ်အောင်ဆန်းစုကြည် ထူထောင်မည့် လူမှု ကွန်ရက်တွင် မြန်မာ သတင်းသမားများ ကွန်ရက်ဟူသော အမည်ဖြင့် လူမှုရေး၊ ပညာရေးနှင့် အီးမေးလ်၊ အင်တာနက် အပါအဝင် IT နည်းပညာများ ကူညီရန် အဆိုပြုသည်ဟု သိရှိရသည်။
“ဒီကွန်ရက်ကနေလူမှုရေးလုပ်ငန်းတွေ၊အင်္ဂလိပ်စာသင်တန်း၊ကွန်ပျူတာသင်တန်းတွေအားလုံးစုပေါင်းလုပ်ကြမယ်။
ဒေါ်အောင်ဆန်းစုကြည်ပြောတာကမြန်မာလူငယ်တွေအဆင့်မြင့်ပညာရေးတွေ သင်ယူနိုင်ဖို့ အစီအစဉ်တွေ လုပ်သွားမယ်တဲ့။ အားတက်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း တော်တော်အားရတယ်။ တော်တော် အောင်မြင်တဲ့တွေ့ဆုံပွဲပါ”ဟုဆွေးနွေးပွဲတက်ရောက်သူတက္ကသိုလ်ကျောင်းသားလူငယ်တဦးက ပြောသည်။
လူငယ်များက ဒုတိယပင်လုံ ညီလာခံကိစ္စ၊ တိုင်းရင်းသားအရေး၊ NLD ရှေ့ဆက် ရပ်တည်ရေးကိစ္စ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၁၉၉၀ ရွေးကောက်ပွဲနှင့် ၂၀၁၀ ရွေးကောက်ပွဲကိစ္စ ဆိုင်ရာများကိုလည်း မေးမြန်းခဲ့ကြပြီး ဒေါ်အောင်ဆန်း စုကြည်က လူငယ်များ၏ မေးခွန်းများအားလုံးကို ပြန်လည်ဖြေကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ရာ NLDကို အတိုက်အခံ အင်အားစုအဖြစ် မြန်မာ့ နိုင်ငံရေးတွင်၏ ပါဝင်ခွင့် ပေးရမည်ဆိုသော တောင်းဆိုချက်နှင့် ပတ်သက်ပြီး လူငယ်တဦးက မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က “အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကNLDကို အသိအမှတ်ပြုတာ ကြိုဆိုရမှာပါ။ မြန်မာ့ဒီမိုကရေစီအရေးမှာ အာဆီယံထောက်ခံမှုက အရေးကြီးပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံတွင်အလုပ်ရှင်ကအလုပ်သမားများအပေါ်ဖိနှိပ်သော ကိစ္စရပ်များ အတွက် ကမ္ဘာ့အလုပ်သမားအဖွဲ့(ILO)နှင့်NLDမှဥပဒေပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လူငယ် ဥပဒေ ပညာရှင်များအား ဥပဒေ ဆိုင်ရာ သင်တန်းများ ပေးသွားရန်ရှိကြောင်း၊ အဆိုပါ လူငယ် ဥပဒေ ပညာရှင်များအနေနှင့် NLD ဥပေဒပြု အဖွဲ့တွင် ပါဝင်ကြရန် ဖိတ်ကြားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က လူမှုရေးနှင့် နိုင်ငံရေးသည် ခွဲခြားမရဘဲ ဒွန်တွဲနေကြောင်း၊ ပြည်သူလူထု၏ လိုအပ်ချက်များကို လူမှုရေးအရ ဖြည့်ဆည်းပေးခြင်းဖြင့် ပြည်သူလူထု၏ ချစ်ခင်မှုကို ရရှိနိုင်ကြောင်း ရှင်းပြသည်။
အစိုးရသည် NLDကို မတရားအသင်းအဖြစ် မကြေညာနိုင်ကြောင်း၊ မှတ်ပုံမတင်သော နိုင်ငံရေးပါတီ တရပ်အဖြစ်သာ ပြောဆိုနိုင်ကြောင်း၊ ပြည်သူလူထု ရပ်တည်နေသမျှ ကာလပတ်လုံး NLDဆက်လက် ရပ်တည်နေမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က NLD ဆက်လက်ရပ်တည်ရေးနှင့် ပတ်သက်သည့် လူငယ်များ၏ မေးမြန်းချက်ကို ဖြေကြားသည်။
ဒုတိယပင်လုံညီလာခံ ကိစ္စကို အလွန်ကြောက်မက်ဖွယ်ကောင်းသော ခြိမ်းခြောက်မှု၊ နိုင်ငံရေးအားစမ်းမှု အဖြစ် ရှုမြင်မှုများရှိကြောင်း၊ အဆိုပါ သုံးသပ်ချက်များသည် လုံးဝ မှန်ကန်မှုမရှိကြောင်း၊ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွင် တိုင်းရင်းသား စည်းလုံညီညွတ်ရေးအတွက် ခေတ်နှင့်လျော်ညီသော ပင်လုံညီလာခံတခု မဖြစ်မနေလိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်တွေ့ဆုံပွဲသို့ လာရောက်သော လူငယ်များကို စစ်အစိုးရ အာဏာပိုင်များက ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းတင်ခြင်းမှအပ တစုံတရာ အနှောင့်အယှက် မပေးခဲ့ပေ။

Geen opmerkingen: