ပြည်တွင်းဝယ်လိုအားနည်းပြီး သွင်းကုန်လုပ်ငန်းများ ရပ်ဆိုင်းနေခြင်းကြောင့် ဒေါ်လာဝယ်လိုအားနည်းကာ ဈေးနှုန်းဆက်တိုက်ကျဆင်းနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
ရွှေဘုံသာလမ်းမှဒေါ်လာရောင်းဝယ်သူတဦးက“ကျနော်တို့ဆီ ပုံမှန်ယူနေကျ၊ သွင်းကုန်လက်ကြီးသမားတွေ အဝယ်ရပ်ထားတာကြောင့် ဒေါ်လာဈေး ဆက်တိုက်ကျနေတယ်။ ပြီးခဲ့တဲ့ (၁၅) ရက်အတွင်း တဒေါ်လာ ကျပ် (၁,ဝဝဝ) ဝန်းကျင်ကနေ ဒီနေ့ ကျပ် (၉၄ဝ) ပဲ ရှိတော့တယ်။ နေ့တိုင်း တနေ့ (၅) ကျပ် (၁ဝ) ကျနေတယ်။ ဆက်ပြီး ကျဖို့လည်း ရှိနေတယ်” ဟု ပြောသည်။
ဈေးကွက်ထဲတွင် ဒေါ်လာငွေဈေးအပြင် နိုင်ငံခြား ပို့ကုန်ရငွေ တန်ဖိုးနှင့် အက်ဖ်အီးစီတန်ဖိုးလည်း ဆက်တိုက်ကျဆင်းနေကာ ပြီးခဲ့သည့် သြဂုတ် (၂၇)ရက်တွင် တဒေါ်လာ (၁,ဝဝ၃) ကျပ် ဈေးပေါက်ခဲ့သည့် နိုင်ငံခြားပို့ကုန်ရငွေဈေးနှုန်းမှာ ယနေ့ ကျပ် (၉၅ဝ)အောက်သာ ရှိသည်။ အက်ဖ်အီးစီ ဈေးနှုန်းမှာလည်း တယူနစ် (၇၈ဝ)ပတ်ဝန်းကျင်ဖြင့် စံချိန်တင် ကျဆင်းနေပြီး ဝယ်သူမရှိသလောက် ဖြစ်နေကြောင်း သိရသည်။
ပြည်ပသို့ ငါးပုစွန် တင်ပို့နေသည့် အအေးခန်းစက်ရုံပိုင်ရှင်တဦးက “ပြည်ပပို့ကုန်ရငွေ တန်ဖိုးတွေ ကျဆင်းရင် ပထမဦးဆုံး ထိခိုက်တာ ကျနော်တို့ ပို့ကုန်လုပ်ငန်းရှင်တွေပဲ။ ခု ဈေးနှုန်းနဲ့ဆို ပြည်တွင်းထုတ်လုပ်မှုကုန်ကျစရိတ်၊ အခွန် (၁ဝ)ရာခိုင်နှုန်း ပေါင်းလိုက်ရင် ပို့ကုန်လုပ်ငန်းဟာ အရှုံးတောင်ပေါ်နေပြီလို့ ဆိုနိုင်တယ်။ တဖက်မှာတော့ ပြည်တွင်းမှာ ကျနော်တို့ သုံးရတဲ့ ထုတ်လုပ်ရေးကုန်ကျစရိတ်တွေက ကျဆင်းမသွားဘူး” ဟု ရှင်းပြသည်။
ယခုကဲ့သို့ နိုင်ငံခြားငွေတန်ဖိုး ကျဆင်းလာသည့်အတွက် ပြည်တွင်း၌ နိုင်ငံခြားငွေနှင့် လုပ်ခလစာ ရရှိသူများပင် ထိခိုက်လာကြောင်း သိရသည်။
အိုင်အန်ဂျီအိုတခုတွင် အေအိုင်ဒီအက်စ်ရောဂါ ကူညီစောင့်ရှောက်ရေး လုပ်နေသူတဦးက ၎င်းအနေဖြင့် တလ ဒေါ်လာ (၃ဝဝ)ရကြောင်း၊ အဆိုပါ ငွေပမာဏကို များသည်ဟု ထင်ကြမည်ဖြစ်ကြောင်း၊ လက်ရှိ ဒေါ်လာငွေလဲနှုန်းဖြင့်ဆိုပါက တလ ကျပ် (၂) သိန်း (၈) သောင်းခန့် ရှိသော်လည်း ပြည်တွင်း ကျပ်ငွေဖြင့် ဝယ်ယူသုံးစွဲရသည့် ကုန်ဈေးနှုန်းအရပ်ရပ် မကျခြင်းကြောင့် လူနေမှုစရိတ်မြင့်မားပြီး အကြွေးမတင်ရုံသာ ရှိကြောင်း ပြောသည်။
