ရဲရင့် / ၀၈ စက်တင်ဘာ ၂၀၁၀
မြန်မာဘက်မှ ချစ်ကြည်ရေးတံတား အပါအ၀င် နယ်စပ်ဂိတ်များ အမြန်ဆုံး ပြန်ဖွင့်နိုင်ရေးအတွက် နှစ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်များသည် မကြာမီဆွေးနွေးမည်ဟု မဲဆောက်မြို့အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက ပြောကြားသည်။
၎င်းက “အခုပြုလုပ်မယ့်အစည်းအဝေးမှာ မြန်မာဘက်က နယ်စပ်ဂိတ်တွေ ပိတ်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး အမြန်ဆုံးပြန်ဖွင့်နိုင်ဖို့အတွက် အဓိကထား ဆွေးနွေးသွားမှာဖြစ်တယ်” ဟု ပြောသည်။
ယခုလ (၁၃)ရက်နေ့မှ (၁၇)ရက်နေ့အထိ မဲဆောက်တွင် နယ်ခြားကော်မတီအစည်းအဝေး ကျင်းပရန်ရှိကြောင်း၊ သို့သော် ထိုအစည်းအဝေးသို့ မြန်မာဘက်မှ ကိုယ်စားလှယ်များ တက်ရောက်နိုင်ခြင်း ရှိမရှိကိုမူ မသိရှိသေးကြောင်း ၎င်းက ပြောသည်။
အဆိုပါအစည်းအဝေးနှင့်ပတ်သက်၍ နေပြည်တော်စီမံကိန်းသို့ ဆောက်လုပ်ရေးနှင့် အိမ်အလှဆင်ပစ္စည်းများ တင်ပို့သည့် လုပ်ငန်းပိုင်ရှင်က “ဒီကိစ္စ ထိုင်းဘက်မှာ မူတည်ပါတယ်။ မြန်မာဘက်က လိုတာကို လိုက်လျှောလိုက်ရင် ဒီကိစ္စပြီးပြီပေါ့။ မြန်မာဘက်ကလည်း မဖြစ်နိုင်တာ မတောင်းပါဘူး” ဟု ပြောသည်။
ထိုင်းဘက်မှ နှစ်နိုင်ငံနယ်စပ်မျဉ်း သောင်းရင်းမြစ်တွင် ကမ်းထိန်းနံရံတည်ဆောက်ခဲ့သည်ကို ကန့်ကွက်သည့်အနေဖြင့် မြန်မာဘက်က ထိုင်းကုန်ပစ္စည်းတင်သွင်းမှုကို ပြီးခဲ့သည့်ဇူလိုင် (၁၁)ရက်မှ စတင်ကာ ပိတ်ပင်ခဲ့ပြီး ဇူလိုင် (၁၈) ရက်မှ စတင်ကာ လုံခြုံရေးအကြောင်းပြချက်ဖြင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြောရှိ ချစ်ကြည်ရေး တံတားအပါအ၀င် ဆက်စပ်ဂိတ် (၂၀)ခန့်ကို မြန်မာဘက်က ပိတ်ထားခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။
အဆိုပါဂိတ်များ ပိတ်လိုက်သောကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းကြောဖြစ်သည် မဲဆောက်-မြ၀တီလမ်းကြောမှ ကုန်သွယ်မှု ရပ်တန့်ခဲ့သည်။
ထိုင်းနိုင်ငံသည် မြ၀တီလမ်းကြောမှတဆင့် လစဉ်လူသုံးကုန်၊ စားသုံးကုန်နှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ လယ်ယာသုံးပစ္စည်းများနှင့် အခြားဆက်စပ်ပစ္စည်းများကို လစဉ် ဘတ်ငွေသန်း (၁,၀၀၀)ဖိုးခန့် မြန်မာဘက်သို့ တင်ပို့လျက်ရှိရာမှ ရပ်တန့်သွားခြင်းဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် မဲဆောက်-မြ၀တီလမ်းသည် ရန်ကုန်မြို့သို့ တရက်ခရီးသာ ရှိသောကြောင့် ကုန်ကျစရိတ်သက်သာပြီး ကုန်သွယ်မှုလွယ်ကူခြင်းကြောင့် အဆိုပါလမ်းကို အသုံးပြုကြခြင်းဖြစ်သည်ဟု ထိုင်းကုန်သည်များက ပြောသည်။
Geen opmerkingen:
Een reactie posten