အလားတူ နိုင်ငံခြားတွင် အလုပ်သွားလုပ်နေသူများ၏ မြန်မာပြည်တွင်း ငွေလွှဲပို့ရာမှ ရရှိမည့် ဝင်ငွေလည်း နည်းသွားသည့်အတွက် အဆိုပါငွေကို မှီခိုစားသောက်နေကြသည့် မိသားစုများ အခက်အခဲ တွေ့နေကြကြောင်းလည်း သိရသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ပြည်တွင်းမှ စီးပွားရေးပညာရှင်တဦးက “ဒေါ်လာငွေနဲ့ အခြားနိုင်ငံခြားငွေ တန်ဖိုးကျတယ်ဆိုတာ အဲဒီငွေတွေနဲ့ နှိုင်းယှဉ်တဲ့ မြန်မာကျပ်ငွေ တန်ဖိုး တက်တယ်လို့ ပြောနိုင်တယ်။ မြန်မာကျပ်ငွေ တန်ဖိုး အမှန်တကယ် တက်တယ်ဆိုရင် မြန်မာကျပ်ငွေနဲ့ ဝယ်ယူနိုင်စွမ်းအားလည်း လိုက်ပါ မြင့်တက်လာဖို့ လိုတယ်။ အဓိပ္ပာယ်ကတော့ မြန်မာကျပ်ငွေနဲ့ သတ်မှတ်တဲ့ ကုန်ပစ္စည်းဈေးနှုန်း လုပ်အားခတွေ ကျဆင်းလာရမယ့် သဘောဖြစ်တယ်” ဟု ပြောသည်။
ယခုကဲ့သို့ ကုန်စည်ဈေးနှုန်း ကျဆင်းခြင်းမရှိဘဲ နိုင်ငံခြားငွေ တန်ဖိုးကျပါက မိသားစု တစုချင်းအပြင် စီးပွားရေးနယ်ပယ်တို့တွင်လည်း ထိခိုက်မှုများ ရှိလာမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ပြည်တွင်းဝယ်လိုအားမရှိသဖြင့် သွင်းကုန်လုပ်ငန်းများ ကျဆင်းကာ တဆက်တည်း ဒေါ်လာနှင့် ပို့ကုန်တန်ဖိုး လိုက်ပါကျဆင်းခြင်း၊ ထို့ပြင် ပို့ကုန်မှ ရသည့် ဝင်ငွေမှာလည်း နည်းသွားပြီး ထုတ်လုပ်ရေးနှင့် လုပ်ငန်းများ တွက်ခြေမကိုက်တော့သဖြင့် ပြည်သူများ ဝင်ငွေနည်းပြီး ဝယ်လိုအား တဖန်ကျဆင်းခြင်း ဆိုသည့် ဆိုးကျိုးသံသရာ လည်နေခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
လက်ရှိ မြန်မာပြည်တွင်းတွင် ခိုးကားများကို အခွန်ဆောင်ပြီး လိုင်စင်ဝင်၊ လိုင်စင်ရကားများကို ရန်ကုန်တင်ပို့ ရောင်းချသည့် လုပ်ငန်းတခုသာ တွင်ကျယ်နေပြီး အဆိုပါ လိုင်စင်လုပ်ငန်းမှ အစိုးရအနေဖြင့် အခွန်ငွေ ကျပ် ဘီလီယံနှင့်ချီ ရရှိနေခြင်းသည်လည်း ဈေးကွက်အတွင်း ကျပ်ငွေရှားပါးမှုကို ဖြစ်ပေါ်စေကာ ဒေါ်လာဈေးကျဆင်းရသည့် အကြောင်းအချက်များအနက် တချက်ဖြစ်ကြောင်း အဆိုပါ စီးပွားရေးပညာရှင်က သုံးသပ်သည်။
Geen opmerkingen:
Een reactie posten